All News Local News

ကြွက်ကျနေ၍ လင်းမြွေအကောင် ၂၀၀ လွှတ်ခဲ့သော်လည်း ကြွက်များ ကရင်ပြည်နယ်ဘက်သို့ ရွှေ့ပြောင်း၊ ဝန်ကြီးလွှတ်ခိုင်းသည့်မြွေများ အန္တရာယ်မရှိဟုဆို

ကြွက်ကျနေ၍ လင်းမြွေအကောင် ၂၀၀ လွှတ်ခဲ့သော်လည်း ကြွက်များ ကရင်ပြည်နယ်ဘက်သို့ ရွှေ့ပြောင်း၊ ဝန်ကြီးလွှတ်ခိုင်းသည့်မြွေများ အန္တရာယ်မရှိဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၂၁

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်းရှိ သိကျိတ်ကျေးရွာအတွင်း ကြွက်များသောင်းကျန်းကာ စပါးများလိုက်လံစားသောက်နေခြင်းကြောင့် ရှမ်းပြည်နယ် ကယန်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးခွန်အေးမောင်က လင်းမြွေအကောင် ၂ဝဝ လွှတ်ခဲ့သော်လည်း ကြွက်များ ကရင်ပြည်နယ်သို့ ရွှေ့ပြောင်းမှု ကြုံတွေ့နေရကြောင်း ဖယ်ခုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးမောင်ကပြောဆိုသည်။

“ ရှမ်းပြည်နယ် သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတဝန်ကြီး ဒေါက်တာညီညီအောင်က ကျွန်တော်တို့ဒေသမှာ တောင်ယာစပါးတွေ ကိုက်ဖြတ်နေတဲ့ ကြွက်ကိုစားဖို့ဆိုပြီးတော့ ကယန်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးခွန်အေးမောင်ကို လင်းမြွေတွေသွားလွှတ်ခိုင်းတာ အကောင် ၂ဝဝပါ။ ကြွက်တွေကတော့ စပါးတွေ မရှိအောင်ကို စားတယ်။ မနေ့ကဆိုရင် ကျွန်တော်တို့ ရှမ်းပြည်နယ်အစိုးရဌာနကနေ ထောက်ပံ့ကြေးတွေ သွားပေးရတယ်လေ။ အန္တရယ်တော့ မဖြစ်လောက်ပါဘူး။ ကျွန်တော်ထင်တာလေ ဝန်ကြီးက လွှတ်ခိုင်းတာဆိုတော့ အန္တရာယ်မရှိလောက်ပါဘူး” ဟု ၎င်းကပြောဆိုသည်။

ထိုမြွေအကောင်၂ဝဝကို ဇန်နဝါရီလ ၁၅ရက်နေ့တွင် တောတွင်းသို့လွှတ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိချိန်တွင် ဒေသခံပြည်သူများက ကြွက်အန္တရာယ်အပြင် မြွေအန္တရာယ်ပါ စိုးရိမ်မှုများဖြစ်ပေါ်လျက်ရှိသည်ဟု ဒေသခံပြည်သူများကပြောဆိုသည်။

“ ကြွက်တွေသောင်းကျန်နေတာက နှစ်နှစ်ရှိပြီ။ အဲဒေသမှာ သူတို့က စပါးကိုမျိုးမကျန်အောင်ကိုစားတာ ကြွက်တွေက အခုဘယ်ရောက်သွားလည်းဆိုတော့ ကရင်ပြည်နယ်ထဲကိုရောက်သွားပြီ ပြေးသွားပြီ ကရင်ပြည်နယ် သံတောင်ကြီးဖက်မှာ သတင်းကြားလိမ့်မယ်။ ကြွက်တွေ တအားသောင်းကျန်းလာတယ်ဆိုတာကြားလိုက်မယ်။ ကြွက်တွေက အကောင်ရေမနိုင်အောင်ကို သောင်းကျန်နေတာ” ဟု ဦးဖိုးမောင်ကဆက်လက်ပြောဆိုသည်။

အဆိုပါဒေသတွင် ကြွက်များသည် စပါးမျိုးများ မကျန်အောင် ကိုက်ဖြတ်စားသောက်နေပြီး လက်ရှိချိန်တွင် ကြွက်များ သောင်းကျန်းသည့်ရန်လျော့နည်းသွားပြီဖြစ်သည်ဟု ဒေသခံပြည်သူများကပြောဆိုသည်။

ဒေသခံများကမူ ကြွက်ရန်ကြောင့် လယ်စပါးခင်းများ ပျက်စီးမှု အကြီးအကျယ်ကြုံတွေ့နေရပြီး ကြွက်နှိမ်နင်းရေး နည်းလမ်းများ ကူညီထောက်ပံ့ပေးစေလိုသည်ဟု ပြောဆိုကြသည်။

Photo Credit – PKPF

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts