All News Local News Peace

တပ်မတော်သား၂ ဦးကို AA ပြန်လွှတ်ပေး၊ အစိုးရဘက်က ဖမ်းဆီးထားသူများ ပြန်လွှတ်ပေးပါက AA ဖမ်းဆီးထားသူများကို လွှတ်ပေးမည်ဟု ခိုင်သုခ ထပ်မံကမ်းလှမ်း

ကျန်းမာရေးမကောင်းမွန်သူ တပ်မတော်သား၂ ဦးကို AA ပြန်လွှတ်ပေး၊ အစိုးရဘက်က ဖမ်းဆီးထားသူများ ပြန်လွှတ်ပေးပါက AA ဖမ်းဆီးထားသူများကို လွှတ်ပေးမည်ဟု ခိုင်သုခ ထပ်မံကမ်းလှမ်း

ရန်ကုန်၊ ဇန်နဝါရီ ၂၈

ရခိုင့်တပ်တော် (AA)က ဖမ်းဆီးထားသော စစ်သုံ့ပန်းများထဲက အသက်အရွယ်ကြီးရင့်ပြီး ကျန်းမာရေးမကောင်းမွန်သော တပ်ကြပ် ဦးမောင်ထွေး နှင့် တပ်ကြပ် ဦးဇော်ဇော် တို့ကို ယနေ့ဇန်နဝါရီ်လ ၂၈ရက်နေ့တွင် ပလက်ဝမြို့နယ်ထဲတွင် ပြန်လွှတ်ပေးခဲ့ကြောင်း AAက ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကပြောဆိုသည်။

“ ပြီးခဲ့တဲ့ တစ်ပတ်ကျော်လောက်က ကျွန်တော်တို့ လွှတ်ပေးမယ်လို့ ထုတ်ပြန်ချက်ထုတ်ပြီးပြောထားတဲ့ တပ်ကြပ်ဦးမောင်ထွေးနဲ့ တပ်ကြပ် ဦးဇော်ဇော်ပေါ့နော် အသက်ကြီးပြီးတော့ ကျန်းမာရေးချို့တဲ့တဲ့ အဲ့ဒီနှစ်ယောက်ကို ဒီနေ့ပဲ ကျွန်တော်တို့ ပြန်လွှတ်လိုက်ပြီ လွှတ်ပေးလိုက်တဲ့နေရာကတော့ ဒီပလက်ဝမြို့နယ် တန်းတလင်းရွာ ဒီရပ်မိရပ်ဖတွေလက်ထဲမှာ ကျွန်တော်တို့ လွှဲပြောင်းပေးအပ်ထားခဲ့တာဖြစ်တယ်။ သူတို့နှစ်ဦးကို ဒီနေ့ ဇန်နဝါရီလ ၂၈ရက် နေ့လယ် ၁၂နာရီ ၁၅မိနစ်မှာ ကျွန်တော်တို့လွှတ်ပေးလိုက်တာ” ဟု ၎င်းကပြောဆိုသည်။

အဆိုပါ စစ်သုံ့ပန်းများကို နိုဝင်ဘာလ ၁၉ရက်နေ့က ပလက်ဝ မြို့နယ် ဘဂါဝရွာ အနောက်တောင်ဖက် သုံးကီလိုမီတာခွဲအကွာ ကာယမချောင်း အနောက်ဖက်တောင်တန်းတွင် ဖြစ်ခဲ့သည့် တိုက်ပွဲ၌ တပ်မ ၇၇ လက်အောက်ခံ ခမရ ၃၁၃ (မှော်ဘီအခြေစိုက်)ကဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးရမိသူ ၁၃ဦးထဲမှာ အသက်ကြီးပြီးတော့ ကျန်းမာရေးမကောင်းသည့် တပ်ကြပ်ဦးမောင်ထွေး ကိုယ်ပိုင်နံပါတ် တ/ ၉၂၁ ၅ဝ၄ အသက် ၄၉နှစ်နှင့် တပ်ကြပ်ဦးဇော်ဇော် ကိုယ်ပိုင်နံပါတ် တ/ ၂၆ဝဝ၆၂ အသက်က ၅၃နှစ်ကို လူသားချင်းစာနာသည့် အနေဖြင့် ၎င်းတို့မိသားစုဝင်များနှင့် ပြန်လည်စုံစည်းနိုင်ရန် အတွက် လွှတ်ပေးလိုက်ခြင်းဖြစ်သည်ဟု ခိုင်သုခကဆက်လက်ပြောဆိုသည်။

ကျန်ရှိနေသော ဖမ်းဆီးထားသူများကို ပြန်လည်လွှတ်ပေးရန် အစီအစဉ်ရှိမရှိ မေးမြန်းမှုနဲ့ ပတ်သက်ပြီး ခိုင်သုခက ယခုကဲ့သို့ဆက်လက်ပြောဆိုသည်။

“ နောက်တစ်ခုကတော့ ကျွန်တော်တို့ အရင်လည်း ကျွန်တော်တို့ထုတ်ပြန်ချက်ထုတ်ပြီးတော့ နှစ်ကြိမ်တိုင်တိုင်ပြောထားပြီးပြီပေါ့။ အခုလည်း ကျွန်တော်တို့ထပ်ပြီးတော့ ပြောချင်တာက အစိုးရဖက်ကနေပြီးတော့ ပုဒ်မအမျိုးမျိုး တပ်ပြီးတော့ မတရားဖမ်းဆီးထိန်းသိမ်းထားတဲ့ ကျွန်တော်တို့ရဲ့ ရခိုင်ပြည်သူတွေ ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေကို ပြန်လွှတ်ပေးမယ်ဆိုရင်တော့ ကျွန်တော်တို့ လက်ထဲမှာ ဆက်ပြီးထိန်းသိမ်းထားတဲ့ စစ်တပ်ဖက်က စစ်သုံ့ပန်းတွေပေါ့။ အဲဒီ စစ်သုံပန်းတွေကို ကျွန်တော်တို့ဖက်က အပြန်အလှန်အားဖြင့် ပြန်လွှတ်ပေးမယ်လို့ ကျွန်တော်တို့ပြောထားတာရှိတယ်။ အခုလည်းပဲ အဲဒီတိုင်းပါပဲ အစိုးရဘက်က လွှတ်ပေးမယ်ဆိုရင်တော့ ကျွန်တော်တို့ဘက်ကလည်း အပြန်အလှန်အားဖြင့် လွှတ်ပေးမယ်။ တကယ်လို့ အစိုးရဖက်က ဆက်ပြီးထိန်းသိမ်းထားမယ်ဆိုရင် စစ်ဖက်နဲ့ ပတ်သက်တဲ့ စစ်သုံပန်းတွေကို ဆက်ပြီးတော့ ထိန်းသိမ်းထားဖို့တော့ရှိတယ်” ဟု ၎င်းကဆက်လက်ပြောဆိုသည်။

ထို့ပြင် ရခိုင်ပြည်နယ်အတွင်းရှိ မြေပုံမြို့နယ်တွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၇ရက်နေ့က စတင်ကာ ရခိုင်တပ်တော်( AA) နှင့် တပ်မတော်ကြား တိုက်ပွဲများဒအပြင်းအထန်ဖြစ်ပွားလျက်ရှိပြီး တပ်မတော် တပ်မ ၆၆လက်အောက်ခံ ခလရ ၁၄နှင့် နောက်တပ်ရင်းတစ်ရင်းတို့က ရခိုင့်တပ်တော် ရှိသည့်နေရာကို ထိုးဖောက်ဝင်ရောက်လာသည့်အတွက် တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ရခြင်းဖြစ်ပြီး တပ်မတော်ဖက်ကလည်း အထိအခိုက်အကျအဆုံးများရှိသလို AAဘက်တွင်လည်း ထိခိုက်ဒဏ်ရာရသူနဲ့ ကျဆုံးသူတချို့ရှိကာ တပ်မ ၆၆ လက်အောက်ခံ ခလရ ၁၄ ထံမှ လက်နက်ခဲရမ်း နှင့် စစ်အသုံးအဆောင်ပစ္စည်းတချို့ကို သိမ်းဆည်းရမိထားသည်များရှိကြောင်း AAတပ်ဖွဲ့ထံမှ သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts