interview political news

ညွှန်ချုပ်နှင့်အထက်အဆင့် ကားပါမစ်ကိစ္စ လွှတ်တော်ကို မတင်ပြဘဲ လုပ်ဆောင်မှု ဘောင်ကျော်နေ၊ အမတ်အများစု ကန့်ကွက်

ညွှန်ချုပ်နှင့်အထက်အဆင့် ကားပါမစ်ကိစ္စ လွှတ်တော်ကို မတင်ပြဘဲ လုပ်ဆောင်မှု ဘောင်ကျော်နေ၊ အမတ်အများစု ကန့်ကွက်

ရန်ကုန်၊ ဇန်နဝါရီ ၇

NLD အစိုးရချထားပေးမည့် ညွှန်ချုပ်နှင့်အထက်အဆင့် ကားပါမစ်များနှင့်ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တချို့က ကန့်ကွက်ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုလိုက်သည်။

NLD အစိုးရက ညွှန်ချုပ်အဆင့်နှင့်အထက် အဆင့် ပြည်သူ့ဝန်ထမ်းနှင့်နိုင်ငံ့ဝန်ထမ်းများအား ကားများ တင်သွင်းခွင့်ပြုရန် လျှောက်လွှာများ ယခု ဇန်နဝါရီလ ၈ ရက်နေ့အရောက် ပေးပို့ ရန် ခေါ်ယူထားပြီး ဒုတိယအဆင့်အနေဖြင့် ဒုညွှန်ကြားရေးမှူးချုပ်နှင့် လုပ်သက် ၂၅ နှစ်ပြည့်ပြီး နိုင်ငံ့ဝန်ထမ်းကောင်းတံဆိပ်ရရှိသူ ဝန်ထမ်းများအား ကားတင်သွင်းခွင့်ပြုမည်ဟု ကြေညာထားသည်။

ထိုသို့ တင်သွင်းခွင့်ပြုရာတွင် လတ်တလော ထွက်ပေါ်လျက်ရှိသော သတင်းများအရ အခွန်ဆောင်ရန် မလိုဟု သတင်းများ ထွက်ပေါ်နေရာ အဆိုပါ ကားတင်သွင်းခွင့်ပါမစ်ကို အနည်းဆုံး သိန်း ၅၀၀ ပေး ဝယ်ယူမည်ဆိုသော သတင်းများကလည်း ထွက်ပေါ်လျက်ရှိသည်။

အမှန်တကယ် အခွန်ကင်းလွတ်ခွင့်ရရှိမည်ဆိုပါက ယင်းကားတင်သွင်းခွင့်ကို ဝယ်ယူ၍ တန်ဖိုးအလွန်ကြီးသော ကားများကို ငွေကြေးတတ်နိုင်သူများက တင်သွင်းကြရန်လည်း ပြင်ဆင်နေကြပြီဖြစ်သည်။

ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားသော ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များ၏ အမြင်များကို ဖော်ပြလိုက်ပါသည်။

ဦးအောင်မျိုး
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ စစ်ကိုင်းတိုင်းဒေသကြီး

ကျွန်တော်အမြင်သဘောထား ပြောရရင်တော့ သီးခြားခွင့်ထူးခံ ဆောင်ရွက်ချက်တစ်ခုလိုမျိုးဖြစ်နေတာ။ ကျွန်တော်တို့ကတော့ဒါကိုသိပ်သဘောမကျဘူး။ လက်မ ခံနိုင်ဘူး။ ဒီဟာကတော့သိပ်မကြာခင်တော့ လွှတ်တော်ဖွင့်တော့မှာဆိုတော့တခြား လွှတ်တော်ကိုယ်စား လှယ်တွေနဲ့တိုင်ပင်ပါဦးမယ်။ အားလုံးရဲ့ သဘောဆန္ဒအတိုင်း သက်ဆိုင်ရာဝန်ကြီးဌာကို အကြံပြုတာ အစိုးရအဖွဲ့ကို အကြံပြုတာမျိုးလုပ်ဖို့ အစီစဉ်ရှိပါတယ်။ ကျွန်တော်တစ်ဦးတည်းအနေနဲ့ ကတော့ လောေ လာဆယ်မှာတော့မပြောချင်သေးဘူး။

ကျန်တဲ့သူတွေရဲ့သဘောထားနဲ့ အခြေအနေအရပ်ရပ်ကိုလည်း ကျွန်တော်အသေးစိတ်သိချင်သေးတယ်။ ကျွန်တော်တို့က လောလောဆယ် ဝန်ကြီးရဲ့ အင်တာဗျုးနဲ့ သူဖြေကြားချက် အဲဒီအပေါ်မှာပဲ ကျွန်တော်တို့က သိရသေးတာ တခြားထက်ပိုပြီး အသေးစိတ်သိဖို့က လိုအပ်ချက်တွေရှိသေးတယ်။ အဲဒါတွေသိပြီးမှပဲ ကျွန်တော်တို့ တစ်ခြားကိုယ်စားလှယ်တွေနဲ့ တိုင်ပင်ပြီး စီစဉ်ဆောင်ရွက်ဖို့ရှိပါတယ်။

ဦးညီညီထွေး(ခ) ဦးကိုကိုလေး
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ စစ်ကိုင်းတိုင်းဒေသကြီး

ညွှန်ချုပ်အဆင့်တွေဆိုတာတော့ တိုင်းနဲ့ ပြည်နယ်မှာတောင်မရှိဘူးလေ။ ကျွန်တော်တို့ ကတော့ သိပ်တော့သဘောမတွေ့ဘူး။ ဆရာဒေါက်တာကြွယ်ကြွယ်ကတော့ လွှတ်တော်ထဲမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးမယ်လို့တော့ကြားတယ်။ မေးခွန်းမေးမှာလား။ ဘာလဲတော့မသိဘူး။ ကျွန်တော်လည်း အသေးစိတ်မသိရသေးဘူး။

ဒေါ်ဖြူဖြူသင်း
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

အမလည်း မပြောချင်တော့ဘူး။ မီဒီယာတွေမှာလည်း တစ်အားကိုပွထနေတယ်။ အကုန်လုံးကလေ အများကြီးကို ပြည်သူတွေကော ပညာရှင်တွေကော အကုန်လုံးဝိုင်းပြီးတော့ ဆွေးနွေးထားကျတာတွေရှိတယ်။ သီးသန့်ထပ်ပြီးတော့ ဘယ်လိုသဘောထားရှိလည်း ဘာလည်းဆိုတာထက်အမတို့က ပြည်သူတွေရဲ့အသံကိုနားထောင်တယ်။ ပြည်သူတွေသဘောထားက ကျွန်မတို့နဲ့ထပ်တူ သဘောကျတာတွေရှိတယ်။

အခုတော့ လွတ်တော်ပြန်စပြီး လွှတ်တော်ရဲ့ ဆွေးနွေးဆုံးဖြတ်ပြီး အတည်ဖြစ်မှာဆိုတဲ့အတွက် ဒါကတော့ ကောင်းတယ်။ ဆွေးနွေးတဲ့အခါမှာ ပြည်သူတွေရဲ့အသံပါလာမယ်။ ဆွေးနွေးပြီးဆုံးဖြတ်ရမှာတော့ ဌာနဆိုင်ရာတွေပေါ့နော်။ လာပြီးဆွေးနွေးရမှာဆိုတော့ အဲဒါကောင်းပါတယ်။ ကြိုဆိုပါတယ်။ အဲဒီလိုမျိုးကိစ္စမျိုးဖြစ်တော့လွတ်တော်ထဲမှာ ဆွေးနွေးဆုံးဖြတ်တာ အကောင်းဆုံးပဲအဲဒီကိစ္စကြီး hot issues ဖြစ်နေတာလေ။ လူတိုင်းကအရမ်းကို ပြောနေတဲ့ကိစ္စဖြစ်နေတော့ အကုန်လုံးသဘောထားတွေ အတူတူဖြစ်နေတော့ အများကြီးတော့ သိပ်အများကြီးပြောစရာမရှိပါဘူး။ အကုန်လုံးကတော့ တစ်ထပ်တည်းပဲပေါ့နော်။

ဦးရဲထွဋ်
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ စစ်ကိုင်းတိုင်းဒေသကြီး

အဲဒါတော့ဗျာ။ ဘယ်လိုရည်ရွယ်ချက်နဲ့ ပါမစ်ချလည်းတော့ ကျွန်တော်မသိဘူး။ ဒါပေမယ့် ညွှန်ချုပ်တို့ ညွှန်ကြားရေးမှူးတို့ဆိုတာတွေကတော့ သူတို့မှာ ကိုယ်ပိုင်ကားတွေအများကြီးရှိတာပဲ ဒီဟာတွေပဲရေများရာ မိုးရွာသလို ဖြစ်မသွားဖို့လိုတာပဲ။ လိုအပ်တဲ့လူတွေတကယ်တမ်း လုပ်ငန်းလိုအပ်ချက်ရှိတယ်။ တကယ်လ ည်းလိုတဲ့ လူတွေကိုချပေးသင့်တယ်။ ဒီအစိုးရ ရာထူးကိုကြည့်ပြီး ကားပါမစ်ပေးတယ်လို့ မြေပေးတယ်ဆို တာမျိုးတွေကဟိုခေတ်တုန်းကလုပ်ခဲ့တာပဲ။ အဲဒါမျိုးတွေမေးပြီးတော့ ဒီခြေလှမ်းတွေတိုင်း မလျှောက်သင့်ဘူး လို့ထင်ပါတယ်။

လွှတ်တော်က ပြန်စမှာပဲ သိရမယ်။ အခုဟာက ကားပါမစ်ချပေးတယ်ဆိုတာက လိုအပ်တာတွေအများကြီးရှိတယ်။ လိုအပ်တဲ့ဌာနတွေ လိုအပ်တဲ့သူပေါ့။ အစိုးရအရာရှိမှ ပါမစ်ချတယ်။ သာမန်လူတွေလိုအပ်တာကို မချဘူးဆိုတာကို မဖြစ်သင့် ဘူးနော်။ ကျွန်တော်တို့ မစကြည့်ရှု့တဲ့သဘောမျိုးမဖြစ်သင့်ဘူး။ ဖေးမပေးတဲ့ သဘောမျိုးလည်း မဖြစ်သင့်ဘူူး။ ပါမစ်ပေးတယ်ဆိုတာ နိုင်ငံခြားငွေကတော့ကုန်တာပဲ။ ညွှန်ချုပ်တို့ ညွှန်မှူးတို့ ဒုညွှန်ချုပ်တို့က လက်ရှိ ရုံးကားတွေလည်း သုံးလေးစီးရနေတယ်။ သုံးခွင့်ရနေတယ်။

ကိုယ်ပိုင်ကားတွေလည်းရှိနေတယ်။ အာလုံးလိုလိုပဲ အဲဒါထက်ကို တစ်ခြားပိုလိုအပ်တဲ့သူတွေကိုပဲ ပါမစ်ပေးသင့်တယ်လို့ထင်တယ်။ ဖြည့်စွပ်ပြောဖို့ကတော့ အဲ ဒါပါပဲနိုင်ငံခြားငွေတွေလည်း အကုန်အကျမများ အောင်လုပ်သင့်တာပေါ့လေ သဘောကအခုလက်ရှိဘယ်လို ကားတွေကိုပေးမှာလည်းဆိုတာ ရှိသေးတယ်။ ဘာပဲဖြစ်ဖြစ် ဒီလိုလူတန်းစားတစ်စုကိုရွေးပြီးပေးတာထက်ကို လိုအပ်တဲ့သူတွေကို ပေးသင့်တာပေါ့။ သဘောက ကျန်တဲ့ ညွှန်ချုပ် ညွှန်မှူးမဟုတ်တဲ့ကျန်တဲ့လူတွေ အများကြီးရှိတယ်။ သဘောက ဟိုခေတ်ကတော့ အမျိုးမျိုးပေါ့ဗျာ။

နိုင်ငံရေးပါတီတွေကို ကားပါမစ်ချပေးတာလည်းရှိတယ်။ သို့သော်တကယ်လုပ်ငန်းသဘောအရ ပုဂ္ဂလိကသဘောပဲပေါ့။ အစိုးရဝန်ထမ်းမှမဟုတ်ဘူး။ တစ်ခြား ပုဂ္ဂလိက ဝန်ထမ်းတွေကိုလည်းပေးသင့်တာပေါ့။ တခြားအဆင့်တွေမှာလည်း ကားအဆင့်တွေမှာလည်း လိုကောင်းလိုမယ်လေ။ အနီးစပ်ဆုံးပြောရရင် ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ် ခပ်များများကလည်းဘာမှမရှိဘူး။

သဘောက အဲဒီမှာလိုအပ်တဲ့ လူတွေကိုတော့ ချပေးသင့်တာပေါ့။ သဘောကကန့်သတ်မယ်ဆိုလည်း ကန်သတ်မယ့်ဟာကို မူတည်ပြီးကြည့်ရမှာပေါ့ဗျာ။ ကျွန်တော်တို့ စောင့်ကြည့်မှာပေါ့။ ဘယ်လိုကန့်သတ်မလဲဆိုတာတော့ အဆိုကို မမြင်ရသေးပဲနဲ့ ပြောလို့မရသေးဘူးပေါ့။ တကယ်လိုအပ်တဲ့သူတွေကို ပေးသင့်ပါတယ်။

ဦးအောင်လှိုင်ဝင်း
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

ကားပါမစ်က ဝန်ကြီးဌာနစာထုတ်ပြီးပေးတာ အရှေ့နဲ့ အနောက်နဲ့လွဲနေတယ်ပေါ့။ မြန်မာနိုင်ငံမှာက သွင်းကုန်ထုတ်ကုန်ပတ်သတ်ပြီး ဥပဒေတွေ မော်တော်ကားနဲ့ပတ်သတ်ပြီးတော့ နည်းဥပဒေတွေ အကုန်လုံးက ပြဌာန်းထားတာတွေရှိတယ်။ နိုင်ငံတော်သမ္မတရုံးကနေပြီးတော့ ကျည်ကာကား(၆)ဦးဝယ်မယ့် ကိစ္စတောင်မှ ပြည်ထောင်စုလွှတ်တော်ရဲ့သဘောတူညီချက်ကိုတင်ပြီးတော့ အခွန်ကင်းလွတ်ခွင့်ရတယ်ပေါ့နော်။

အခုကျေ တာ့ကားပါမစ်ကို ဝန်ထမ်းအကြီးအကဲတွေထုတ်ပေးတဲ့ကိစ္စကျတော့ ဘယ်လွှတ်တော်မှာ တင်ပြထားတာမရှိဘူး။ ဥပဒေကိုပြင်ဆင်ထားတာမရှိဘဲနဲ့ ညွန်ကြားချက်နဲ့ အခုလိုအခွန်မဆောင်ပဲနဲ့ အများပြည်သူအခွန်မဆောင်ပဲ နဲ့လုပ်တာကတော့ ဒါကတော့လုပ်ထုံးလုပ်နည်းကို ကျော်လွန်တဲ့ကိစ္စပါ။ မြန်မာနိုင်ငံမှာဥပဒေပြဌာန်း ထားတာတွေရှိတာပဲ နိုင်ငံတော်သမ္မတကနေစပြီးတော့ အောက်ကပြည်သူလူထုအထိ ဆောင်ရမယ့် အခွန်တွေအားလုံးရှိပါတယ်။ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေလည်း မလွတ်ပါဘူး။

သတ်မှတ်ထား တဲ့ဝင်ငွေခွန်တွေ နောက်တစ်ခါ ပစ္စည်းဝယ်တယ်ဆိုရင် ပစ္စည်းခွန်တွေပေါ့။ တပြေးညီဖြစ်ရမှာပေါ့။ အခုဟာက တချို့ဝန်ထမ်းတွေကရပြီးတော့ တချို့လူတွေမရဘူးဆိုတဲ့ ခွဲခြားတဲ့ဟာမျိုးကတော့မဖြစ်သင့်ပါဘူး။ ဥပဒေ ကိုလိုက်နာရမယ်။ ဥပဒေထဲမှာပြဌာန်းထားတဲ့အတိုင်းလုပ်ရမယ်။ ဝန်ကြီးဌာနက ညွန်ကြားချက်ထုတ်ပြီးတော့ မည်သူမည်ဝါကိုပေးလိုက်တဲ့ ပုံစံမျိုးလုပ်လို့မရဘူး။ ကားပါမစ်ကို အဲဒီလိုပေးမယ့်အစား တစ်ခြားလိုအပ်နေတဲ့ နေရာတွေမှာ အကုန်လုံးအတွက်တစ်ပြိုင်နက်ဖြည့်ဆည်းပေးတာမျိုး လုပ်သင့်တယ်။

တစ်နိုင်ငံလုံးရှိပြည်သူတွေ တစ်ခြားပြည်သူတွေလည်း ဘယ်လိုအခြေအနေမျိုးနဲ့ ကိုက်ညီတာမျိုး အခုဟာက လူတစ်စုအတွက် လုပ်နေတာဆိုတော့ ဒါဥပဒေနဲ့မညီပါဘူး။ ဥပဒေနဲ့မညီတဲ့လုပ်ရပ်ဖြစ်တဲ့အတွက် ကန့်ကွက်ရမှာပေါ့။ ဒါပေမယ့် ဝန်ကြီးဌာန တင်တယ်ဆိုတာက ပုံစံမျိုးတော့ရှိတာပေါ့။ အဆိုကို တင်မှာလား။ မေးခွန်းမေးမှာလား။ အဆိုတင်မယ်ဆိုရင် ကျန်တဲ့လွှတ်တော်ကို ယ်စားလှယ်တွေဝိုင်းပြီး ဒီအပေါ်မှာ ကိုယ်ရဲ့ထင်မြင်ချက်တွေကို ဆွေးနွေးခွင့်ရှိတယ်ပေါ့။

မေးခွန်းမေးဆိုရင်တော့ သက်ဆိုင်ရာ မေးခွန်းတင်တဲ့ လွှတ်တော်ကိုယ်စားလှယ်နဲ့ ဝန်ကြီးဌာနနဲ့တိုက်ရိုက်အမေးအဖြေလုပ်ပြီးတော့ပဲ ပြီးသွားတာပေါ့။ ပြည်သူလူထုပုံရိပ်ကို ပြည်သူလူထုကြားထဲမှာ ပုံရိပ်ကျဆင်းစေတယ်။ မညီမျှတဲ့ဟာကို မလုပ်သင့်ဘူးလို့ထင်ပါတယ်။ ကျွန်တော်တို့ တစ်တိုင်းပြည်လုံးကလည်း ခေတ်ဆက်ဆက်မှာ အစိုးရကောင်းတစ်ရပ်ကို မျှော်လင့်တယ်။ အစိုးရကောင်းတစ်ရပ်ဆိုတာက အားလုံးအပေါ်တန်းတူညီမျှဆက်ဆံလိမ့်မယ်။ ဒီလိုမျိုးကိုမျှော်လင့်ခဲ့တာ လူတစ်စုအတွက် လုပ်တယ် ဆိုတဲ့အတွက် ခံစားချက်မျိုးပြည်သူလူထုကို မဖြစ်သွားစေချင်ဘူး။ တကယ်လုပ်တာ ဟုတ်ချင်မှဟုတ်မယ်။

အပြင်မှာထွက်နေတဲ့သတင်းကျတော့ မမျှတဘူးပေါ့နော်။ ပြည်သူအတွက်ကျတော့ ဘာမှခံစားခွင့်မရှိဘူး။ ပြည်သူတွေကတော့အခွန်ဆောင်နေရတဲ့ အချိန်မှာ ဘာခံစားခွင့်မှမရှိဘူး။ အထက်အကြီးအကဲတွေက ကားတွေရကုန်တဲ့ဟာ ပြသနာတော်တော်ကြီးတယ်။ ကျွန်တော်တို့နိုင်ငံမှာ ကားပိုင်ချင်တဲ့အိမ်မက်ပေါ့။ နိုင်ငံခြားတိုင်းပြည်တွေမှာ ကျွန်တော်တို့ နိုင်ငံမဟုတ်တဲ့ အိမ်နီးနားချင်ပတ်ဝန်းကျင်တွေမှာကော တစ်ခြားဖွံ့ဖြိုးပြီး နိုင်ငံတွေမှာကော ကားဆိုတာ အိမ်မှာမရှိမဖြစ်သုံး တဲ့ပစ္စည်းပေါ့။ လူသုံးယောက်ရှိတဲ့အိမ်မှာ ကားသုံးစီးရှိတဲ့အချိန်မှာ ကျွန်တော်တို့နိုင်ငံမှာကားအစုတ်တွေကို ဈေးကြီးပေးပြီးဝယ်နေရတဲ့အချိန်မှာ လူတန်းစားတစ်ရပ်လိုမျိုး တိုင်းပြည်ကိုကွဲသွားစေမယ့်ဟာမျိုး မလုပ်သင့်ဘူးလို့ထင်တယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts