All News China Watch interview Peace

“တရုတ်ရေနံပိုက်လိုင်းကြောင့် ရခိုင်တစ်ပြည်လုံးက အလုပ်သမားဆိုရင် အမှိုက်လှဲက အစ လူ၂ဝ ဝန်းကျင်အလုပ်ရတယ်။ ရေနံတင်သင်္ဘောတွေကြောင့် ရေလုပ်ငန်းတွေ ပျက်စီးပြီး ဒေသခံအားလုံး ဘဝတွေ ပျက်ကုန်တယ်”

“တရုတ်ရေနံပိုက်လိုင်းကြောင့် ရခိုင်တစ်ပြည်လုံးက အလုပ်သမားဆိုရင် အမှိုက်လှဲက အစ လူ၂ဝ ဝန်းကျင်အလုပ်ရတယ်။ ရေနံတင်သင်္ဘောတွေကြောင့် ရေလုပ်ငန်းတွေ ပျက်စီးပြီး ဒေသခံအားလုံး ဘဝတွေ ပျက်ကုန်တယ်”

By မိုးယံခ/ ရန်ကုန်ခေတ်သစ်

ကျောက်ဖြူကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်း (Kyaukphyu Rural Development Association KRDA)မှ ကိုထွန်းကြည်နှင့်ဆက်သွယ်မေးမြန်းချက်

မြန်မာနိုင်ငံသို့ ဇန်နဝါရီ ၁၇ ရက်နေ့မှ ၁၈ ရက်နေ့ အထိ လာရောက်လည်ပတ်သော တရုတ်သမ္မတ ရှီကျင့်ပင်သည် ၎င်း၏ ခရီးစဉ်အတွင်း ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းနှင့် အခြားသော ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများအတွက် လက်မှတ်ရေးထိုးရန်ရှိနေသည်။ ကျောက်ဖြူဒေသတွင် တရုတ်များ ဝင်ရောက်လာမှုကြောင့် လတ်တလော ဒေသခံများမှာ အလုပ်အကိုင်များ ပျောက်ဆုံးလျက်ရှိနေသည်။ အဆိုပါ အခြေအနေများနှင့်ပတ်သက်ပြီး ကျောက်ဖြူကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်း (Kyaukphyu Rural Development Association KRDA)မှ ကိုထွန်းကြည်ကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ တရုတ်သမ္မတ ရှီကျင့်ဖျင် ခရီးစဉ်မှာ ကျောက်ဖြုစီမံကိန်းကို လက်မှတ်ရေးထိုးလိုက်မယ်ဆိုရင် အကျိုးဆက်တွေက ဘာတွေဖြစ်လာနိုင်မလဲ။

ဖြေ။ ။ လက်ရှိချိန်ထိ ကျောက်ဖြူမှာလည်း ရင်းနှီးမြုပ်နှံမှုတွေရှိနေတယ်ပေါ့လေ။ ဒါပေမယ့် ဒေသခံတွေအတွက် အကျိုးခံစားခွင့် မရှိဘူး။ နောက်တစ်ချက်က မြန်မာနိုင်ငံရဲ့ ပြည်တွင်းပြဿနာပေါ့။ မြန်မာနိုင်ငံမှာ တိုင်းရင်းသား ပြည်သူလူထုလိုချင်နေတဲ့ ဖက်ဒရယ် ပြည်ထောင်စု မတည်ဆောက်နိုင်သေးဘူး။ နောက်တစ်ချက်က ကျွန်တော်တို့ ရခိုင်ဒေသဆိုရင်လည်း ရခိုင်ဒေသမှာ သယံဇာတတွေ အများကြီးထွက်ပေမယ့်လည်း စီမံကိန်းတွေအများကြီးရှိပေမယ့်လည်း ရခိုင်ပြည်သူ လူထုရဲ့အကျိုးခံစားပိုင်ခွင့် တိုက်ရိုက်အကျိုးခံစားပိုင်ခွင့်နဲ့ စောင့်ရှောက်ပိုင်ခွင့် စီမံခန့်ခွဲပိုင်ခွင့်မှာ ပါဝင်ခွင့်တော့မရှိဘူးပေါ့နော်။

ရစရှိတာတွေ အကုန်လုံးဝကျတော့ ပြည်ထောင်စုကပဲကိုင်တွယ်ဖြေရှင်းတယ်။ ပြီးတော့ အောက်ခြေမှာ တစ်ခုခုစီမံကိန်းကြောင့် ဖြစ်လာတဲ့ထိခိုက်မှုတွေ နစ်နာမှုတွေကျတော့ ပြည်ထောင်စုက တိုက်ရိုက်ဖြေရှင်းတာပဲ တွေ့ရတယ်။ အဲတာကြောင့် ကျွန်တော်တို့က မြန်မာနိုင်ငံရဲ့ မပြီးပြတ်သေးတဲ့ ပြည်တွင်းစစ်အဆုံးသတ်ရေး ငြိမ်းချမ်းရေး ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြီးတော့ ဖက်ဒရယ်ပြည်ထောင်စု မတည်ဆောင်ခင်ကာလမှာ ဒီစီမံကိန်းတွေကို တည်ဆောက်လိုက်ခြင်းအားဖြင့် ကျွန်တော်တို့ ဒေသတွင်း ပဋိပက္ခတွေကိုပဲ ထပ်ပြီးတော့ တိုးလာဖို့ပဲ သုံးသပ်မိတယ်ပေါ့။

မေး။ ။ ကျောက်ဖြူမြို့နယ် အမ်းမြို့နယ်ကြားမှာရှိတဲ့ တရုတ်နိုင်ငံ ယူနမ်ပြည်နဲ့ ဆက်သွယ်ထားတဲ့ ဂစ်ပိုက်လိုင်းနဲ့ ရေနံပိုက်လိုင်း ရင်းနှီးမြုပ်နှံမှုကြောင့် လက်ရှိအခြေအနေမှာ ဘာတွေဖြစ်နေလဲ။

ဖြေ။ ။ အဓိကကတော့ ကျောက်ဖြူနဲ့ အမ်းမြို့နယ်မှာရှိတဲ့ ဒီစီမံကိန်းကြောင့် လက်ရှိချိန်ထိ အမ်းမြို့နယ်မှာ မရှင်းရသေးတဲ့ မြေယာပြဿနာတွေအများကြီးရှိတယ်။ ဒါကလည်း အမ်းမြို့နယ်က အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ဌာနဆိုင်ရာတွေပေါင်းပြီးတော့ ၂ဝ၁၅ကနေတောက်လျှောက် ၂ဝ၁၇လောက်ထိ အစိုးရဘက်ကနေ တိုင်းတာမှုတွေလုပ်ခဲ့တယ်။

ဒါပေမယ့် အဲပြီးတဲ့နောက်ပိုင်းမှာ ဒီအစိုးရဖက်ကကော ကုမ္ပဏီဖက်ကကော ဒေသခံတွေအတွက် တကယ်လိုအပ်တဲ့ လျော်ကြေးတွေကို နစ်နာကြေးတွေကော ဘာမှမပေးဘဲနဲ့ ဒီတိုင်းပဲ မသိကျိုးကျွန်ပြုနေတဲ့ ပြဿနာတွေအများကြီးရှိနေတယ်။ ကျောက်ဖြူမှာလည်း အဲတိုင်းပဲပေါ့။ ကျွန်တော်တို့ ဒေသခံတွေနဲ့ သဘောတူညှိယူမှုလည်းမရှိဘူး။ ပြည်ထောင်စုရဲ့ ဆုံးဖြတ်ချက်ပေါ်မှာပဲ အခြေပြုပြီးတော့ ဒေသခံတွေက မဖြစ်မနေ လိုက်နာရတဲ့ ပုံစံမျိုး ဖြစ်နေတာမျိုးတွေရှိတယ်။

မေး။ ။ ဒီပိုက်လိုင်း စီမံကိန်းတွေကြောင့် ဒေသခံပြည်သူတွေကော အလုပ်အကိုင်ရကျလား။ ဘယ်လိုအခြေအနေရှိလဲ။

ဖြေ။ ။ အလုပ်အကိုင်မရဘူးဗျ။ မရဘူးဆိုတာကလေ ဒီမှာဝင်ရောက်ဖို့ကလည်း ဒေသခံတွေမှာ အဲလောက်ကျွမ်းကျင်တဲ့ ပညာရှင်တွေမရှိဘူး။ အများစုက ဒီပိုက်လိုင်းတွေမှာ လုပ်နေတဲ့သူတွေက တကယ့်ကိုပညာရှင်တွေပဲ လိုအပ်တဲ့အခါကျတော့ ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်း ဘာမှမရှိဘူးလို့ပြောလို့ရတယ်။ ဒီလုပ်ငန်းခွင်တစ်ခုလုံးမှာမှ တရုတ်ရေနံပိုက်လိုင်းစီမံကိန်းကြောင့် ရခိုင်တစ်ပြည်လုံးက အလုပ်သမားဆို အမှိုက်လှဲက အစ လူ၂ဝ ဝန်းကျင်အလုပ်ရတယ်။

မေး။ ။ ဒီပိုက်လိုင်း လုပ်ငန်းတွေကြောင့် ဒေသခံပြည်သူတွေက အလုပ်အကိုင်အခွင့်အလမ်းတွေရှားပါလာတယ်ဆိုတော့ ဘယ်လိုအခြေအနေရှိပါသလဲ။

ဖြေ။ ။ အဲတာကတော့ အခုဆိုရင် ကျွန်တော်တို့ဒီမှာ ရေနံတင်လမ်းကြောင်း သတ်မှတ်လိုက်တယ်။ ကျောက်ဖြူ ကနေသွားတဲ့ နိုင်ငံတကာရေလမ်းကြောင်းပေါ့။ ရေနံတင်လမ်းကြောင်း သတ်မှတ်လိုက်တော့ အဲမှာ ဘောတွေချလိုက်တယ်။ အဲလိုချလိုက်တဲ့အခါကျတော့ အဲနေရာမှာ ပိုက်ချနေတဲ့ ကျွန်တော်တို့ ပိုက်နှစ်မျိုးရှိတယ်ဗျာ။ အပြင်ပိုက်တစ်မျိုးရှိတယ်။ အရှင်ပိုက်တစ်မျိုးရှိတယ်။ အရှင်ပိုက်လုပ်တဲ့သူတွေက အဲမှာ ၄ဝဝကျော်လောက်ရှိတယ်။ အပြင်ပိုက်သမားက ထောင်ချီရှိတယ်ပေါ့။ အခုဆိုရင် ကျွန်တော်တို့ အရှင်ပိုက်လို့ခေါ်တဲ့ ငလည်းခွာပိုက်လို့ခေါ်တယ်ပေါ့။ ဒီမှာတော့ ငလည်းခွာဆိုရင် အရမ်းဈေးကောင်းတယ်ပေါ့။ အဲလိုငါးမျိုးစိတ်တွေက မတွေ့တော့ဘူး။ နောက်တစ်ချက်ကကျတော့ ရေနံတင်သင်္ဘောက အမြဲတမ်းဝင်ထွက်နေတာဖြစ်တဲ့အတွက် အဲရေလမ်းကြောင်းမှာ ပိုက်ချလို့မရဘူး။

ဆိုတော့ အဲကလူတွေက ကျွန်တော်တို့ တရုတ်ကိုထွက်တဲ့သူနဲ့ မလေးရှားဘက်ကို အလုပ်ထွက်လုပ်တဲ့သူက တော်တော်လေးများနေပြီ ဆိုတော့ ကျွန်တော်တို့ ထပ်ပြီးတော့ အခုလာမယ့် စီမံကိန်းကို တည်ဆောက်မယ်ဆိုရင် အဲမှာရှိတဲ့ ရေလုပ်သားတွေရဲ့ လုပ်ငန်းခွင်တွေ အများကြီးပျက်စီးသွားလိမ့်မယ်။ ပျက်စီးသွားရင် အဲလူတွေက အဲမှာလည်း အလုပ်ကိုင်အခွင့်အလမ်း မရှိတဲ့အတွက် သူတို့ကနောက်ထပ်နေရပ်ခွန့်ခွာတဲ့သူတွေပဲထပ်ဖြစ်သွားမှာပဲ အဲဒါကြောင့်မို့ ကျွန်တော်တို့က ဒီဒေသတွင်းမှာရှိနေတဲ့ သူတွေရဲ့ စားဝတ်နေရေး အလုပ်အကိုင်အခွင့်အလမ်းကို အာမခံတဲ့ စီမံကိန်းမျိုးဖြစ်ဖို့ လိုတယ်ဆိုတဲ့ဟာကို ကျွန်တော်တို့ထောက်ပြနေတာပေါ့။ ရေလုပ်ငန်းမှာ ရေလုပ်ငန်းကို လုပ်ကိုင်တဲ့သူတွေဆိုရင် အမျိုးသမီးကော အမျိုးသားကော ဒီလုပ်ငန်းတစ်ခုကိုပဲ ဦးတည်ပြီးတော့ လုပ်ကျရတယ်ပေါ့။ ရေနံတင်သင်္ဘောတွေကြောင့် ရေလုပ်ငန်းတွေ ပျက်စီးပြီး ဒေသခံအားလုံး ဘဝတွေ ပျက်ကုန်တယ်။

ဒီလုပ်ငန်းပေါ်မှာပဲ ကျွန်တော်တို့ လင်မယားနှစ်ယောက်လုံး မိသားစုတစ်ခုလုံးက အဲထဲမှာပဲ လုပ်ကိုင်စားသောက်ကျရတယ်။ သူတို့က ကြီးကြီးမားမား ပိုက်ဆံမရပေမယ့် ကျွန်တော်တို့ ဒီနှစ်လုပ်ထားတဲ့ သုတေသနတွေအရဆိုရင်တော့ တစ်လကိုအနည်းဆုံး သုံးသိန်းဝန်းကျင်လောက်ဝင်ကျ တယ်ပေါ့။

မိသားစုတစ်စုကို နောက်တစ်ချက်က သူတို့က ငါးဆိုတာ ဝယ်စားစရာမလိုတော့ဘူးလေ။ ဥပမာ ငါးတစ်ဆယ်သားကို ၈ဝဝ၊ ၁ဝဝဝ နဲ့ဝယ်စားနေရတဲ့သူတွေထက်စာရင် သူတို့က ငါးဖိုးလုံးဝ သက်သာသွားတယ်။ သူတို့က တစ်လကို သုံးသိန်းလောက် အသာတင်ဝင်ငွေရကျတယ်ပေါ့။ အခုတော့ မဝင်တော့ဘူးပြောတာပဲ ဒီနှစ်ကစပြီးတော်တော်လေး အခက်အခဲဖြစ်သွားတယ်ပြောတယ်။ ငါးချတယ်ဆိုရင် ထက်ဝက်လောက်တောင်မရဘူးလို့ပြောကျတယ်။ သူတို့ပိုက်လုပ်ငန်းကိုစွန့်ခွာလာကျတယ်။ မြို့ထဲမှာ နေတဲ့သူတွေက ပိုက်လုပ်ငန်းကို စွန့်လွှတ်ပြီးတော့ ဆိုက်ကားနင်းတဲ့အလုပ်တွေပေါ့။ လုပ်လာကြတာတွေ့ရတယ်။

မေး။ ။ ကျောက်ဖြူစီမံကိန်းကြောင့် ပြည်သူတွေ ဘယ်လိုဆိုးကျိုးတွေခံစားလာရနိုင်မလဲ။

ဖြေ။ ။ ကျွန်တော်တို့မှာ ဒီစီမံကိန်းကြောင့် ဘာအကျိုးခံစားပိုင်ခွင့်မှမရှိဘူး။ မရှိတဲ့အပြင်မှာ အခုဆိုရင် နဂိုမိရိုးဖလား လုပ်ကိုင်လာတဲ့ ရေလုပ်ငန်းတွေအကုန်လုံး ပျက်စီးရတယ်။ အဲဒီပြဿနာပဲရှိနေသေးတယ်။

မေး။ ။ ကိုဖီအာနန် အစီရင်ခံစာမှာ ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး မဟာဗျူဟာမြောက်တဲ့ ပတ်ဝန်းကျင် ဆိုင်ရာလေ့လာစမ်းစစ်မှုတွေ မပြုလုပ်ဖို့အကြံပေးထားတာရှိတယ်ဆိုတော့ အဲလေ့လာမှုတွေမရှိခဲ့ရင် ဘာတွေဖြစ်လာနိုင်မလဲ။

ဖြေ။ ။ ကိုဖီအာနန် အကြံပြုချက်ကို လက်ရှိအစိုးရအကောင်အထည်ဖော်တာ အရမ်းနည်းပါတယ်။ ဘာမှမရှိသလောက်ပါပဲ။ အပေါ်မှာ ကျွန်တော်ပြောတဲ့အချက်တွေကို စီစနစ်ကျကျမလုပ်ဘူးဆိုရင် ဒေသတွင်း ပဋိပက္ခတွေတိုးပွားလာနိုင်တယ်။ ဒေသခံတွေရဲ့ စားဝတ်နေရေးတွေအများကြီးထိခိုက်လာမယ်။ ဒေသခံတွေ နေရပ်စွန့်ခွာတဲ့သူတွေများလာမယ်။ တရုတ်ရဲ့ စည်းမဲ့ကမ်းမဲ့ လုပ်ရပ်တွေပေါ့။ တရုတ်ဆိုတာ စည်းကမ်းကြီးတဲ့ လူမျိုးမဟုတ်ဘူး။ အခုဆိုရင် တရုတ်လူမျိုးဆိုရင် ပြည်နယ်ရဲ့ ဌာနဆိုင်ရာ ကိုယ်တိုင်က ကြောက်တယ်ဆိုတဲ့ ပုံစံမျိုးတွေတွေ့နေရတယ်လေ။ အဲတာတွေက သိပ်တော့မဟုတ်သေးဘူး။ ကျွန်တော်တို့စဉ်းစားတာက အဲတာကြောင့်မို့လို့ ကျွန်တော်တို့နိုင်ငံမှာ ကျွန်တော်တို့ရဲ့ စည်းလုံးညီညွတ်မှုနဲ့ ကျွန်တော်တို့လိုချင်တဲ့ နိုင်ငံပုံစံကို အရင်တည်ဆောက်ပြီးမှ ဒီစီမံကိန်းတွေကို ဆက်ပြီးတော့သွားသင့်တယ်။

မေး။ ။ ကျောက်ဖြူစီမံကိန်းက ဒေသခံအတွက် ဘာတွေဖွံ့ဖြိုးတိုးတက်မှုတွေဖြစ်လာနိုင်မလဲ။

ဖြေ။ ။ ဒီစီမံကိန်းက ဘာဖွံ့ဖြိုးတိုးတက်မှုမှရှိလာနိုင်မှာမဟုတ်ဘူး။ အဓိကက အလုပ်အကိုင်အခွင့်အလမ်းပေါ့။ ဘာအလုပ်အကိုင်အခွင့်အလမ်းမှလည်း ဖွံ့ဖြိုးတိုးတက်ဖို့ မရှိလာနိုင်ဘူး။ ကျွန်တော်တို့မှာ အဲမှာအလုပ်လုပ်နိုင်မယ့် ပညာမရှိဘူး။ နည်းပညာမရှိတာနဲ့တင် အလုပ်သမားက မခေါ်တော့ဘူးလေ။ အဲမှာ ရေထဲမှာ ဆိပ်ကမ်းတွေဆောက်မယ်။ အဲမှာ အင်ဂျင်နီယာတွေအများကြီးလိုလာမယ်။ တကယ့်ကို ဝရိန်ဆော်တာနဲ့ ကျွမ်းကျင်တာတွေ တခြားဟာတွေနဲ့ ကျွမ်းကျင်တာတွေ အင်ဂျင်နီယာတွေလိုအပ်လာမယ်။ အလုပ်ကြီးကြီးမားမားလုပ်နိုင်တဲ့ ကျောက်ဖြူမှာ မတွေ့သေးပါဘူး။ အလုပ်ရလည်း တစ်ယောက်နှစ်ယောက်ပေါ့။ အဲထပ်မပိုပါဘူး။

မေး။ ။ ကျောက်ဖြူမြို့နယ်ထဲမှာ ဒီရေတောနဲ့ မြေယာအသိမ်းခံရတဲ့ အခြေအနေတွေက ဘယ်လိုအခြေအနေတွေ ဖြစ်နေလို့လဲ။

ဖြေ။ ။ အဓိကကတော့ တရုတ်ကျောထာက်နောက်ခံပေါ့။ တရုတ်အစိုးရတော့ မဟုတ်ဘူး။ တရုတ်နဲ့ နီးစပ်တဲ့သူတွေ ဒီစီမံကိန်း ပရောဂျက်နဲ့ပတ်သက်ပြီး သတင်းအချက်အလက် စောစောရတဲ့သူတွေပေါ့။ အဲလိုလူတွေက ဒီမှာဝယ်ထားတာ အများကြီးရှိတယ်။ မြေယာတွေအများကြီးကို သူတို့ဝယ်နေကျတာအများကြီးရှိတယ်။ သူတို့က ဘာလုပ်မယ်ဆိုတာကိုလည်း တိတိကျကျမသိဘူးပေါ့။

ကျွန်တော်တို့ဆီမှာ ဒီရေတောတွေဆိုရင် အများပိုင်ပုံစံနဲ့ပဲ ထိန်းသိမ်းခဲ့ကျတာကို ဒီရေတောတွေက ဘယ်သူပိုင်တယ်ဆိုတဲ့ ပုံစံမျိုးလုပ်လို့မရဘူး။ ဒါပေမယ့် ဒီဖက် ကျောက်ဖြူစီမံကိန်း တည်ဆောက်မယ်လို့ကြားလိုက်တဲ့ ၂ဝ၁၅ နောက်ပိုင်းကိုရောက်တဲ့အခါမှာ ဒီရေတောတွေဝယ်တာ ရောင်းတာကို အာဏာပိုင်တွေက လိုက်ပြီးတော့ကူညီပေးတာမျိုး ကျွန်တော်တို့တွေ့နေရတယ်ပေါ့။

ဒီလိုသာ ကျွန်တော်တို့ ဒီရေတောတွေကို အကုန်သာ ဖျက်စီးလိုက်မယ်ဆိုရင် သဘာဝဘေးအန္တရာယ်ကို ဘယ်လိုကာကွယ်ကျမလဲ။ ရခိုင်ကကမ်းမြောင်ဒေသလေ သဘာဝဘေးအန္တရာယ်က အချိန်ပြည့်ဝင်လာနိုင်တယ်။ ဒီရေတောတွေကို ဆက်ပြီးတော့ မြေဖို့တာတွေဘာတွေဆက်ပြီးတော့ လုပ်နေမယ်ဆိုရင် ကျွန်တော်တို့ဒေသရဲ့ နေ့စဉ်လုပ်နေတဲ့ ငါးရှာတဲ့လုပ်ငန်းတွေလည်း အကုန်ပျက်စီးသွားမယ်။

နောက်သဘာဝဘေးအန္တရာယ်တွေလည်း မြန်မြန်ကျရောက်စေနိုင်မယ်။ အဲတာကိုအစိုးရအနေနဲ့ မဖြစ်မနေပြန်လည် စီစစ်ရမယ့် ကိစ္စဖြစ်တယ်။ ဘာလို့ဆိုတော့ ဒီရေတောတွေက တကယ်တော့ အစိုးရစီမံကိန်းမှာပါတယ်ဆိုရင် အစိုးရအနေနဲ့ နောက်ထပ် ဒီရေတောတွေကို နောက်ထပ်စိုက်ပေးရမယ်။ အခုကကျတော့ ငွေကြေးချမ်းသာသူတွေက ဒီရေတောတွေအကုန်လုံးဖျက်ပြီးတော့ သူတို့လုပ်ချင်တာ လျှောက်လုပ်နေတဲ့အခါကျတော့ ဒါကဒီနိုင်ငံမှာ တကယ် ဥပဒေရှိနေပြီလား။ သဘာဝဘေးအန္တရာယ်အတွက် အစိုးရအနေနဲ့ ဘယ်လိုပြင်ဆင်ထားလည်း ဆိုတဲ့ဟာကတော်တော်လေး ဆွေးနွေးရမယ့် ကိစ္စဖြစ်တယ်။ ဒီကိစ္စက အစိုးရအနေနဲ့ မဖြစ်မနေလုပ်ဆောင်ရမယ့် ကိစ္စဖြစ်တယ်။

မေး။ ။ တရုတ်သမ္မတ ခရီးစဉ်မှာ ရခိုင်ပြည်နယ်အနာဂတ်က ဘယ်လိုပုံပေါ်နေလဲ။

ဖြေ။ ။ ရခိုင်ပြည်နယ် အနာဂတ်က တရုတ်သမ္မတနဲ့ တိုက်ရိုက်တော့ မဆက်စပ်ဘူး။ ပြည်ထောင်စု အစိုးရနဲ့ပဲ တိုက်ရိုက်သက်ဆိုင်တယ်။ ပြည်ထောင်စု အစိုးရကလည်း ရခိုင်ပြည်နယ်ရဲ့ ဒီနေ့ထိ စစ်ဖြစ်နေတာဆိုရင် ၂ဝ၁၅ နောက်ပိုင်း တဖြေးဖြေးနဲ့ စစ်ပွဲတွေများလာတယ်။ ပြီးရင် ၂ဝ၁၆ ၂ဝ၁၇ ၂ဝ၁၈ဆိုရင် ကျွန်တော်တို့ တစ်နှစ်လုံးတောက်လျှောက်ဖြစ်တယ်။ ကျွန်တော်တို့ ၂ဝ၁၉ ကျွန်တော်တို့ ဒီနှစ်ထိနားရက်မရှိဘဲ ဖြစ်နေတယ်။ ဒါပေမယ့် ဒီနေ့ချိန်ထိ ပြည်ထောင်စုအစိုးရက ရခိုင်ပြည်သူတွေအများကြီးသေနေကျတယ်။ မတရားဖမ်းဆီးခံရတာတွေရှိတယ်။ သံသယနဲ့ ဖမ်းဆီးခံရတာတွေရှိတယ်။

အဲတာတွေအတွက် ဒီနေ့ထိ ကျွန်တော်ထင်တယ်။ ပြည်ထောင်စုအစိုးရက ဘာမှ ထုတ်ပြန်တာမတွေ့ဘူး။ ဒုသမ္မတလာရောက်တာမျိုး ဘာမှကျွန်တော်တို့မတွေ့ရဘူး။ ဒါကကျွန်တော်ထင်တယ် ပြည်တွင်းစစ်လို့တောင် ဖြစ်မနေတော့ဘူး။ ဒါကတော်တော်လေး ပြည်ထောင်စုဆိုတဲ့ အနှစ်သာရကိုကျွန်တော်တို့ရခိုင်သားတွေ ပြည်ထောင်စုနဲ့ အလှမ်းဝေးလာရတယ်ဆိုတာလည်း ပြည်ထောင်စုပိုင်ရှင်တွေ ကိုယ်နှက်က ကျွန်တော်တို့ပေါ်မှာ အလေးထားစဉ်းစားတာမျိုးကိုမတွေ့ရဘူး။ ဒါတရုတ်သမ္မတနဲ့ မဆိုင်ဘူး။ ဒါပြည်တွင်းရေးပဲ။

မေး။ ။ ဘာများဖြည့်စွက်ပြောချင်တာရှိလဲ။

ဖြေ။ ။ လက်ရှိကာလမှာ မြန်မာနိုင်ငံအစိုးရအနေနဲ့ မြန်မာနိုင်ငံပြည်တွင်းစစ်ကို အဆုံးသတ်သင့်တယ်။ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားတစ်ရပ်လုံးလိုချင်နေတဲ့ ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ပြီးတော့ ကျွန်တော်တို့ တန်းတူအခွင့်အရေးကို အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုမူကို ကျွန်တော်တို့သွားသင့်တယ်။ ပြီးမှ စီမံကိန်းကို ဘယ်နိုင်ငံနဲ့ လုပ်မလည်းဆိုတဲ့ဟာကို ပြည်နယ်မှာရှိတဲ့သူတွေကော ပြည်နယ်မှာရှိတဲ့အစိုးရတွေကော ပြည်နယ်လူထုပေါ်မှာ အခြေခံပြီးတော့မှ အားသာချက်အားနည်းချက်တွေကို အခြေခံပြီးတော့ လက်မှတ်ရေးထိုးသင့်တယ်လို့ ကျွန်တော့်အနေနဲ့မြင်တယ်။ အခုချိန်မှာ ဒီစီမံကိန်းတွေကို လက်မှတ်ရေးထိုးတယ်ဆိုတာကတော့ ပြည်ထောင်စုအနေနဲ့ ရခိုင်ဆိုရင် ရခိုင်လူမျိုးတစ်ရပ်လုံး တော်တော်လေးခံစားရတဲ့အခြေအနေမှာရှိပါတယ်။

Photo Credit – MOI

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts