Local News Peace political news

ICJ သွားမည့် ဒေါ်အောင်ဆန်းစုကြည်ထောက်ခံပွဲများ နိုင်ငံတော်အဆင့်ဖြစ်ပြီ၊ အာဏာပိုင်များနှင့် လွှတ်တော်အမတ်များပါ တက်ကြွစွာ ပါဝင်နေရ

ICJ သွားမည့် ဒေါ်အောင်ဆန်းစုကြည်ထောက်ခံပွဲများ နိုင်ငံတော်အဆင့်ဖြစ်ပြီ၊ အာဏာပိုင်များနှင့် လွှတ်တော်အမတ်များပါ တက်ကြွစွာ ပါဝင်နေရ

ရန်ကုန်၊ ဒီဇင်ဘာ ၄

ရန်ကုန်အပါအဝင် တစ်နိုင်ငံလုံးတွင် ကျင်းပနေသော ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲများသည် နိုင်ငံတော် အဆင့်ဖြစ်လာပြီး လွှတ်တော်အမတ်များ ၊ အာဏာပိုင်များပါ ပါဝင်တက်ရောက် လာရကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်

“လက်ရှိအာဏာရပါတီ လက်ရှိအစိုးရဆိုတော့လည်း တစ်နိုင်ငံလုံးအတိုင်းအတာ လုပ်ရတာ လွယ်တာပေါ့ဗျာ။ အုပ်ချုပ်ရေးအဖွဲ့တွေက ဦးဆောင်လုပ်တဲ့ပွဲတွေမှန်တာပေါ့။ အခုကျွန်တော်တို့လည်း သတင်းရနေပြီလေ။ နိုင်ငံတော်အဆင့်ကိုလုပ်မယ့် သဘောရှိတယ်။ ဒီဇင်ဘာ ၁ဝ ရက်နေ့ကို အင်အားကိုများများဖြစ်အောင်လို့ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေတောင် ပါဝင်ဖို့လုပ်နေပြီလေ။ လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်ဖို့လုပ်နေပြီဆိုတာကတော့ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ မပါဘူးပေါ့။ အားလုံးလုပ်နေတာကို ကျွန်တော်တို့က တွေ့နေတာပဲလေ။ ဒီဇင်ဘာလ ၁ဝရက်နေ့ဆိုရင် ဒီထက်တောင် အင်အားများဦးမယ်။ ကျွန်တော်လည်း သတင်းရနေပြီလေ ၁ဝရက်နေ့မှာလည်းပဲ အရင်တုန်းက မ.ဆ.လ ခေတ်က ပြည်ထောင်စုနေ့ကို စစ်ကြောင်းကြီးများချီတက်သလိုပေါ့။ အဲလိုချီတက်ဖို့ အစီအစဉ်ရှိတယ်လို့ ကျွန်တော်သိရတယ်။ နိုင်ငံတော်အဆင့်ဆို မှန်တာပေါ့။ ရန်ကန်မှာတော့ ၁ဝရက်နေ့ကျရင် ခင်ဗျာတို့စောင့်ကြည့်လိုက်ပါ” ဟု ဦးကျော်ဇေယျက ပြောဆိုသည်။

ရန်ကုန်မြို့တော်တစ်ဝန်းတွင်လည်း ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံပါ We stand With You ဆိုသော ပိုစတာများကို လူစည်ကားရာ လမ်းဆုံလမ်းခွများအပါအဝင် မြို့တော်တစ်ဝန်းလုံးတွင် ချိတ်ဆွဲထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က ထောက်ခံပွဲများသည် ဥပဒေနှင့်အညီ ကျင်းပခြင်းဖြစ်ပြီး နိုင်ငံတော်က ဦးဆောင်ကျင်းပခြင်းမဟုတ်ဟု ငြင်းဆိုသည်။

“ဒါကတော့ အထူးသဖြင့် ပြည်သူတွေကလုပ်တာပါ။ တချို့နေရာတွေမှာတော့ အဖွဲ့ချုပ်ကလည်း ပူးပေါင်းဆောင်ရွက်တာရှိရင်ရှိမှာပေါ့။ ဒါပေမယ့် နိုင်ငံတော်အဆင့်လည်း မဟုတ်ပါဘူး။ ဒါအရပ်သားတွေကဦးဆောင်လုပ်တဲ့ပွဲပါ။ ကျွန်တော်တို့ကတော့ တည်ဆဲဥပဒေအကုန်လုံးကို လိုက်နာရမှာဗျ။ စည်ပင်ဥပဒေဆိုရင်လည်း စည်ပင်ဥပဒေ အကုန်လုံးလိုက်နာရမှာပဲ။ ဥပဒေကျော်တာ မြင်တွေ့ရင်တော့ ထောက်ပြပါ။ လိုအပ်ရင်တော့ ဥပဒေအရအရေးယူပါ။ ဒါကျွန်တော်တို့အားလုံးကို ပြောထားပါတယ်။ ပါဝင်ဆောင်ရွက်သူ အားလုံးဟာ ဥပဒေနဲ့အညီပဲဖြစ်ရပါ့မယ်။ ကျွန်တော်တို့ဆန္ဒထုတ်ဖော်ရင်လည်း ငြိမ်း၊စု၊စီအရ စနစ်တကျတင်ပါ။ ဒါတွေကတော့ ကျွန်တော်တို့ပြောလို့ရတဲ့သူတော့ပြောတာပေါ့လေ။ ကျွန်တော်တို့က တချို့ကတော့ ပါတီဝင်တွေမဟုတ်တဲ့သူတွေလုပ်တာဆိုတော့ ကျွန်တော်တို့လက်လှမ်းမမှီတာတွေလည်း ရှိပါတယ်” ဟု ဒေါက်တာမျိုးညွှန့်က ဆိုသည်။

ကရင်ပြည်နယ်တွင် ကျင်းပမည့် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲသည် ကရင်ပြည်နယ်အစိုးရက အဓိက ဦးဆောင်ပါဝင်နေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနက ပြောဆိုသည်။ ရန်ကုန်တိုင်းဒေသကြီး၊ မြို့တော်ခန်းမရှေ့တွင် ဒီဇင်ဘာ ၁ ရက်နေ့ ကကျင်းပသည့် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း တက်ရောက်ခဲ့သည်။

“အခုထိတော့ အုပ်ချုပ်ရေးအဖွဲ့ကဦးဆောင်တယ်လို့တော့ ကျွန်တော်တို့တော့မသိသေးပါဘူး။ ပူးပေါင်းပါဝင်တာပဲရှိတယ်။ ဒါကနိုင်ငံသားအားလုံးသက်ဆိုင်တဲ့ကိစ္စဖြစ်လို့ နိုင်ငံသားတစ်ယောက်အနေနဲ့တော့ တက်ခွင့်ရှိပါတယ်ဗျ”ဟု ဒေါက်တာမျိုးညွှန့်က ရှင်းပြသည်။

မြန်မာနိုင်ငံကို ICJ တရားရုံးတွင် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုမှုနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်၍ သွားရောက် တရားရင်ဆိုင်မည်ဟု အစိုးရက ကြေညာပြီးနောက် နိုင်ငံတစ်ဝန်း ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲများ ပေါ်ပေါက်လာခြင်းဖြစ်သည်။

ဓာတ်ပုံ- ရန်ကုန်မြို့လယ် ဦးထောင်ဘို အဝိုင်းတွင် ချိတ်ဆွဲထားသည့် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံမှု ပိုစတာ။(ရဲရင့်မင်းခန့်/ ရန်ကုန်ခေတ်သစ်)

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com