All News Local News

ကချင် ၊ ဂျိန်းဖော အသုံးအနှုန်း အငြင်းပွားချိန် အာဏာဖြင့် ကချင်ပြည်နယ်နေ့ ဟု သတ်မှတ်ကျင်းပမှု အကွဲအပြဲပိုကြီးလာစေဟုဆို

ကချင် ၊ ဂျိန်းဖော အသုံးအနှုန်း အငြင်းပွားချိန် အာဏာဖြင့် ကချင်ပြည်နယ်နေ့ ဟု သတ်မှတ်ကျင်းပမှု အကွဲအပြဲပိုကြီးလာစေဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၁၀

ကချင်ပြည်နယ်တွင် နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိသော မနောင်ပွဲတော်ကို ကျင်းပရန်အတွက် စီစဉ်ရာတွင် မတူညီသော မျိုးနွယ်စုများအကြား ကချင်ပြည်နယ်နေ့ ဟု မြန်မာဘာသာဖြင့် အသုံးပြုမည်၊ ဂျိန်းဖောမုန်းဒေါ့ Jinhpaw Mung Daw N’htoi ဟု ဂျိန်းဖောစာပေဖြင့် ရေးသားမည် ဟူ၍ အငြင်းပွားနေချိန် အစိုးရက ကချင်ပြည်နယ်နေ့ဟု အာဏာဖြင့် သတ်မှတ်သုံးစွဲ ကျင်းပနေရာ မျိုးနွယ်စုများအကြား ကွဲပြားမှုများစွာ ဖြစ်ပေါ်လာလျက်ရှိနေကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၇ ရက်နေ့ က တက်ကြွလှုပ်ရှားသော ခေါင်းဆောင်တချို့ ဦးဆောင်၍ ကချင်ပြည်နယ်အစိုးရက Jinhpaw Mund Daw N’htoi အစား ကချင်ပြည်နယ်နေ့ဟု သုံးနှုန်းသတ်မှတ်၍အခမ်းအနားကျင်းပမည်ဟု ကြေညာခဲ့မှုအတွက် ကန့်ကွက်ကြောင်း၊ ကချင်ပြည်နယ်နေ့ဟု သုံးစွဲရန် ကချင်ပြည်နယ်အစိုးရနှင့် ညှိနှိုင်းမှုရှိခဲ့သော WGH ခေါ် မြန်မာနိုင်ငံကချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်း ဖျက်သိမ်းရေး တောင်းဆိုခဲ့ကြသည်။

မြန်မာနိုင်ငံကချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်းWGH၊ ဂျိန်းဖောစာပေနှင့်ယဉ်ကျေးမှုကော်မတီ၊ မြန်မာနိုင်ငံလီဆူစာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီ၊ မြန်မာနိုင်ငံရဝမ်စာပေနှင့် ယဉ်ကျေးမှုအသင်း၊ လာချိဒ်စာပေနှင့်ယဉ်ကျေးမှု ဗဟိုကော်မတီ၊ ဝိုင်ဝါးစာပေနှင့်ရိုးရာယဉ်ကျေးမှုအဖွဲ့ ၊ ကချင်ပြည်နယ်လီဆူစာပေနှင့်ရိုးရာယဉ်ကျေးမှုအဖွဲ့ ၊ လော်ဝေါ်စာပေနှင့်ရိုးရာယဉ်ကျေးမှုဗဟိုကော်မတီ၊ Rvwang New Generation Congress တို့က ကချင်ပြည်နယ်နေ့ဟု သုံးစွဲမှု လက်ခံပြီး ဂျိန်းဖော Jinhpaw Mung Daw N’htoi အဖြစ် သုံးစွဲမှုကို ဆန့်ကျင်ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့ကြသည်။

ကချင်ပြည်နယ်အစိုးရက ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ကချင်ပြည်နယ်နေ့ အခမ်းအနားကို ကျင်းပခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပါ တက်ရောက်ခဲ့သည်။

မနောင်ပွဲ ကျင်းပရေးအတွက် နာမည်ကိစ္စနှင့်ပတ်သက်၍ ဖေဖော်ဝါရီလသို့ ပြောင်းရွှေ့ရန် စီစဉ်ခဲ့သော်လည်း ကချင်ပြည်နယ်အစိုးရက မနောင်ပွဲအားကချင်လူမျိုးတို့၏ သဘောထားကို ဆန့်ကျင်ကာ ပြုလုပ်ခဲ့ကြောင်း၊ကချင်လူထု၏ သဘောထားကို အလေးမထားဘဲ NLD အစိုးရက မနောင်ကခဲ့သဖြင့်ဆန့်ကျင်ကန့်ကွက်မည့်ကိစ္စများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း Kachin Youth Movement က ယနေ့ ကြေညာသည်။

ကချင်လူငယ်တက်ကြွလှုပ်ရှားသူ မဆိုင်းနုပန်က “တစ်ဖက်က ကချင်မုန်းဒေါ့်ဆိုတာကို သဘောကျတယ်ပေါ့နော်။ နောက်ထပ်တစ်ဖွဲ့ကျတော့ ဂျိန်းဖောမုန်းဒေါ့်ဆိုတဲ့ဟာကို သဘောကျတယ်။ တစ်ဖွဲ့ကဂျိန်းဖောမုန်းဒေါ့်ဆိုရင် မပြုလုပ်ပေးဖို့ဆိုပြီးမှ တားမြစ်တဲ့အဖွဲ့ရှိသလို တစ်ခြားအဖွဲ့ကနေလည်း ကချင်မုန်းဒေါ့်ဆိုမလုပ်ဖို့ တားမြစ်တဲ့အဖွဲ့ရှိတယ်” ဟု ပြောဆိုသည်။

Kachin Youth Movement ၏ ဇန်နဝါရီလ ၇ ရက်နေ့ ထုတ်ပြန်ချက်တွင် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဗမာတိုင်းရင်းသူ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်မနောင်ကွင်းအတွင်းတွင် မနောင်ကရရုံဖြင့် နိုင်ငံရေးအကျိုးအမြတ် အထွေအထူးရရှိလာမည်မဟုတ်သော်လည်း ဆိုးကျိုးသည်ကား အလွန်ပင်များလာမည်မှာ မြေကြီးပုတ်ခတ်မလွဲကြောင်း၊ အာဏာဖြင့် ဝင်ရောက်စွက်ဖက်မှုသည်၂၀၁၅ တွင် ကချင်ပြည်သူများ၏ ထောက်ခံမှုဖြင့် အစိုးရဖြစ်လာသောသူများအဖို့ ၂၀၂၀ တွင် လုံးဝစိုးရိမ်စရာဖြစ်လာနိုင်ကြောင်း၊ ကချင်လူမျိုးတို့၏ သမိုင်းတွင်လည်း ‘လူပေါင်းမှားခဲ့ပြီ ‘ ဟူသော အတွေးများဝင်ရောက်လာနိုင်သည်မို့ အစိုးရအဖွဲ့ဝင်များအနေဖြင့် ပြသနာပေါင်းများစွာဖြစ်လာနိုင်သည်ကို သိသိနှင့် မလုပ်ဆောင်ကြရန် အရေးကြီးလှသည်မို့ ဆင်ဆင်ခြင်ခြင် လုပ်ဆောင်ကြရန် အသိပေးအပ်ကြောင်း၊လူငယ်များသည်လည်း အကြောင်းအရာ အဖြစ်အပျက်များအားလုံးကို လေ့လာစောင့်ကြည့်နေကြောင်းနှင့် လိုအပ်ပါက လိုအပ်သလို လှုပ်ရှားမှုများကို ဖော်ဆောင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ကချင်တိုင်းရင်းသားမျိုးနွယ်စုများအကြား ဖြစ်ပွားနေသော အငြင်းပွားမှုကို ပြည်နယ်အစိုးရက ဝင်ရောက်စွက်ဖက်ပြီး အာဏာဖြင့် ဆောင်ရွက်မှုသည် မသင့်တော်ဟု မဆိုင်းနုပန်က ဆိုသည်။

” ဒီကိစ္စကတော့တိုင်းရင်းသား မျိုးနွယ်စုနဲ့ ဆိုင်တဲ့ကိစ္စဖြစ်တယ်။ ပြည်နယ်အစိုးရဘက်ကနေ ဝင်ရောက်စွဲဖက်ခွင့်တော့မလုပ်သင့်ဘူးလို့ကျွန်မမြင်တယ်။ အခုကတော့ ပြည်နယ်အစိုးရကနေ တစ်ချက်လွှတ်အမိန့်ပေါ့နော်။ နှစ်ဦးနှစ်ဖက်က မကျေလည်တဲ့ကိစ္စတွေအတွက်ကြောင့်” ဟု မဆိုင်းနုပန်က ဆိုသည်။

လက်ရှိအချိန်အထိ ကချင်အသုံးပြုမည်လော၊ ဂျိန်းဖော အသုံးပြုမည်လော ကိစ္စက မပြေလည်သေးဘဲ ကချင်ပြည်နယ်အစိုးရကမူ နှစ်ခုစလုံးကို ထည့်၍ ရိုက်နှိပ်ပြီး ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ပွဲတော်ကျင်းပသွားခဲ့သည်။

“အရင်ကတည်း သုံးခဲ့တာက ဂျိန်းဖောဆိုပြီးသုံးခဲ့တယ်။ မနှစ်တုန်းကစပြီးတော့ ဥပဒေအရ ဥပဒေမှာတော့ ကချင်ဆိုပြီးသုံးထားတာရှိတယ်။ အများပိုင်းအရတော့ ဥပဒေအရသုံးရမယ်ဆို ပြီးတော့မှကချင်ဆိုတာကိုသုံးကျတယ်ပေါ့။ ဒီဘက်ကဂျိန်းဖောတွေကလည်း အရင်ကတည်းကနေ ဂျိန်းဖောဆိုပြီးသုံးခဲ့တာကို အခုမှကချင်ဆိုပြီး ပြန်ပြောင်းသုံးမယ်ဆိုမှ စောဒဂတက်ကြတယ်ပေါ့နော်။ ဒီလိုအနေအထားတော့ရှိတယ်။ ဇန်နဝါရီလ၁၀ရက်ဆိုရင် ကချင်ပြည်နယ်နေ့ပေါ့။ ကချင်ပြည်နယ်နေ့မှာ မနောပွဲထည့်သွင်းပြုလုပ်တယ်။ ကချင်ပြည်နယ်နေ့ကို အဓိပ္ပါယ်ဖွင့်ဆိုတဲ့အခါမှာ ကချင်လို့ အဓိပ္ပါယ်ဖွင့်ဆိုတဲ့အခါမှာ တစ်ချို့ကတော့ ကချင်မုန်းဒေါ့် မုန်းဒေါ့်ဆိုတာကတော့ ပြည်နယ်ကိုပြောတာပေါ့။ တစ်ချို့က ကချင်မုန်းဒေါ့်လို့ ပြောကျသလို တစ်ချို့ ဂျိန်းဖောမုန်းဒေါ့်လို့ ပြောကျတယ်။ အဲဒီနှစ်ခုအပေါ်မှာမတူညီတဲ့အတွက်ကြောင့် ဘုံပေါ့။ ဘယ်သူက ဘယ်ဟာက အမှန်လည်းဆိုတာ အခုထိကျွန်မတို့ဆီမှာလည်း အဖြေကမရသေးတဲ့အနေအထားရှိတယ်ပေါ့နော်။ တစ်ချို့ကလည်းဂျိန်းဖောဆိုမှကြိုက်တယ်။ တစ်ချို့ကလည်းကချင်ဆိုမှကြိုက်တယ် အဖွဲ့တွေရှိကျတာပေါ့နော်။ အဲဒီအပေါ်မှာအငြင်းပွားကျတာပေါ့” ဟု မဆိုင်းနုပန်က ဆိုသည်။

အငြင်းပွားမှုကို ညှိနှိုင်းမှုမရှိဘဲ အစိုးရနှင့် အခြားသော လူမှု အဖွဲ့အစည်းများက လိုသလို ပုံဖော်ခြင်းဖြင့် မျိုးနွယ်စုများအကြား မသင့်မြတ်မှုကို ဦးတည်စေပြီး အကွဲအပြဲပိုမို ကြီးမားလာစေသည်ဟု ကချင်လူငယ် တက်ကြွလှုပ်ရှားသူတစ်ဦးက ဆိုသည်။

မြန်မာပြည်မြောက်ပိုင်းသျှမ်းမျိုးနွယ်စုရေးရာအဖွဲ့ကလည်း ဇန်နဝါရီလ ၁၀ ရက်နေ့ကို ကချင်ပြည်နယ်နေ့ သတ်မှတ်ခြင်းကို ကန့်ကွက်ကြောင်း ၁၉၄၈ ခုနှစ်တွင် ဖဆပလ အစိုးရ၏ သမိုင်းကြောင်းအရ ပြည့်စုံခိုင်မာစွာ တည်ရှိနေသော သျှမ်းလူမျိုး အများစုနေထိုင်သော ဗန်းမော်ခရိုင်၊ ကသာခရိုင်၊ ပူတာအိုခရိုင်တို့ကို ကချင်ဒူဝါများ၏ အတင်းအကျပ်တောင်းဆိုမှုကြောင့် ကချင်ပြည်နယ်ဟု သတ်မှတ်ခဲ့ခြင်းဖြစ်သည်ဟု ဇန်နဝါရီလ ၉ ရက်နေ့တွင် ထုတ်ပြန် ပြောဆိုထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts