All News China Watch Local News Peace

တရုတ်သမ္မတပြန်သွားပြီးနောက် ရခိုင်တွင် AA နှင့် တပ်မတော် တိုက်ပွဲများ ပြန်လည်ဖြစ်ပွား

တရုတ်သမ္မတပြန်သွားပြီးနောက် ရခိုင်တွင် AA နှင့် တပ်မတော် တိုက်ပွဲများ ပြန်လည်ဖြစ်ပွား

ရန်ကုန်၊ ဇန်နဝါရီ ၂၀

တရုတ်သမ္မတရှီကျင့်ပင် မြန်မာနိုင်ငံသို့ လာရောက်သည့် ၂ ရက်တာ ကာလအတွင်း ရခိုင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမ ရှိခဲ့သော်လည်း တရုတ်သမ္မတ ပြန်သွားပြီးနောက် နောက်တစ်နေ့တွင်မူ AA နှင့်တပ်မတော်အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေကြောင်း AAက သတင်းထုတ်ပြန်သည်။

၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ(၁၇/၁၈) ရက်နေ့များတွင် မိမိတို့အဖို့ ရင်ဆိုင်တိုက်ပွဲများမရှိခဲ့သော်လည်းတပ်မတော်ဘက်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများရှိခဲ့ကြောင်း၊ဇန်နဝါရီလ(၁၇) ရက်တစ်ရက်တည်းတွင် လက်နက်ကြီး အကြိမ်အရေအတွက်(၄၀) ကျော်ပစ်ခတ်တိုက်ခိုက်ခဲ့သကဲသို့ ဇန်နဝါရီလ(၁၈) ရက်နေ့တွင်လည်း အကြိမ်(၅၀) ကျော်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ရသေ့တောင်မြို့နယ်၊ ညောင်ပင်လှကျေးရွာပတ်ဝန်းကျင်ဖက်တွင်လည်း မြန်မာ့တပ်မတော်ဘက်မှ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများရှိခဲ့ကြောင်း AA၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်သမ္မတသည် မြန်မာနိုင်ငံတွင် ဇန်နဝါရီလ ၁၇ ရက်နေ့ နှင့် ၁၈ ရက်နေ့ ၂ ရက်တာ နေထိုင်ခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီလ ၁၉ ရက်နေ့တွင်မူ ပလက်ဝတွင် နှစ်ဖက် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားကြောင်း သိရှိရသည်။

၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ(၁၉) ရက်နေ့၊ နံနက် (၁၁) နာရီ(၃၀) မိနစ်တွင် ပလက်ဝမြို့နယ်၊ ကြွေသောင်ရွာအနောက်ဘက် (၅.၂) ကီလိုမီတာအကွာအဝေးရှိတောင်တန်းအား ဂျက်တိုက်လေယာဉ်(၂) စီးဖြင့် (၁) နာရီကျော်ကြာ(၈- ကြိမ်) ဗုံး၊ရော့ကတ်များဖြင့်လာရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့အတူ Drone ပေါ်မှလည်း ဗုံးကြဲတိုက်ခိုက်မှုများ၊ နှုန်းဘူးဗျူဟာ နှင့် ခလရ (၂၈၉) ၊ ခမရ(၂၁၆) တပ်ရင်းများမှလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်း၊ အတွဲလိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများရှိခဲ့ကြောင်း၊ ယင်းနောက် ပလက်ဝမြို့နယ်ရှိမိမိတို့၏ ပွိုင့် (၉၀၄) တောင်ကုန်းအားနေ့လည်(၁) နာရီအချိန်မှစတင်၌လက်နက်ကြီးပစ်ကူများဖြင့် မြေပြင်မှထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကာ ထို့နောက်နေ့လည်(၃) နာရီအချိန်တွင်နောက်ထပ်တစ်ကြိမ်ထပ်မံ၍အင်အားအလုံးအရင်းဖြင့်ဒုတိယအကြိမ်ထပ်မံထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါ တိုက်ပွဲတွင် တပ်မတော်ဘက်မှ ကျဆုံးဒဏ်ရာရ တချို့ရှိခဲ့ပြီး AAဘက်မှလည်း ဒဏ်ရာရသူများရှိခဲ့ကြောင်း၊ ဇန်နဝါရီ(၁၉) ရက်အတွင်းမြန်မာ့တပ်မတော်က လက်နက်ကြီးအကြိမ်အရေအတွက်(၁၀၀) ကျော်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း AA၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို ဆက်သွယ်သော်လည်းဖုန်းလက်ခံ ဖြေဆိုခြင်းမရှိပေ။

Photo -Reuters

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts