All News Health Local News

ကချင်ပြည်နယ်တွင် တရုတ်အမျိုးသားသေဆုံးခြင်းမဟုတ်ဘဲ တရုတ်တွင် သေဆုံးမှုအတွက် ဝိုင်းမော်တွင် ဆုတောင်းပွဲ ကျင်းပခြင်းဟု ကချင်လူမှုရေးဝန်ကြီးဦးနေဝင်းပြော

ကချင်ပြည်နယ်တွင် တရုတ်အမျိုးသားသေဆုံးခြင်းမဟုတ်ဘဲ တရုတ်တွင် သေဆုံးမှုအတွက် ဝိုင်းမော်တွင် ဆုတောင်းပွဲ ကျင်းပခြင်းဟု ကချင်လူမှုရေးဝန်ကြီးဦးနေဝင်းပြော

ရန်ကုန်၊ ဇန်နဝါရီ ၂၉

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ နွမ်မော်ယန်ကျေးရွာတွင် တရုတ်အမျိုးသားတစ်ဦး ချောင်းဆိုး၍ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် သေဆုံးသွားသည်ဆိုသော သတင်းကို ကချင်ပြည်နယ်အစိုးရ လူမှုရေးဝန်ကြီး ဦးနေဝင်းက ငြင်းဆိုလိုက်ပြီး တရုတ်တွင် သေဆုံးသွားမှုအတွက် ယင်းကျေးရွာတွင် ဆုတောင်းပွဲ ကျင်းပခြင်းသာဖြစ်ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“သူက တရုတ်မှာ သေတာ။ သေတဲ့အတွက် အဲဒီဝိုင်းမော်မှာ ဆုတောင်းပွဲ ကျင်းပပေးပါတာ။ အဲဒီနယ်မြေခံ ကျန်းမာရေးဆရာဝန်လည်း တင်ထားပါတယ်” ဟု လူမှုရေးဝန်ကြီး ဦးနေဝင်းက ပြောဆိုသည်။

ဇန်နဝါရီ ၂၇ ရက်နေ့တွင် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်သို့ ခိုးလမ်းဖြင့်ပြန်လာသော အမျိုးသားတစ်ဦး ဝိုင်းမော်မြို့နယ်၊ ချီဖွေလမ်းရှိ နွမ်မော်ယာန်ကျေးရွာတွင် ချောင်းဆိုးကာ သေဆုံးသွားသဖြင့် ဒေသခံများက ဝူဟန် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြောင့်ဖြစ်မည်ကို စိုးရိမ်နေကြကြောင်း ကချင်ပြည်နယ်အခြေစိုက် မြစ်ကြီးနားသတင်းဂျာနယ်က ယမန်နေ့က သတင်းဖော်ပြထားသည်။

အဆိုပါသေဆုံးသူသည် ဇန်နဝါရီလ၂၇ရက်နေ့တွင် တရုတ်ပြည် နယ်စပ်ပန်ဝါဘက်မှ ခိုးလမ်းဖြင့် ဝိုင်းမော် နွမ်မော်ယာန်ကျေးရွာသို့ ပြန်လာခဲ့ခြင်းဖြစ်ကြောင်း ဝိုင်းမော်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် မှ ဦးအားဆီကပြောဆိုကြောင်း မြစ်ကြီးနားသတင်းဂျာနယ်က ဆက်လက် သတင်းဖော်ပြထားသည်။

ဝိုင်းမော်မြို့နယ်မှ ကချင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနော်လီက နွမ်မော်ယန်ကျေးရွာသည် ၎င်း၏ မဲဆန္ဒနယ်တစ်ခုဖြစ်ပြီး ယင်းဒေသမှ တရုတ်အမျိုးသား သေဆုံးသည်ဟု တင်ပြလာခြင်း တစ်စုံတစ်ရာမရှိသေးကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“နွမ်မော်ယန်ကျေးရွာက ကျနော့်မဲဆန္ဒနယ်မှာပါပါတယ်။ အဲဒီက သေဆုံးတယ်ဆိုတယ်ဆိုပြီး တင်လာတာ၊ အကြောင်းကြားတာတော့ မရှိသေးပါဘူး” ဟု ဦးနော်လီက ဆိုသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် ကချင်ပြည်နယ်အစိုးရဝန်ကြီး ဦးနေဝင်းနှင့် လွှတ်တော်ကိုယ်စားလှယ် ဦးနော်လီ၏ ပြောကြားချက်များကိုသာ သိရှိရပြီး ဝိုင်းမော်မြို့နယ်၊ နွမ်မော်ယာန်ကျေးရွာမှ ဒေသခံများ၏ ပြောဆိုချက်ကို ရယူနိုင်ခြင်းမရှိသဖြင့် မြေပြင် အခြေအနေနှင့်ပတ်သက်၍ အသေးစိတ်မသိရှိသေးပါ။ ရန်ကုန်ခေတ်သစ်သတင်းဌာနအနေဖြင့် စုံစမ်းမှုများ ဆက်လက် ဆောင်ရွက်နေဆဲဖြစ်သည်။

တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့သော ဝူဟန်ကိုရိုနာဗိုင်းရပ်ပိုးနှင့် ပတ်သက်၍ ကြိုတင် ကာကွယ်ရေးအတွက် ကချင်ပြည်နယ်အတွင်းရှိ မြန်မာ – တရုတ် နယ်စပ် ဝင်/ထွက်ဂိတ်များဖြစ်သည့် လွယ်ဂျယ်၊ ကန်ပိုက်တီနှင့် ပန်ဝါနယ်စပ်ဂိတ်များတွင် ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း ကချင်ပြည်နယ်အစိုးရ တာဝန်ရှိသူများက ပြောဆိုသည်။

ဓာတ်ပုံ- ကန်ပိုက်တီးနယ်စပ်ဂိတ်တွင် ကျန်းမာရေးစစ်ဆေးရေး လုပ်ငန်းဆောင်ရွက်နေစဉ်။ Photo Credit- ကချင်ပြည်နယ်အစိုးရ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com