All News Local News Peace

တစ်ပါတီအာဏာရှင် ဦးနေဝင်း လက်ထက် ရေးဆွဲထားခြင်းဖြစ်၍ ၁၉၈၂ ခုနှစ်နိုင်ငံသားဥပဒေ ပြင်ဆင်ရမည်ဟုဆို

တစ်ပါတီအာဏာရှင် ဦးနေဝင်း လက်ထက် ရေးဆွဲထားခြင်းဖြစ်၍ ၁၉၈၂ ခုနှစ်နိုင်ငံသားဥပဒေ ပြင်ဆင်ရမည်ဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၂၅

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက်က ရေးဆွဲခဲ့သော ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေသည် တစ်ပါတီအာဏာရှင် ဦးနေဝင်းလက်ထက်က ရေးဆွဲထားသည့် ဥပဒေဖြစ်ပြီး ဒီမိုကရေစီစံချိန်စံညွှန်း၊ လူ့အခွင့်အရေး စံချိန်စံညွှန်းများနှင့် ကိုက်ညီခြင်းမရှိ၍ ပြင်ဆင်ရန် လိုအပ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ စာရေးဆရာ သန်းစိုးနိုင်က ပြောဆိုလိုက်သည်။

ဇန်နဝါရီလ ၂၅ ရက်နေ့ ရန်ကုန်မြို့ Kafe in Town တွင် ကျင်းပပြုလုပ်သော တိုင်းရင်သား ၁၃၅ မျိုးလား၊ ၁၄၄ မျိုးလား ဆိုသော ဆွေးနွေးပွဲတွင် စာရေးဆရာ သန်းစိုးနိုင်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

ဦးနေဝင်းလက်ထက်ရေးဆွဲခြင်းဖြစ်သည့်အပြင် အာဏာရှင်များ အစိုးရများက ၎င်းတို့၏ အကျိုးစီးပွားအတွက် ရေးဆွဲ ပြဋ္ဌာန်းထားသော ဥပဒေများဖြစ်နေ၍ ပြင်ဆင်ရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသား ၁၃၅ မျိုး၊ ၁၄၄ မျိုးကို လက်မခံဘဲ သမိုင်းပညာရှင်များ အပါအဝင် ပညာရှင်များဦးဆောင်၍ လူမျိုး စာရင်းသေချာကောက်သင့်ကြောင်း၊ နိုင်ငံရေး ရည်ရွယ်ချက်အတွက်မဟုတ်ဘဲ ယဉ်ကျေးမှုနှင့် တည်ရှိမှုကို အသိအမှတ်ပြု အလေးထားမှုသဘောဖြစ်သင့်ဟု ဆိုသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ဥပဒေပညာရှင် တရားလွှတ်တော်ရှေ့နေ ဦးကျော်ငြိမ်း၊ Smile Education မှ ဦးမျိုးဝင်း၊ သမိုင်းပညာရှင် ဒေါက်တာနန်းလှိုင်တို့ တက်ရောက်ဆွေးနွေးခဲ့ကြပြီး ဦးမျိုးဝင်းက ပေးထားချက်အမှားအပေါ် စဉ်းစားလျှင် အဖြေအမှားသာ ထွက်မည်ဖြစ်ကြောင်း၊ တိုင်းရင်းသားဟူ၍ အခွင့်အရေး ပိုရသည် အသိအမှတ်ပြုသည်ဆိုသော စဉ်းစားချက်မျိုးမစဉ်းစားဘဲ နိုင်ငံသားဖြစ်ပါက မည်သူမဆို အခွင့်အရေးတန်းတူ Citizen Politics ရှုထောင့်မှ စဉ်းစားရန် အရေးကြီးကြောင်း သုံးသပ်ပြောဆိုသည်။

သမိုင်းပညာရှင်ေ ဒါက်တာနန်းလှိုင်ကလည်း တိုင်းရင်းသား ၁၃၅ မျိုး၊ ၁၄၄ မျိုးကို လက်မခံကြောင်း၊ သမိုင်းပညာရှင်များအပါအဝင် ပညာရှင်များ ဦးဆောင်၍ လူမျိုးစာရင်းကောက်ခံသင့်ကြောင်း အကြံပြုသည်။

ဥပဒေပညာရှင် ဦးကျော်ငြိမ်းကလည်း ၁၉၇၄ ခုနှစ်တွင် တိုင်းရင်းသား ၁၄၄ မျိုးဟု အစိုးရက တရားဝင် ထုတ်ပြန်ခဲ့ပြီး မြန်မာမွတ်စလင် ဆိုသော အသုံးအနှုန်း ပါဝင်ကြောင်း၊ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ ပြဋ္ဌာန်းပြီးနောက် နိုင်ငံသား အဆင့်အတန်းခွဲခြားမှုများပေါ်ပေါက်လာပြီး စစ်အစိုးရလက်ထက်တွင် တိုင်းရင်းသား ၁၃၅ မျိုးဟု သတ်မှတ်လာခြင်းဖြစ်ကြောင်း ပြောဆိုသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts