All News China Watch Local News Peace

တရုတ်သမ္မတခရီးစဉ်ကာလ ရခိုင်တွင် တိုက်ပွဲမဖြစ်ပွားရေးတပ်မတော် ၏ ထိုးစစ်အပေါ်မူတည်ဟုဆို

တရုတ်သမ္မတခရီးစဉ်ကာလ ရခိုင်တွင် တိုက်ပွဲမဖြစ်ပွားရေးမှာ တပ်မတော်၏ ထိုးစစ်အပေါ်မူတည်ဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၁၄

မြန်မာနိုင်ငံသို့ ဇန်နဝါရီလ ၁၇ ရက်နေ့နှင့် ၁၈ ရက်နေ့တွင် လာရောက်မည့် တရုတ်သမ္မတရှီကျင့်ပင်၏ ခရီးစဉ်ကာလအတွင်း ရခိုင်ပြည်နယ်တွင် တိုက်ပွဲ မဖြစ်ပွားရေးမှာ တပ်မတော်၏ ထိုးစစ်အပေါ်တွင်သာ မူတည်နေကြောင်း AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

တရုတ်သမ္မတ မြန်မာနိုင်ငံသို့ မလာရောက်မီ တရုတ်နိုင်ငံ၏ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စာ ဆွန်းဂေါ်ရှန်းသည် ဇန်နဝါရီလ ၁၀ ရက်နေ့က ကချင်ပြည်နယ်၊ KIA ဌာနချုပ် လိုင်ဇာသို့ လာရောက်ခဲ့ပြီး KIA ၊ AA အပါအဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့များနှင့်တွေ့ဆုံခဲ့သည်။

“ဒီလိုင်ဇာမှာ ကျနော်တို့ ခေါင်းဆောင်တွေနဲ့ တရုတ်နိုင်ငံရဲ့ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ ဆွန်းဂေါ်ရှန်းနဲ့ တွေ့တဲ့အချိန်မှာ အထူးသဖြင့်တော့ သူ့ဘက်က တိုက်တွန်းတာက အပစ်အခတ်တွေကို လျှော့ချပြီးတော့မှ ဒီတစ်ဖက်နဲ့ တစ်ဖက် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ငြိမ်းချမ်းရေး စကားဝိုင်းမှာ ဆွေးနွေးကြဖို့ ပေါ့နော်။ အဲဒီဥစ္စာကို တိုက်တွန်းသွားတာရှိတယ်။ နောက်ပြီး သူတို့ တရုတ်နိုင်ငံအနေနဲ့ကလည်း ဒီ မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အကောင်းအဆုံး အကူအညီပေးသွားမယ်ဆိုတာ ပြောသွားတာတော့ရှိတယ်”ဟု AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

လတ်တလော တရုတ်သမ္မတ၏ ၂ ရက်တာ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်တွင် တိုက်ပွဲများမဖြစ်ပွားစေရန်မှာ မြန်မာ့တပ်မတော်၏ ထိုးစစ်ဆင်မှုအပေါ်တွင်သာ မူတည်ကြောင်း၊ မြန်မာ့တပ်မတော်၏ ထိုးစစ်မရပ်ပါက တိုက်ပွဲများ ရပ်တန့်ရန် မလွယ်ကူကြောင်း ခိုင်သုခက ပြောဆိုသည်။

“အခုလက်ရှိ ရခိုင်ပြည်တွင်း ပြည်တွင်းထဲမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကတော့ ကျနော်တို့ဘက်ကတော့ သွားပြီး ထိုးစစ်ဆင်နေလို့ ဖြစ်နေတာမဟုတ်ဘူး။ မြန်မာစစ်တပ်ဘက်က လာပြီးတော့ ကျနော်တို့ ရှိနေတဲ့ နေရာတွေကို ထိုးစစ်ဆင်နေလို့ တိုက်ပွဲကဖြစ်နေတာ။ တိုက်ပွဲ ရပ်မလား၊ မရပ်ဘူးလားဆိုတာက မြန်မာစစ်တပ်ဘက်က ထိုးစစ်တွေကို ရပ်မလား၊ မရပ်ဘူးလားဆိုတာနဲ့ အများကြီးဆိုင်တာပေါ့” ဟု ခိုင်သုခက ပြောဆိုသည်။

AA နှင့် မြန်မာ့တပ်မတော်တို့ တစ်လျှောက်လုံး တိုက်ပွဲများဖြစ်ပွားနေသော်လည်း ယမန်နေ့ ဇန်နဝါရီလ ၁၃ ရက်နေ့က တိုက်ပွဲများဖြစ်ပွားခြင်းမရှိဟု AA က ထုတ်ပြန်သည်။

၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် မိမိတို့အဖို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း မရှိဘဲ မြန်မာ့တပ်မတော်၏ ရသေ့တောင်အခြေစိုက် ခမရ (၅၃၇) နှင့် မြန်မာ့တပ်မတော် အခြေစိုက်ထားသော ရသေ့တောင်မြို့နယ်၊ ညောင်ပင်လှကျေးရွာအတွင်းနှင့် ဘူးသီးတောင်မြို့နယ်၊ ထိပ်တူးပေါက်ကျေးရွာအထက် လက်နက်ကြီးကုန်းမှနေ၍ ၁၂၀ မမ ၊ ၆၀ မမ များဖြင့် နံနက် (၁၁) နာရီ (၄၉) မိနစ်မှ ညနေ (၃) နာရီအထိ လက်နက်ကြီးအကြိမ်အရေအတွက် ၂၈ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ဤသို့ပစ်ခတ်တိုက်ခိုက်မှှုကြောင့် မိမိတို့စစ်သည်တော်အချို့ ထိခိုက်ဒဏ်ရာရမှု၊ ကျဆုံးမှုအချို့ရှိခဲ့ကြောင်း၊ မြန်မာ့တပ်မတော်မှ လက်နက်ကြီးများကို မနက်ဖြန် ထပ်မံပစ်ခတ်တိုက်ခိုက်နေမည်ဆိုပါက မိမိတို့အနေဖြင့် မြန်မာ့တပ်မတော်၏လက်နက်ကြီးများပစ်ခတ်တိုက်ခိုက်နေသည့်မည်သည့်နေရာကိုမဆို အခြေအနေ၏လိုအပ်ချက်အရတိုက်ခိုက်သွားမည်ဖြစ်ကြောင်း AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓာတ်ပုံ- လိုင်ဇာတွင် တရုတ်အထူးကိုယ်စားလှယ် မစ္စတာ ဆွန်းဂေါ်ရှန်းနှင့် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ တွေ့ဆုံစဉ်။ Photo Credit – Kachin Net

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com