All News Local News Peace

တပ်မတော်က လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုသော အရပ်သားပြည်သူ ၉၆ ဦးကို တရားစွဲဆိုထား

တပ်မတော်က လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုသော အရပ်သားပြည်သူ ၉၆ ဦးကို တရားစွဲဆိုထား

ရန်ကုန်၊ ဇန်နဝါရီ ၇

NLD အစိုးရလက်ထက် ၃နှစ်တာကာလအတွင်း တပ်မတော်က လွတ်လပ်စွာပြောဆိုခွင့်ကို ချိုးဖောက်၍ အရပ်သား ပြည်သူ ၉၆ ဦးကို တရားစွဲဆိုထားပြီး တရားစွဲဆိုမှုများ ရှေ့လျှောက်ထပ်မံပြုလုပ်နိုင်ကြောင်း အသံအဖွဲ့ မှသုတေသန မန်နေဂျာ ကိုရဲဝေဖြိုးအောင်ကပြောဆိုသည်။

“၂ဝ၂ဝက ရွေးကောက်ပွဲရှိတဲ့ကာလဆိုတော့ ရွေးကောက်ပွဲရှိတော့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေကနေပြီးတော့ လူ့အခွင့်အရေးချိုးဖောက်မှုမှန်သမျှကို ပြောမှာပဲ။ ပြောတဲ့အခါပြဿနာက နိုင်ငံရေးပါတီအသီးသီး လက်ရှိအစိုးရဦးဆောင်နေတဲ့ပါတီ တပ်မတော်က ထောက်ပံ့ပေးထားတဲ့ တပ်မတော်နဲ့ အစပ်အစပ်ရှိတဲ့ ပါတီတွေက ရွေးကောက်ပွဲမှာ ဝင်ပြိုင်မှာ။ အဲဒီအခါမှာ လူ့အခွင့်အရေးချိုးဖောက်တဲ့လူတွေကိုယ်တိုင်ကလည်း ရွေးကောက်ပွဲမှာ ဝင်မယ့်သူတွေကြီးပဲ။ ရွေးကောက်ပွဲမှာ ဝင်ပါမယ့်သူတွေရဲ့ ပစ်မှတ်ထားခံရမှုက တက်ကြွလှုပ်ရှားသူတွေ မီဒီယာတွေ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတွေဖြစ်လာနိုင်တယ်။ အဲဒီတော့ တပ်မတော်က ရှေ့လျှောက် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ချိုးဖောက်လာမှာကို အများကြီးစိုးရိမ်ပါတယ်”ဟု ၎င်းကပြောဆိုသည်။

တပ်မတော်သည် ၂ဝ၁၆ ခုနှစ်က စတင်ကာ ၂ဝ၁၉ခုနှစ်အထိ ၄၅လအတွင်း တရားစွဲဆိုထားသော အမှုပေါင်း ၄၇မှုရှိပြီး တရားစွဲဆိုခံရသူ ၉၆ဦးထိရှိကြောင်း၊ တရားစွဲခံထားရသူ ၉၆ဦးထဲတွင် တက်ကြွလှုပ်ရှားသူ ၅၁ဦး၊ အရပ်သားပြည်သူ ၁၉ဦး၊ သတင်းမီဒီယာသမား ၁၄ဦး၊ ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ် ၅ဦး၊ အနုပညာသမား ၄ဦး၊ နိုင်ငံရေးပါတီဝင် ၃ဦး ပါဝင်ကြောင်း အသံအဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။

တပ်မတော်က တရားစွဲဆိုရာတွင် အသုံးပြုသော ဥပဒေပုဒ်မများမှာ ဆက်သွယ်ရေးဥပဒေဖြင့် ၁၈ဦး၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅ဝ၅(က)ဖြင့် ၁၁ဦး၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅ဝ၅(ခ)ဖြင့် ၇ဦး၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅ဝဝဖြင့် ၄ဦး၊ နိုတ်လွတ်လုံဥပဒေဖြင့် ၂ဦး၊ မတရားအသင်းဆက်သွယ်ရေးဥပဒေဖြင့် ၂ဦး၊ သတင်းမီဒီယာဥပဒေဖြင့် ၂ဦး၊ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၂ဝဝဖြင့် ၁ဦးတို့ရှိကြောင်းယင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထိုသို့တရားစွဲဆိုမှုများသည် ၂ဝ၁၉ ခုနှစ်တွင် ပိုမိုမြင့်တက်လာခြင်းဖြစ်ပြီး တပ်မတော်သည် နိုင်ငံရေးအရ ဖိအားများလာခြင်းကြောင့် ယင်းသို့လုပ်ဆောင်ခြင်းဖြစ်ကြောင်း ကိုရဲဝေဖြိုးအောင်ကဆိုသည်။

“၂ဝ၁၆ ကနေ ၂ဝ၁၉ခုနှစ်အထိ တပ်မတော်တရားစွဲဆိုမှုက ပိုပြီးတော့နှစ်ကြာလာလေလေ လက်ရှိတပ်မတော် သက်တမ်းကြာလာလေလေ ပိုမြင့်လာတာတွေ့ရတယ်။ တစ်ဖက်မှာကျတော့လည်း တပ်မတော်ဖက်က နိုင်ငံရေးအရ ဖိအားတွေများလာတာတွေ့ရတယ်။ ဆိုလိုတာက တပ်မတော်က တစ်ဖက်မှာ နိုင်ငံရေးအရ ဖိအားတွေများလာလေလေ သူ့ကိုဝေဖန်တဲ့ တက်ကြွလှုပ်ရှားသူတွေ မီဒီယာတွေ သာမန်ပြည်သူတွေကို တရားစွဲလေလေ ပိုတွေ့ရတယ်။ ပြောရမယ်ဆိုရင်တော့ စကားပုံလိုပေါ့။ တစ်ယောက်ကိုမနိုင်လို့ တစ်ခြားတစ်ယောက်ကို မဲတယ်ဆိုတဲ့ပုံစံဖြစ်နေတာပေါ့” ဟု ၎င်းကပြောဆိုသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts