All News Local News Peace

တပ်မတော်သည် ရယူလိုမှု အနည်းဆုံးနှင့် ပေးဆပ်နိုင်မှု အမြင့်မားဆုံး၊ လက်နက်ကိုင်တချို့ ပဋိပက္ခဖန်တီး၍ အချုပ်အခြာအာဏာကို ထိပါးနေဟု တပ်ချုပ်ပြော

တပ်မတော်သည် ရယူလိုမှု အနည်းဆုံးနှင့် ပေးဆပ်နိုင်မှု အမြင့်မားဆုံး၊ လက်နက်ကိုင်တချို့ ပဋိပက္ခဖန်တီး၍ အချုပ်အခြာအာဏာကို ထိပါးနေဟု တပ်ချုပ်ပြော

ရန်ကုန်၊ ဇန်နဝါရီ ၆

နိုင်ငံတော်၏ ကာကွယ်ရေးတာဝန်ထမ်းဆောင်နေသော တပ်မတော်သည် ရယူလိုမှု အနည်းဆုံးနှင့် ပေးဆပ်နိုင်မှု အမြင့်မားဆုံးအဖွဲ့အစည်းဖြစ်ပြီး လက်နက်ကိုင်အဖွဲ့တချို့သည် ပဋိပက္ခ ဖန်တီး၍ အချုပ်အခြာအာဏာကို ထိပါးနေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုလိုက်သည်။

ဇန်နဝါရီလ ၄ ရက်နေ့ နေပြည်တော်တွင် ကျင်းပသော တပ်မတော် စွမ်းရည်သတ္တိဆိုင်ရာဂုဏ်ထူးဆောင်တံဆိပ်နှင့်လက်မှတ်များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

“နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်မှုနှင့် ပတ်သက်လာပါက တပ်မတော်သည် ရယူလိုမှု အနည်းဆုံးနှင့် ပေးဆပ်နိုင်မှုအမြင့်မားဆုံး အဖွဲ့အစည်းတစ်ရပ်ဖြစ်ကြောင်းကို တပ်မတော်၏ အစဉ်အလာ တစ်ဆယ့်နှစ်ရပ်နှင့် မှတ်ကျောက်တင်ခံခဲ့ပြီး ဖြစ်ကြောင်း” ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုသည်။

တပ်မတော်သည် ခေတ်အဆက်ဆက် တောက်လောင်ခဲ့သော လက်နက်ကိုင်ပဋိပက္ခ မီးတောက်ကို ထာဝရ ငြိမ်းချမ်းရေးနှင့်အပြီးတိုင် ငြှိမ်းသတ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို အဓိက အဟန့်အတားဖြစ်စေသည်မှာ တည်ငြိမ်အေးချမ်းမှုမရှိခြင်းပင်ဖြစ်ကြောင်း၊ တပ်မတော်အနေနှင့် ငြိမ်းချမ်းရေးကိစ္စများ ဆောင်ရွက်သည့်နေရာတွင် တဒင်္ဂငြိမ်းချမ်းရေး၊ တဒင်္ဂပြဿနာများ ပြေလည်ရေးကိုသာ ဦးတည်ဆောင်ရွက်နေခြင်းမဟုတ်ဘဲ ထာဝရငြိမ်းချမ်းရေးရရှိရန် ဆောင်ရွက်နေပြီး ၂၀၂၀ ပြည့်နှစ်တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ပြီးမြောက်ရေး၊ တိုင်းရင်းသား ပြည်သူလူထုက လိုလားတောင့်တသည့် ထာဝရငြိမ်းချမ်းရေးကို ပြည်သူ့လက်သို့ အရောက်ပေးအပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေကြောင်း ၎င်းက ပြောဆိုသည်။

နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်ရေး ယန္တရားကို ပျက်ပြားစေပြီး ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ် လုံခြုံမှုမရှိအောင် လုပ်ဆောင်နေမှုများ၊ နိုင်ငံတော်၏ အကျိုးစီးပွားကို အကြမ်းဖက် လုပ်ရပ်များနှင့် ထိပါး နှောင့်ယှက်မှုများအပြင် ငြိမ်းချမ်းရေးကို အမှန်တကယ်ရယူလိုစိတ်နည်းပါးမှုများကြောင့် မလွဲမရှောင်သာဘဲ စစ်ရေးနည်းအရ ရင်ဆိုင်ဖြေရှင်းမှုများ ရှိနေဆဲဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရနှင့် တပ်မတော်က အကြိမ်ကြိမ်လိုက်လျောမှုများ၊ သဘောထားကြီးစွာနှင့် သည်းခံ ညှိနှိုင်းမှုများကို လျစ်လျူရှုပြီး လက်နက်ကိုင်အဖွဲ့အစည်းအချို့က နိုင်ငံရေးအမြတ်ထုတ်လိုမှု၊ ပုဂ္ဂလိက အကျိုးစီးပွားကို ရှေ့တန်းတင်ကာ ပဋိပက္ခများကို စတင်ဖန်တီးခြင်းဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးစော်ကားလျက်ရှိကြောင်း ၎င်းက ပြောဆိုသည်။

Photo Credit – GNLM

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts