All News Editorial

ကျန်းမာရေးဝန်ကြီးဌာနသည် ဝူဟန်ဗိုင်းရပ်စ်ပိုး ကူးစက်မှုကို ကာကွယ်တားဆီးရာတွင် အလွန်ညံ့ဖျင်း၍ လူထု၏ အသက်များကို လျစ်လျူရှုသကဲ့သို့ပင်ဖြစ်နေသည်

အယ်ဒီတာ့အာဘော်

ကျန်းမာရေးဝန်ကြီးဌာနသည် ဝူဟန်ဗိုင်းရပ်စ်ပိုး ကူးစက်မှုကို ကာကွယ်တားဆီးရာတွင် အလွန်ညံ့ဖျင်း၍ လူထု၏ အသက်များကို လျစ်လျူရှုသကဲ့သို့ပင်ဖြစ်နေသည်

တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှ စတင်ခဲ့သော ဝူဟန်ကော်ရိုနာ ဗိုင်းရပ်စ်ပိုးကြောင့် လူပေါင်း ၂၁၃ ဦးသေဆုံးပြီး လူပေါင်း ၁၀၀၀၀ နီးပါး ကူးစက်ခံရကာ နိုင်ငံပေါင်း ၂၀ နီးပါး ကို ကူးစက်သွားပြီဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO ကလည်း လက်ရှိ နိုင်ငံတကာတွင် ကြုံတွေ့ရသော ဝူဟန်ဗိုင်းရပ်စ်ကူးစက်မှု အခြေအနေသည် အလွန်စိုးရိမ်ရသည့် ကမ္ဘာလုံးဆိုင်ရာ အရေးပေါ် အခြေအနေအဖြစ် ကြေညာလိုက်ပြီဖြစ်သည်။

တစ်ကမ္ဘာလုံးအုတ်အော်သောင်းနင်းဖြင့် အစိုးရများက အလွန်ဂရုစိုက်စွာ ဝူဟန်ဗိုင်းရပ်စ်အရေး ကိုင်တွယ်နေကြချိန်တွင် မြန်မာအစိုးရ ကျန်းမာရေး ဝန်ကြီးဌာနသည် အလွန်ကို ညံ့ဖျင်းစွာဖြင့် ကိုင်တွယ်လျက်ရှိနေသည်ကို တွေ့ရသည်။ တစ်နည်းအားဖြင့် လူထု၏ အသက်ကို တန်ဖိုး မထားခြင်းပင်ဖြစ်သည်။

ရန်ကုန်လေဆိပ်အပါအဝင် လေဆိပ်များတွင် ပြည်ပမှ ပြန်လာသူများကို စောင့်ကြည့်ရာတွင် သေချာစွာ စောင့်ကြည့်ခြင်းမရှိဘဲ ပေါ့လျော့စွာဖြင့် စောင့်ကြည့်နေကြောင်း လေဆိပ်ဝင်ထွက်သွားလာနေကြသည့် မြန်မာနိုင်ငံသားများနှင့် နိုင်ငံခြားသားများက လူမှုကွန်ရက်များတွင် မျှ ဝေကြသည်။

မြန်မာနိုင်ငံနှင်နယ်စပ် တရုတ်ယူနန်ပြည်နယ်တွင် ဝူဟန်ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ လူနာ ၇၀ ဦးထိရှိလာနေသော်လည်း နယ်စပ်ဂိတ်များတွင် ဖိဖိစီးစီးဆောင်ရွက်မှု မရှိဟုဆိုရပေမည်။

နယ်စပ်ဂိတ်ပေါက်များတွင် တရုတ်ဘက်မှ ပြန်ဝင်လာသူများကို စစ်ဆေးရာတွင် အလွန်ပေါ့လျော့စွာဖြင့် စစ်ဆေးနေခြင်းဖြစ်သည်။ အဓိကအားဖြင့် ဝူဟန်ဗိုင်းရပ်စ်ပိုးသည် ကူးစက်ခံရပြီး ၁၄ ရက်အတွင်း မည်သည့်ရောဂါ လက္ခဏာမှ မပြသဘဲ အခြားသူများကို ကူးစက်နိုင်ခြင်းကို လျစ်လျူရှုထားခြင်းဖြစ်သည်။ အထူးသဖြင့် ဝူဟန်ဗိုင်းရပ်စ် ပိုး ကူးစက်ဖြစ်ပွားရာ တရုတ်နိုင်ငံမှ ပြန်လာသူများကို အဖျားရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ၁၄ ရက်တိတိခွဲခြားထားပြီး စောင့်ကြည့်ရမည်ဆိုသော အချက်ကို လျစ်လျူရှုထားခြင်းဖြစ်သည်။

ယမန်နေ့က မူဆယ်မြို့၊ နန်းတော်ပေါက်နယ်စပ်ဂိတ်သို့ တရုတ်နိုင်ငံရွှေလီမြို့မှ ဝင်လာသည့် မြန်မာနိုင်ငံသား ၁၀၅ ဦးတွင် ၁ ဦးကဖျားနေ၍ မူဆယ်မြို့ ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ စောင့်ကြည့် ကုသနေကြသည်။ သို့ရာတွင် ကျန်လူ ၁၀၄ ဦးတွင် အဖျားမရှိ၍ သက်ဆိုင်ရာ နေရာဒေသများသို့ ပြန်ရန် လွှတ်ပေးလိုက်သည်။ အကယ်၍ မူဆယ်မြို့ ပြည်သူ့ဆေးရုံကြီးတွင် စောင့်ကြည့်နေသော လူနာသည် ဝူဟန်ဗိုင်းရပ်စ်ကူးစက်ခံရသည်ဆိုပါက ကျန် ၁၀၄ ဦးလည်း အတူပြန်လာသူများဖြစ်၍ စောင့်ကြည့်ရပေမည်ဖြစ်သည်။

အမှန်တကယ်တွင် အတူဝင်လာသူ ၁၀၄ ဦးကိုလည်း ပြန်မလွှတ်ဘဲ ၁၄ ရက်တိတိ စောင့်ကြည့်ရမည်ဖြစ်သည်။ သို့သော်လည်း ၁၀၄ ဦးမှာ သက်ဆိုင်ရာ နေရာဒေသအသီးသီးသို့ ပြန်သွားကြပြီဖြစ်သည်။

မြန်မာနိုင်ငံတွင်း တရုတ်စီမံကိန်းများသို့ လာကြသည့် တရုတ်နိုင်ငံသားများ ဝင်ရောက်မှုကိုလည်း ပေါ့ပေါ့တန်တန်ပင်ထားပုံရသည်။ စစ်ကိုင်းတိုင်း စံပယ်တောင်ကြေးစင်တောင် စီမံကိန်းသို့ တရုတ် ၂၅ ဦး ဝင်ရောက်လာမှုကို လူထုက လူမှုကွန်ရက်တွင် ထ၍ စိုးရိမ်ကြောင်း ပြောဆိုမှ သွားရောက်စစ်ဆေးသည်။

ပြည်ပမှ ဝင်လာသူများကို ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ရာတွင်လည်း ကျန်းမာရေးဝန်ထမ်းများကိုယ်တိုင် အကာအကွယ် မရှိဘဲ နှာခေါင်းစွပ်လေးဖြင့် အပူချိန် ထောက်တိုင်းမှုကိုသာ အဓိက ထားလုပ်ဆောင်နေသည်။ အမှန်တကယ် ဝူဟန်ဗိုင်းရပ်စ် ကူးစက်ခံရပါက နယ်စပ်ဂိတ်တွင် နှာခေါင်းစွပ်သာ တပ်ထားသည့် ကျန်းမာရေးစစ်ဆေးပေးနေသည့် ဝန်ထမ်းများ လွတ်ကင်းနိုင်မည်မထင်ပေ။

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် အလွန်နီးကပ်နေသော အိမ်နီးချင်းနိုင်ငံဖြစ်ပြီး ဝူဟန်ဗိုင်းရပ်စ်ကူးစက်ခံနိုင်ခြေ အမြင့်မားဆုံးနိုင်ငံတစ်ခုတွင်ပါဝင်နေသည်။ ရုရှားနိုင်ငံက တရုတ်နှင့်နယ်စပ်ဂိတ်များအားလုံးကို ပိတ်ပင်ကြောင်း ဇန်နဝါရီလ ၃၀ ရက်နေ့က ကြေညာလိုက်သော်လည်း မြန်မာအစိုးရအနေဖြင့် နယ်စပ်ဂိတ်များ ပိတ်ပင်သင့်သည်ကို အလေးထားပုံမရပေ ။

အဆိုးဝါးဆုံးမှာ ပြည်သူလူထုကို အသိပညာပေးမှုနှင့် သတင်းမီဒီယာများက ဝူဟန်ဗိုင်းရပ်စ်ပိုးကူးစက်ခံ သံသယလူနာများနှင့်ပတ်သက်သော နောက်ဆုံး အခြေအနေမေးမြန်းမှုများကို တုံ့ပြန်မှု အားနည်းခြင်းပင်ဖြစ်သည်။ သတင်းမီဒီယာများက ရရှိသမျှ သတင်းအချက်အလက်ကို တင်ပြနေကြချိန် ကျန်းမာရေးဝန်ကြီးဌာနက ကောလာဟလ မယုံကြရန်ဆိုသော သတင်းစကားကိုသာ အဓိက ထားပြီး လူထု မထိတ်လန့် စေရန်သာ လုပ်ဆောင်နေသည်။

ဝူဟန်ဗိုင်းရပ်စ်ပိုးကူးစက်မှု အခြေအနေသည် ကမ္ဘာလူထု ထိတ်လန့်စရာအခြေအနေဖြစ်ကြောင်း WHO ကြေညာချိန်တွင် မြန်မာအစိုးရ ကျန်းမာရေးဝန်ကြီးဌာနသည် လူထု မထိတ်လန့်စေရန်ကိုသာ အဓိကထားနေပြီး ကာကွယ်တားဆီးမှု လုပ်ငန်းများကို ထိရောက်စွာ မဆောင်ရွက်ဘဲ လျစ်လျူရှုမှုများဖြင့် လူထုအသက်ကို တန်ဖိုးမထား သကဲ့သို့ပင်။

မြန်မာနိုင်ငံသည် ဝူဟန်ဗိုင်းရပ်စက် ကူးက်နိုင်ရန် အလွန်အန္တရာယ်ကြီးသော အခြေအနေတွင် ရှိနေရာ နိုင်ငံတွင်းတွင် အစုလိုက်အပြုံလိုက် ကူးစက်ခံရပါက မည်သို့ တုံ့ပြန်ဆောင်ရွက်မည်ကို ကျန်းမာရေးဝန်ကြီးဌာန ပြင်ဆင်ထားပုံမရပေ။ အကယ်၍ ကျန်းမာရေးဝန်ကြီးဌာနက ပြင်ဆင်ထားသည်ဆိုပါက မည်သို့ မည်ပုံ ပြင်ဆင်ထားပါသည်ဟု လူထုကို ချပြခြင်းမရှိဘဲ ကျန်းမာရေးဝန်ကြီးကိုယ်တိုင် လေလုံးထွား၍ လေလုံးပိမှုများဖြင့်သာ အချိန်ကုန်နေသည်။

“ဝေဖန်တဲ့သူကို ကျွန်တော်ဆီ လာခဲ့ခိုင်းလိုက်။ ဒီမှာလာရင် သူဖျားသွားမယ်။ အခြားနိုင်ငံတောင် ဒီလောက်မလုပ်ဘူး။ ကျွန်တော်တို့နိုင်ငံ လုပ်ထားတာ ဘယ်လောက်ထိ ရှိတယ်ဆိုတာ။ သေချာကိုလ ုပ်ထားတာ” ဟု ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေးက ဇန်နဝါရီလ ၂၄ ရက်နေ့က ပြောဆိုခဲ့သော်လည်း မည်သို့မည်ပုံ ပြင်ဆင်ထားသည်ကို ချပြခြင်းမရှိပေ။

တစ်ကမ္ဘာလုံးမီဒီယာများတွင် ဝူဟန်ဗိုင်းရပ်စ်သတင်းများနှင့် ဆူညံပြီး နိုးနိုးကြားကြားရှိနေချိန်တွင် မြန်မာနိုင်ငံတွင်လူထုမှာ Mask နှာခေါင်းစွပ်တပ်ရန်ပင် ဝန်လေးကြသည်အထိ ကျန်းမာရေးဝန်ကြီးဌာနနှင့် အစိုးရက လူထုကို နိုးကြားအောင် မလှုံ့ဆော်နိုင်ပေ။

ထိုင်းနိုင်ငံအစိုးရတာဝန်ရှိသူများက Maskနှာခေါင်းစွပ်ထုတ်လုပ်သော စက်ရုံများသို့ သွားရောက်၍ နှာခေါင်းစွပ်Mask များ လူထု အတွက် လုံလောက်စွာ စီမံထားရန် စစ်ဆေးမှာကြားနေကြချိန် မြန်မာအစိုးရတာဝန်ရှိသူများမှာ အခြားသော လုပ်ငန်းဆောင်တာများနှင့် အလုပ်များနေပုံရသည်။ လူထု၏ ကျန်းမာရေးသည် လတ်တလော အစိုးရခေါင်းဆောင်များ၏ ဦးစားပေး စာရင်းတွင် ပါဝင်ပုံမရပေ။

အနှစ်ချုပ်အားဖြင့် ဆိုရသော် လက်ရှိ မြန်မာနိုင်ငံအခြေအနေသည် ဝူဟန်ဗိုင်းရပ်စ်ကူးစက်နိုင်ခြေ အမြင့်မားဆုံးဖြစ်ပြီး ဖြစ်ပွားလာပါက ကြိုတင်ပြင်ဆင်ထားလျှင်တောင် ထိန်းချုပ်ရန် ခက်ခဲမည့်အခြေအနေဖြစ်သည်။ အစိုးရအနေဖြင့်လည်းကောင်း၊ ကျန်းမာရေးဝန်ကြီးဌာန ဝူဟန်အရေး ပေါ့ပေါ့မတွေးဘဲ လူထု၏ အသက်များကို တန်ဖိုးထား၍ နိုးကြားစွာဖြင့် အလေးထား ဆောင်ရွက်ရန် အလွန်အရေးကြီးနေပါကြောင်း မီးမောင်းထိုးပြအပ်ပါသည်။

လက်ရှိအချိန်တွင် မြန်မာပြည်လူထု၏ ကျန်းမာရေးနှင့်အသက်အတွက် အရေးကြီးဆုံးအချိန်ဖြစ်ပါကြောင်း ထပ်လောင်း အသိပေး နှိုးဆော်အပ်ပါသည်။

ဓာတ်ပုံ- တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်နယ်စပ်ဂိတ်တွင် ပြန်ဝင်လာသူများကို ကျန်းမာရေးစစ်ဆေးနေစဉ်။ Photo Credit – ကချင်အစိုးရ

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts