All News Local News Peace

တရုတ်သမ္မတလာရောက်သည့် ၂ ရက်အတွင်း ရခိုင်တွင်တိုက်ပွဲဖြစ်သံမကြားရဟုဆို၊ ရွာသား ၄ ဦးကို တပ်က သတ်ဖြတ်ဟု AA စွပ်စွဲ

တရုတ်သမ္မတလာရောက်သည့် ၂ ရက်အတွင်း ရခိုင်တွင်တိုက်ပွဲဖြစ်သံမကြားရဟုဆို၊ ရွာသား ၄ ဦးကို တပ်က သတ်ဖြတ်ဟု AA စွပ်စွဲ

ရန်ကုန်၊ ဇန်နဝါရီ ၁၉

မြန်မာနိုင်ငံသို့ တရုတ်သမ္မတရှီကျင့်ပင် လာရောက်သည့် ၂ ရက်အတွင်းရခိုင်တွင် တိုက်ပွဲဖြစ်သံမကြားရကြောင်း ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောဆိုလိုက်သည်။

“ဇန်နဝါရီ ၁၇ ရက်နဲ့ ဇန်နဝါရီ ၁၈ ရက်မှာ တိုက်ပွဲဖြစ်သံမကြားရဘူး။ တရုတ်သမ္မတလာလို့ထင်ပါတယ်။ မင်းပြားမှာတော့ တိုက်ပွဲဖြစ်တာမရှိဘူး” ဟု မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောဆိုသည်။

မင်းပြားမြို့နယ်တွင် အလောင်းများ တွေ့ရှိနေရပြီး တချို့ကိုမူ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုချက်များရရှိထားကြောင်း မင်းပြားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောဆိုသည်။

ဇန်နဝါရီလ ၁၆ ရက်နေ့တွင် မင်းပြားမြို့နယ် မေလွမ်းကျေးရွာအုပ်စု အထက်ငှက်ပျောချောင်း ကျေးရွာမှ ဦးခက်မောင်၏ အလောင်းကို တွေ့ရှိရပြီး ဇန်နဝါရီ ၁၅ ရက်နေ့က မင်းပြားမြို့နယ် ၊ ဖားပြိုတောင်ခြေတွင် အလောင်း ၃ လောင်း တွေ့ရှိရကြောင်း ၎င်းက ဆိုသည်။

“အလောင်းတွေက ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာလည်း အတည်မပြုနိုင်ဘူး။ အဲဒီဘက်မှာ တပ်တွေလည်းရှိနေတော့ သွားလာဖို့က ခက်တယ်။ ဘယ်သူမှလည်း သွားမကြည့်နိုင်ကြဘူး။ အလောင်းကို တွေ့တဲ့သူက ဖုန်းဆက်ပြီး လှမ်းအကြောင်းကြားတာ” ဟု ဦးလှသိန်းအောင်က ဆိုသည်။

အလားတူ ၁၀ ရက်နီးပါး ပျောက်ဆုံးနေသည့် မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာမှ ကိုဇော်ဝင်းသိန်း၏ အလောင်းကို ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက်ပိုင်းက ဇောက်ချောင်းအုန်းတောထဲတွင် ပြန်လည်တေ့ွရှိရကြောင်း၊ သက်ဆိုင်ရာက သေမှုသေခင်းဖြင့် အမှုဖွင့်ထားမည်ဟု သိရှိထားကြောင်း ပြောဆိုသည်။

ရခိုင်တပ်မတော် AA ကမူ (ကမ်းနီရွာ၊ အထက်ငှက်ပျောချောင်းရွာ၊ စညှင်းရွာ) စသည့် ရွာ(၃) ရွာမှ ရွာသား(၄) ဦး၏အလောင်းအား မင်းပြားမြို့နယ်၊ ဖားပြို(ချင်း)ရွာအနီးတွင် တွေ့ရှိရပြီး ယင်းအလောင်းများကို မြန်မာ့တပ်မတော်က သတ်ဖြတ်ခြင်းဖြစ်သည်ဟု စွပ်စွဲထားသည်။

ရန်ကုန်ခေတ်သစ်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးနှင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံ ဆက်သွယ်မေးမြန်းသော်လည်း အဆက်အသွယ်မရရှိပေ။

သို့ရာတွင် ဗိုလ်မှူးကြီးဝင်းဇော်ဦးက AA နှင့် ရွာသားများသည် ခွဲခြားမရဘဲ ရောနှောနေကြောင်း၊ ရွာများသည် AA ကိုထောက်ခံအားပေးသည့် ရွာများရှိနေကြောင်း၊ ချောင်းမြောင်းပစ်ခတ်စဉ်က AA အဖွဲ့ဝင်ဖြစ်သော်လည်း လိုက်လံ ဖမ်းဆီးသောအခါ ရွာထဲသို့ ပြေးဝင်ပြီး ရွာသားများဖြစ်သွားကြကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ဖြေကြားဖူးသည်။

ဓာတ်ပုံ- မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာမှ ကိုဇော်ဝင်းသိန်း၏ အလောင်းကို ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ပြန်လည် တွေ့ရှိရသည်။ Photo Credit – အမ်းသားကြီး

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts