All News Editorial

ICJ ၊ လူမျိုးတုန်းသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ မြန်မာ့လူ့အဖွဲ့အစည်းက လူမဆန်မှုတွေကို အားပေးနေပြီလား

ICJ ၊ လူမျိုးတုန်းသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ မြန်မာ့လူ့အဖွဲ့အစည်းက လူမဆန်မှုတွေကို အားပေးနေပြီလား

By ထွန်းလင်းဦး

ICJ မှာ နှစ်ဖက်လျှောက်လဲချက်ကတော့ ပြီးဆုံးသွားပေမယ့်နိုင်ငံတကာ မှာရော ပြည်တွင်းမှာပါ အပြန်အလှန် ငြင်းခုန်မှုတွေဆက်လက်ဖြစ်ဦးမှာ ဖြစ်ပါတယ် ။ မိတ်ဆွေ ၊သူငယ်ချင်းလုပ်ဖော်ကိုင်ဖက် တော်တော်များများက ICJ လျှောက်လဲချက်နဲ့ပတ်သက်ပြီးသဘောထားအမြင်မျိုးစုံကိုလည်းဖတ်မှတ်ရပါတယ် ။

ကျွန်တော် ကတော့ ICJ ဆုံးဖြတ်မယ့် ကိစ္စကိုတော့ သိပ်စိတ်မဝင်စားလှပေမယ့် ဒီကိစ္စက နိုင်ငံတကာဥပဒေကြောင်းအရ ၊ရိုဟင်ဂျာ တွေကို လူမျိုးတုံးဖျောက်ဖျက်ကို ပြုလုပ်နေတဲ့ အကြောင်း ကမ္ဘာက ပိုသိလာမယ့် လမ်းကြောင်းအနေပဲ စိတ်ဝင်စားပါတယ် ။ ပြည်တွင်းမှာ အခုလို့ ဆွေးနွေး‌ငြင်းခုံနေရတာကလည်း လူအဖွဲ့အစည်း ပြန်လည်တည်ဆောက်ရေးအတွတ် ရှောင်လွှဲလို့မရတဲ့ အရာလို့ မြင်ပါတယ် ။

ရှေ့ကကျွန်တော်ပြောခဲ့သလိုပါပဲ ICJ ဆုံးဖြတ်ချက်ကို စိတ်မဝင်စားရတာလည်း အကြောင်းရှိပါတယ် ။ပထမအချက်ကတော့ နိုင်ငံတာကာဥပဒေတွေ ဟာ နိုင်ငံတစ်ခုရဲ့ နယ်နိမိတ်ထဲကိုသက်ရောက်ဖို့ အကန့်အသတ် တွေအများကြီးရှိပါတယ် ။ နောက်တစ်ချက်ကတော့ ပိုအရေးကြီးပါတယ် ။ လူတော်တော်များများက ရိုဟင်ဂျာအရေးကိစ္စက ၂၀၁၇ ခုနှစ် ဩဂုတ်လနောက်ပိုင်းမှဖြစ်လာတဲ့ ကိစ္စ လိုထင်ကြပါတယ် ။ဒီထက်နည်းနည်းပိုသိတဲ့ သူက ၂၀၁၂ ခုနှစ်နောက်ပိုင်း မှာစဖြစ်တာ လို့ ‌ထင်ကြပါတယ် ။ ၁၉၇၈ ခုနစ်နဂါးမင်းစစ်ဆင်ရေးနဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ တွေကို တိုင်းပြည်ထဲကမောင်းထုတ်ခဲ့တာ ၊ ကျေးရွာတွေကို ဖျက်စီးခဲ့တာ လူတွေကို သတ်ဖြတ်ခဲ့တာ ၊ အဒီနောက်ပိုင်း ပြဌာန်းလိုက်တဲ့ တိုင်းရင်းသားဗဟိုပြုနိုင်ငံသားဥပဒေ ၊ ၁၉၉၂တစ်ဝိုက်မှာ မှာလည်း စစ်အစိုးရက အလားတူ ကိစ္စကို ထပ်ကျုးလွန်ခဲ့တာ ရှိခဲ့ဖြစ်ခဲ့တာပါ။ နှစ်ပေါင်း ၄၀ အတွင်းရိုဟင်ဂျာလူမျိုးတွေ တိုင်းပြည်အတွင်းက အတင်းအဓ္ဓမ မောင်းထုတ် ပြီး ၊အသက်တွေဘဝ တွေ ကိုဖျက်ဆီးဖျောက်ဖျက်ခဲ့တာ အနည်းဆုံးလေးကြိမ်ရှိခဲ့ပါတယ် ။

နိုင်ငံတကာဖိအားကြောင့် ပြီးခဲ့တဲ့ နှစ်ကြိမ်မှာပြန်လက်ခံခဲ့ပင်မယ့် ၊ နောက်နှစ်အနည်းအကြာမှာမှပဲ ရိုဟင်ဂျာတွေသူတို့မွေးရပ်မြေကနေ မောင်းထုတ်ခံရတာ အကြိမ်ကြိမ်အလီလီရှိပါတယ် ။ ရိုဟင်ဂျာကိစ္စကို စဉ်စားမယ်၊ ပြောကြမယ်ဆိုရင် ၇၈နဲ့ ၉၂ တုန်းက ဖြစ်ခဲ့တာတွေရဲ့သက်ရောက်မှုကို လည်းထည့်သွင်းစဉ်းစားဖို့လိုပါတယ် ။ မောင်းထုတ်ခံရတယ် ၊ ပြန်လက်ခံတယ် ထပ်ပြီးမောင်းထုတ်ခံရတယ် နဲ့ သံသရာလည်နေရပါတယ် ။ပြန်လက်ခံတယ်ဆိုပေမယ့် ရိုဟင်ဂျာတွေ နိုင်ငံအတွင်းပြန်ရောက်လာတိုင်းသူတို့ရဲ့ နိုင်ငံသားအခွင့်အရေး စီးပွားရေး လူမှုရေးအခွင့်အရေးတွေ တဖြည်းဖြည်းချင်းဆုံးရူံးခဲ့ရပါတယ် ၊ ခရီးသွားလာခွင့် ‌တွေကန့်သတ်ခံရပါတယ်။

၂၀၁၅ ခုနှစ်မှာ နိုင်ငံရေးပါဝင်ခွင့်လုံးဝကန့်သတ်ခံလိုက်ရပြီး ၊ နောက်ဆုံးလက်ကျန် အခွင့်အရေး‌တွေအားလုံးဆုံးရှုံးခဲ့ရပါတယ် ။ သူတို့ဘဝတွေ အခွင့်အရေးအားလုံး နိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်းကနေဖယ်ရှားခြင်းခံလိုက်ရပြီး ၊သူတို့ဒေသ၊ ‌မွေးရပ်မြေမှာ အကျဉ်းသားတွေလိုနေခဲ့ရတာပါ။ ICJ ရဲ့တရားဥ‌ပဒေဘောင်က အဲဒီလောက်အထိလက်လှမ်းမမီနိုင်ပါဘူး ။

ဒါတွေဘာကြောင့်ဖြစ်ခဲ့ရလည်းဆိုတာ ၊အခုအထိလည်းဘာကြောင့်ဖြစ်နေတုန်း၊ နှစ်ပေါင်းလေးဆယ်ရှိပါပြီး ။နှစ်ပေါင်းလေးဆယ်အတွင်း နိုင်ငံရေးစနစ်သုံးကြိမ်ကြုံခဲ့ရပါတယ် ၊ ဆိုရှယ်လစ် ၊ စစ်အစိုးရ ၊ ဖားတစ်ပိုင်းငါးတစ်ပိုင်းဒီမိုကရေစီစနစ် စသဖြင့် ပြောင်းလဲခဲ့ရပင်မယ့် ၊ရိုဟင်ဂျာတွေကတော့ ဒုံရင်းထက်တောင်ပိုဆိုးသွားခဲ့ရပါတယ် ။ ဂုဏ်သိက္ခာမဲ့စွာ အသက်ရှင်နေထိုင်ခဲ့ရတယ် ။

ဒီလို လူမဆန်မှုတွေဘာကြောင့်ဖြစ်လဲ ဒီလောက်နှစ်ကာလကြာတဲ့အထိဘာကြောင့်ဆက်ရှိနေရတာလဲ ၊ ဘာကြောင့်အရှိန်အဟုန် ဆက်ကြီးထွားနေရသလဲဆိုတာ စဉ်းစားစရာရှိလာပါတယ် ။၁၉၇၈ခုနှစ်နဲ့ ၁၉၉၂ ခုနှစ်မှာဖြစ်တဲ့ဖြစ်စဉ်တွေမှာ state agents နဲ့ institutions တွေ က ဦးဆောင်ပြီး လုပ်ခဲ့တာ ဖြစ်ပါတယ် ။

အခုနောက်ပိုင်းဖြစ်ပွားတဲ့ တိုက်ခိုက်မှုတွေမှာ state agents နဲ့ institutions အပြင် ၊ ၈၂ နိုင်ငံသားဥပဒေနဲ့ ထုဆစ်လိုက်တဲ့ တိုင်းရင်းသားဝါဒနဲ့အသားကျသွားပြီးဖြစ်တဲ့ မြန်မာလူ့အဖွဲ့အစည်းအတွင်းက လူအများစု တွေပါ မနောကံ ၊ကာယကံ အားဖြစ်တိုက်ရိုက်ပါဝင်လာကြပါတယ် ။ သတ်တာဖြတ်တာ မီးရှို့တာ တွေကို state agents တွေကိုကြည်ကြည်ဖြူဖြူပေးအပ်ပြီး မိမိတို့ရဲ့ ပြည်သူ့အချုပ်အခြာ (public sovereignty ) တန်ဖိုးမဲ့စေပါတယ် ။

အခု ICJ မှာငြင်းခုန်နေကြတဲ့ ဂျီနိုဆိုက်ဖြစ်ခြင်းမဖြစ်ခြင်း ထက် ပိုရရင်လေးရတဲ့ အကြောင်းကတော့ ဒီလိုလူမဆန်မှုတွေ ကိုအားပေးတဲ့နေရာမှာ တိုင်းရင်းသားလူအဖွဲ့အစည်းအသီးသီက ဘယ်လောက်အထိပါဝင်ခဲ့ကြသလဲဆိုတာကိုပါပဲ ။ အစဉ်အလာအရ မြန်မာနိုင်ငံ‌ဆိုတာ လူ့အဖွဲ့အစည်းနဲ့ state ‌‌agents တွေ အဆက်မပြတ် ပဋိပက္ခဖြစ်နေတဲ့ တိုင်ပြည်ဖြစ်ပါတယ် ။လူအဖွဲ့အစည်းက state agents တွေရဲ့ လွမ်းမိုးမှုချုပ်ကိုင်မှုတွေကို အမြဲဆန့်ကြလို့ လက်နက်ကိုင်တိုက်ပွဲ၊ လူထုအုံကြွမှုတွေ ဖြစ်နေတာပေါ့ ။

အခုတစ်ခါမှာတော့ ရိုဟင်ဂျာအရေးမှာ state agents နဲ့ လူအဖွဲ့အစည်းတသားတည်းဖြစ်ခဲ့လို့သာ အမုန်းမီးတောက်ကို အရှိန်ရစေခဲ့ရပါတယ် ။လူအဖွဲ့အစည်းတစ်ခုလုံး နာဇီလူ့အဖွဲ့အစည်းဖြစ်သွားပြီးလို့မပြောချင်ပင် ၊ သေချာတာတစ်ခုကတော့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ လားရာဦးတည်ချက်ကတော့ မကောင်းဘူးဆိုတာကတော့သေချာသလောက်ရှိပါတယ် ။

သူတပါးအသက်ကိုတန်ဖိုးထားရမယ် ၊ ပရ အတ္တ နှစ်ပါးမျှတရမယ် ၊ကျွန်တော်တို့ အာ‌ပြဲအောင်ဆိုခဲ့ကြတဲ့ “ခွင့်တူညီမျှဝါဒဖြူစင်တဲ့မြေဆိုတဲ့မြေ”ဆိုတာ တဲ့ လောကပါလ တရားတွေ ပျောက်ဆုံးသွားတာက လူ့အဖွဲ့အစည်းရဲ့ ဝိဉာဉ်သဆုံးသွားတာပါပဲ ။ လူ့အဖွဲ့အစည်း ဝိဉာဉ်သေဆုံးသွားတယ်ဆိုတာ ၊ လူထုသူ့အချုပ်အခြာ (Public Sovereignty ) လည်ပတ်မှုရပ်တန့်သွားရတာပါ ။

အဲဒီအချိန်ရောက်ရင် state sovereignty နဲ့ legitimacy ဆိုတာ နိုင်ငံရေးအယူအဆတစ်ခု ၊ စနစ်တစ်ခု ၊ လူမျိုးတစ်မျိုးရဲ့ အချုပ်အခြာ ၊တရားဝင်မှုအဖြစ်အသွင်ပြောင်းသွားရမှာကို ပဲကျွန်တော်ရင်လေးရတာပါ။ တရားမျှတမှုကို ငြင်းပယ်တဲ့၊ ဒါမှမဟုတ် မဆွေးနွေးတဲ့ ၊ မစဉ်းစားတဲ့ လူ့အဖွဲ့ အစည်းဆိုတာ လူထုအချုပ်အခြာဆင်းရဲမှုမျိုးဖြစ်ပါတယ်။အဲဒီလိုနိုင်ငံတွေမှာ ရိုဟင်ဂျာဂျီနိုဆိုက်တင်မကပါဘူးနောက်ထပ် ဂျီနိုဆိုက် တွေကိုလည်း မျှော်လင့်နိုင်ပါသေးကြောင်းပါခင်ဗျာ ။

ဓာတ်ပုံ- ICJ

(ထွန်းလင်းဦးသည် လောကအလင်း၏ အမှုဆောင်ဒါရိုက်တာတစ်ဦးဖြစ်သည်)

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com