All News Election Local News

ဆိပ်ကမ်းမြို့နယ်ကို ဖျက်သိမ်းခြင်းသည် NLD ပါတီရွေးကောက်ပွဲအောင်နိုင်ရေး နှင့်မသက်ဆိုင်ဟု ဒေါက်တာမျိုးညွှန့်ပြော

ဆိပ်ကမ်းမြို့နယ်ကို ဖျက်သိမ်းခြင်းသည် NLD ပါတီရွေးကောက်ပွဲအောင်နိုင်ရေး နှင့်မသက်ဆိုင်ဟု ဒေါက်တာမျိုးညွှန့်ပြော

ရန်ကုန်၊ ဇန်နဝါရီ ၃ဝ

ရန်ကုန်တိုင်းအတွင်းရှိ ဆိပ်ကမ်းမြို့နယ်ကို ဇန်နဝါရီလ ၂၇ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့က ပယ်ဖျက်လိုက်ခြင်းသည် အစိုးရက အုပ်ချုပ်ရေးအဆင်ပြေရန် လုပ်ဆောင်ခြင်းသာဖြစ်ပြီး NLDပါတီအောင်နိုင်ရေးနှင့် မသက်ဆိုင်ကြောင်း NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က ပြောဆိုသည်။

“ ကျွန်တော်တို့ ရွေးကောက်ပွဲအောင်နိုင်ရေးရည်ရွယ်ချက်နဲ့ ဘယ်လိုလုပ်ငန်းမျိုးကိုမှ ပါတီက မလုပ်ပါဘူး ဆိုတာကတော့ အခိုင်အမာပြောရဲပါတယ်။ တိုင်းပြည်အတွက် ကျွန်တော်တို့ မြို့နယ်တွေမှာ တန်းတူအခွင့်အရေးရဖို့ စီမံအုပ်ချုပ်တဲ့နေရာမှာ ချောမွေ့လွယ်ကူစေဖို့ ဒီရည်ရွယ်ချက်နဲ့ပဲလုပ်တာဖြစ်ပါတယ်” ဟု ဒေါက်တာမျိုးညွန့်ကပြောဆိုသည်။

ဆိပ်ကမ်းမြို့နယ်သည် ရန်ကုန် (အနောက်ပိုင်း)ခရိုင်တွင်တည်ရှိပြီး ထိုမြို့နယ်အတွင်းရှိ မော်တင်ယာယီဈေးရပ်ကွက်အား လမ်းမတော်မြို့နယ်အတွင်းသို့ လည်းကောင်း၊ ဆိပ်ကမ်းမိသားစု ရိပ်သာရပ်ကွက်၊ ရဲရိပ်သာရပ်ကွက်နှင့် ရေပိုင်နက်(၁ဝ၄) စတုရန်းမိုင်ကို ဗိုလ်တထောင်မြို့နယ်အတွင်းသို့ လည်းကောင်း ထည့်သွင်းဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

“ ဆိပ်ကမ်းမြို့နယ်က လူဦးရေးထောင်ဂဏန်းနဲ့ မြို့နယ်တစ်ခုဖြစ်နေတာပါခင်ဗျ။ သူရဲ့အုပ်ချုပ်ရေးကလည်း ကျွန်တော်တို့ တခြားမြို့နယ်တွေနဲ့ ပုံမှန်မဟုတ်ပါဘူး။မတူပါဘူး။ ဌာနသုံးခုလောက်က ခွဲပြီးတော့ သူ့ရဲ့အုပ်ချုပ်ရေးကိုကိုင်တာပါ။ အုပ်ချုပ်ရေးပိုင်းမှာ ဒီအတွက်ပြဿနာတွေဖြစ်နေလို့ သူတို့ဟာ အမြဲတမ်းပဲတင်ပြခဲ့တာတွေ နှစ်နဲ့ချီရှိပါပြီ ဒါကိုအခုတော့ အုပ်ချုပ်ရေးပိုင်းက နီးစပ်ရာမြို့နယ်များပြောင်းထည့်ပြီးတော့ ဆောင်ရွက်ဖို့ သူတို့ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်” ဟု ဒေါက်တာမျိုးညွန့်က ဆက်လက်ပြောဆိုသည်။

ကြံ့ခိုင်ရေးပါတီUSDP၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒလှမြင့်က ဆိပ်ကမ်းမြို့နယ် ဖျက်သိမ်းမှုနှင့်ပတ်သက်ပြီး အစည်းအဝေးမပြုလုပ်ရသေးသည့်အတွက် မပြောကြားနိုင်သေးကြောင်း သတင်းစာရှင်းပွဲ သို့မဟုတ် ထုတ်ပြန်ချက် ထုန်ပြန်ရန်ရှိကြောင်း ပြောဆိုသည်။

ကြံ့ခိုင်ရေးပါတီမှ ဦးနေမျိုးအောင်သည် ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ဆိပ်ကမ်းမြို့နယ်မှ အနိုင်ရခဲ့သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဖြစ်သော်လည်း ရှုံးနိမ့်ခဲ့သူ NLD ပါတီမှ ဦးသန်းထိုက်အောင်၏ ကန့်ကွက်မှုကြောင့် ရွေးကောက်ပွဲကော်မရှင်က တိုင်းတန်းမှုကို ပြန်လည်စစ်ဆေးကာ NLD ပါတီမှ ဦးသန်းထိုက်အောင်ကို အနိုင်ပေးခဲ့သည်။

ကြံ့ခိုင်ရေးပါတီမှ ဦးနေမျိုးအောင်ကို ရွေးကောက်ပွဲအနိုင်ရရှိပြီးနောက် ရွေးကောက်ပွဲအကြိုကာလတွင် ဒေသခံများအား ငွေချေးကုမ္ပဏီနှင့် ချိတ်ဆက်ပေးခဲ့ခြင်းအပေါ် NLD ပါတီဘက်က တိုင်ကြားခဲ့ပြီး ရွေးကောက်ပွဲ ကော်မရှင်က ဥပဒေနှင့်ငြိစွန်းသဖြင့် ကိုယ်စားလှယ်အဖြစ် ပြန်လည် ရုပ်သိမ်းကာ NLD ပါတီမှ ကိုယ်စားလှယ်ကို အနိုင်ပေးခဲ့သည်။

၁၉၆၂ ခုနှစ် တော်လှန်ရေးကော်စီလက်ထက်တွင် ဆိပ်ကမ်းမြို့နယ် စတင်ပေါ်ထွန်းခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ်နောက်ပိုင်း ဆိပ်ကမ်းမြို့နယ်ရှိ ရွေးကောက်ပွဲများတွင် NLD ပါတီ အနိုင်မရရှိဘဲ ကြံ့ခိုင်ရေးပါတီကသာ အနိုင်ရလေ့ရှိသည့် မဲဆန္ဒနယ် မြို့နယ်တစ်ခုဖြစ်သည်

ဓာတ်ပုံ- ဆိပ်ကမ်းမြို့နယ်အတွင်းရှိ အုပ်ချုပ်ရေးရုံးနှင့်စာကြည့်တိုက်။

Photo Credit – mdn.gov.mm

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com