interview political news

ICJ မှာ မြန်မာခေါင်းဆောင်တွေ တရားစွဲဆိုခံရမှုအပေါ် သဘောထား ကွဲလွဲမှု မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေအကြား အကွဲအပြဲ အက်ကြောင်းလား

ICJ မှာ မြန်မာခေါင်းဆောင်တွေ တရားစွဲဆိုခံရမှုအပေါ် သဘောထား ကွဲလွဲမှု မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေအကြား အကွဲအပြဲ အက်ကြောင်းလား

By ရန်ကုန်ခေတ်သစ်

ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ တရားရုံး ICJ တွင် မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက လူမျိုးတုန်းသတ်ဖြတ်မှု စွပ်စွဲချက်နှင့် တရားစွဲဆိုထားမှုနှင့်ပတ်သက်၍ မြောက်ပိုင်းမဟာမိတ် ၇ ဖွဲ့ အကြား သဘောထားကွဲလွဲမှုများ ပေါ်ပေါက်လာသည်။ ရခိုင်တပ်မတော် AA၊ ပလောင် TNLA ၊ ကိုးကန့် MNDAA အဖွဲ့တို့က ICJ က မြန်မာစစ်ခေါင်းဆောင်များအပေါ် တရားစွဲဆိုမှုကို ကြိုဆိုပြီး သက်သေ အထောက်အထားများ ပေးပို့ ပူးပေါင်းဆောင်ရွက်မည်ဟု ထုတ်ပြန်သည်။

UWSA ၀ တပ်ဖွဲ့၊ မိုင်းလားအဖွဲ့နှင့် SSPP တို့က ICJ တွင် သွားရောက်တရားရင်ဆိုင်မည့် အရေးတွင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြိုဆိုကြောင်း ဖော်ပြထားသည်။ ရန်ကုန်ခေတ်သစ်က ယင်းသို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့များအကြား သဘောထားကွဲလွဲမှုနှင့်ပတ်သက်ပြီး ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားအရေး လေ့လာသူများကို ဆက်သွယ်မေးမြန်းထားပါသည်။

ဦးအောင်သူငြိမ်း
ပြင်ပဆက်ဆံဆက်သွယ်ရေး ဒါရိုက်တာ ၊ISP-Myanmar

မေး။ ။ မြန်မာနိုင်ငံကို ICJကတရားစွဲဆိုထားတဲ့ကိစ္စကို AA(ရခိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့) ၊TNLA(တအာင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့)၊ MNDAA(ကိုးကန့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့)တို့က ICJကိုကြိုဆိုပြီး၊ UWSAနဲ့ မိုင်းလားအဖွဲ့တို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရဘက်က တစ်သားတည်း ရပ်တည် ထောက်ခံတယ်ဆိုတော့ မြောက်ပိုင်းအဖွဲ့တွေကြား သဘောထားကွဲလွဲနေတာဘာကြောင့်လို့ထင်လဲ။

ဖြေ။ ။ ကျွန်တော်ထင်ကတော့ အခုလိုကိစ္စကလေ ရူပ်ထွေးတာလည်းပါတာပေါ့နော်။ နောက်တစ်ခုက အဖွဲ့တွေက သူတို့ရဲ့အကျိုးစီးပွားနဲ့လည်းဆိုင်တယ်လို့ထင်တယ်။ အကျိုးစီးပွားလို့ကျွန်တော်ပြောတာက ငွေကြေးဘာညာ ကိစ္စပြောတာ မဟုတ်ဘူး။ ဆိုလိုတာက တစ်ချို့အဖွဲ့က အစိုးရနဲ့ ငြိမ်းချမ်းရေး ပြေလည်ဖို့လိုလားတယ်ဆိုရင် သူတို့က ဝေဖန်ချင်မှဝေဖန်မှပေါ့နော်။ လက်ရှိက AA၊ ပလောင်(TNLA) တို့ တိုက်ပွဲဖြစ်နေသေးတဲ့ အခါကျတော့ နည်းနည်းလေးပြင်းပြင်းထန်ထန် ပြောတဲ့သဘောတွေရှိနေသေးတယ်လို့ ကျွန်တော်ထင်တယ်။

မေး။ ။ ဒါဆိုရင် ICJ အရေးမှာ မြောက်ပိုင်းအဖွဲ့တွေကြားမှာသဘောထားတွေကွဲလွဲပြီး အကွဲအပြဲ အဲဒီသဘောမျိုးလား။

ဖြေ။ ။ ယေဘုယျအပေါ်ယံ ကြည့်ရင်တော့လည်း ကွဲလွဲတယ်လို့ပြောရမှာပေါ့နော်။ ဘာဖြစ်လို့ လဲဆိုတော့ သူတို့ကြေညာချက်တွေကြောင့်။

မေး။ ။ ဒီလိုသဘောထားကွဲလွဲတာက ငြိမ်းချမ်းရေးကို ဘာတွေဆက်ဖြစ်နိုင်မလဲ။

ဖြေ။ ။ ကျွန်တော်မြင်တာကတော့ ငြိမ်းချမ်းရေးကတော့ဆက်သွားရမှာပါ။ ကျွန်တော်ထင်တယ် ဒီICJ ပြသနာ ကြောင့် ငြိမ်းချမ်းရေးထိခိုက်ဖို့ လောလောဆယ် မရှိသေးဘူးထင်တယ်။

မေး။ ။ မြောက်ပိုင်းအဖွဲ့တွေနဲ့ အစိုးရတွေ့ဆုံဖို့ အချက်၂ချက်ကတော့ တောင်းတာရှိတော့ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ တွေ့ဆုံဆွေးနွေးပွဲတွေကကော ဘယ်လိုဖြစ်သွားနိုင်မလဲ။

ဖြေ။ ။ ဒီလိုပေါ့ အသေးစိတ်ကိစ္စတွေ အတွင်းရေးကိစ္စတွေကတော့ ကျွန်တော်မသိဘူးပေါ့။ ကြည့်ရတာကတော့ နည်းနည်း အစိုးရရုံးဘက်ကပေါ့။ နည်းနည်းလေးသည်းခံမှုနည်းပါးလာတဲ့ ပုံတော့ရတယ်ထင်ပါတယ်။

မေး။ ။ ဒီအခြေအနေတွေတိုင်းဆိုရင်တွေ့ဆုံပွဲကကော ဖြစ်နိုင်ပါဦးမလား။

ဖြေ။ ။ အဲဒါတော့ပြောရခက်တယ်ဗျ ဆိုတာကတော့ အစိုးရဘက်ကတော့ကျွန်တော်ထင်တယ်။ ဆက်ပြီး တံခါးဖွင့်ထားဦးမယ့်သဘောရှိတယ်။ နောက်တစ်ခုကကျတော့ ယေဘုယျပြောရင် ဘာပဲဖြစ်ဖြစ် ဘယ်လောက်ပဲ စစ်တိုက်ပွဲတွေပြင်းထန်ပြင်းထန် တစ်ချိန်ကျရင်တော့လည်းဒီလို တွေဆုံဆွေးနွေးပြီးတော့ အဆုံးသတ်ရမှာပဲလေ။ အဲဒီတော့ကျွန်တော်ထင်တယ်။ တံခါးလုံးဝပိတ်လိုက်တာမျိုးတော့ မဖြစ်နိုင်ဘူးထင်ပါတယ်။

စာရေးဆရာမောင်မောင်စိုး
(တိုင်းရင်းသားအရေးလေ့လာသုံးသပ်သူ)

မေး။ ။ မြန်မာနိုင်ငံကို ICJက တရားစွဲဆိုထားတဲ့ကိစ္စကို AA(ရခိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့) ၊TNLA(တအာင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့)၊ MNDAA(ကိုးကန့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့)တို့က ICJကိုကြိုဆိုပြီး၊ UWSAနဲ့ မိုင်းလားအဖွဲ့တို့က ဒေါ်အောင်ဆန်းစုကြည်သွားရောက်ဖြေရှင်းမှာကို ထောက်ခံတယ်ဆိုတော့ မြောက်ပိုင်းအဖွဲ့တွေကြား သဘောထားကွဲလွဲနေတာဘာကြောင့်လို့ထင်လဲ။

ဖြေ။ ။ အဲဒါကတော့ သူတို့အဖွဲ့တွေရဲ့ အခြေအနေနဲ့ဆိုင်တယ်ဗျ။ အဖွဲ့အစည်းတွေရဲ့ အခြေအနေနဲ့ ဆိုင်တယ်ဆိုတာ UWSAနဲ့ မိုင်းလားအဖွဲ့က နှစ်၃၀ကျော်တဲ့ အထိ အစိုးရနဲ့ အပစ်ခတ်ရပ်စဲထားကာ တိုက်ခိုက်တာတွေရပ်ပြီး ငြိမ်းချမ်းရေးတည်ဆောက်ထားနိုင်တဲ့ အဖွဲ့တွေဖြစ်တယ်။

အစိုးရနဲ့ တစ်စုံတစ်ရာဆက်ဆံရေးကောင်းတယ်လို့ပြောလို့ ရတဲ့အဖွဲ့တွေဖြစ်တယ်။ ငြိမ်းငြိမ်းချမ်းချမ်းလည်း နေတယ်ဆိုတော့ သူတို့အခြေအနေကအဲဒီလိုဖြစ်တယ်။ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကျတော့လောလောဆယ် စစ်ပွဲဖြစ်နေတဲ့အပြင်မတည်ငြိမ်ဘူး။ ဘာမှအပစ်ခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီး သဘောတူညီချက်ရထားတဲ့နေရာတွေမဟုတ်ဘူး။

သူတို့ဒေသတွေမှာလည်းပဲ စစ်ဘေးကြုံနေတဲ့ အခါမှာလည်း သူတို့ဒေသခံပြည်သူတွေလည်း စစ်ဘေးသင့်ဒဏ်ခံရတယ်။ စစ်ရာဇဝတ်ကျုးလွန်တာ ခံရတယ်လို့သူတို့ ယူဆနေကြတာဖြစ်တယ်။ အဲဒီတော့မတူတဲ့ အခြေအနေတွေပေါ်မှာ မတူသလို စဉ်းစားဆုံးဖြတ်ကြတာဖြစ်တယ်။ အဲဒီတော့ မြောက်ပိုင်း သုံးဖွဲ့အနေနဲ့ကတော့ ကိုယ်ရဲ့ရန်သူရဲ့ ရန်သူဟာ ကိုယ့်ရဲ့ မိတ်ဆွေလို့သဘောထားလိုက်ပုံရပါတယ်။ အဲတော့မတူတဲ့အခြေအနေတွေပေါ်မူတည်ပြီးတော့ မတူသလိုပဲ ဆုံးဖြတ်ကြတယ်လို့ပဲပြောရမှာပါ။

မေး။ ။ ဒါဆိုရင် ICJအရေးမှာ မြောက်ပိုင်းအဖွဲ့တွေကြားမှာသဘောထားတွေကွဲလွဲပြီး အကွဲအပြဲ အဲဒီသဘောမျိုးလား။

ဖြေ။ ။ သူတို့အခြေအနေနဲ့ဆိုင်တဲ့ သဘောထားအမြင်ဖော်ပြတာလို့ပဲပြောလို့ရရပါမယ်။ အဲဒါကဘာမှ သူတို့အချင်းချင်းလဲ စစ်ရေးမဟာမိတ်ဖွဲ့ထားတာမဟုတ်တဲ့အတွက်ကြောင့်မို့ နိုင်ငံရေးမဟာမိတ်ပဲဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကွဲလွဲမှု ကြီးကြီးမားမားရယ်လို့ သူတို့ကိုယ်တိုင် ယူဆမှာမဟုတ်ဘူးထင်ပါတယ်။

မေး ။ ။ ဒီလိုသဘောထားတွေကွဲလွဲတာဟာ လက်ရှိ မြေပြင်အခြေအနေနဲ့ ပဲသက်ဆိုင်တယ်လို့ဆိုလိုတာလား။

ဖြေ။ ။ ဟုတ်တယ်။ လက်ရှိမြေပြင်အခြေအနေနဲ့ပဲ သက်ဆိုင်ပါတယ်။ ဒါတွေကလည်း မြောက်ပိုင်းသုံးဖွဲ့နဲ့ ကျွန်တော်တို့က ဆွေးနွေးညှိနိူင်းမူအဆင်ပြေတယ်ဆိုရင်လည်း တစ်မျိုးတစ်ဖုံဖြစ်နိုင်ပါတယ်။

မေး။ ။ မြောက်ပိုင်းအဖွဲ့တွေနဲ့ အစိုးရတွေ့ဆုံဖို့ က ဘယ်လိုဖြစ်နိုင်လဲ။

ဖြေ။ ။ အဲဒါကတော့ အောင်မြင်နိုင်ဖို့အလားအလာနည်းသွားတာပေါ့။ တစ်ဖက်နဲ့တစ်ဖက်ကတော့ သူတို့ ငြိမ်းချမ်းရေးလိုချင်တယ်ဆိုရင် ခင်ဗျားတို့ကကော ငြိမ်းချမ်းရေးလိုချင်လား ဟိုဘက်ကကော ငြိမ်းချမ်းရေးလိုလား ဒီဘက်ကကော ငြိမ်းချမ်းရေးလိုချင်လား အပြန်အလှန်ပဲမေးကျလိမ့်မယ်ထင်ပါတယ်။

မေး။ ။ ဒီအခြေအနေတွေတိုင်းဆိုရင်တွေ့ဆုံပွဲကကော ဖြစ်နိုင်ပါ့အုန်းမလား။

ဖြေ။ ။ တွေဆုံပွဲကတော့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သဘောတူညီချက်ရဖို့ကတော့ အတော်ကြိုးစားရဦးမယ်ထင်ပါတယ်။

ဒေါက်တာနိုင်ဆွေဦး
သေနင်္ဂ မဟာဗျူဟာလေ့လာရေးအဖွဲ့

မေး။ ။ မြန်မာနိုင်ငံကို ICJကတရားစွဲဆိုထားတဲ့ကိစ္စကို AA(ရခိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့) ၊TNLA(တအောင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့)၊ MNDAA(ကိုးကန့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့)တို့က ICJကိုကြိုဆိုပြီး၊ UWSAနဲ့ မိုင်းလားအဖွဲ့တို့က ဒေါ်အောင်ဆန်းစုကြည်သွားရောက်ဖြေရှင်းမှာကို ထောက်ခံတယ်ဆိုတော့ မြောက်ပိုင်းအဖွဲ့တွေကြား သဘောထားကွဲလွဲနေတာဘာကြောင့်လို့ထင်လဲ။

ဖြေ။ ။ ကျွန်တော်မြင်တာကတော့ ပထမဆုံးအချက်ကတော့ ဒါကတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းပေါ့ဗျာ။ ဒီအဖွဲစည်းတွေအကုန်လုံးကတော့ သူတို့ရဲ့ အကျိုးစီးပွားသူတို့ရဲ့ Only Interest သူတို့တော့အကျိူးစီးပွားတော့ ရှိနေကြတာပဲလေ။ ဒီမှာလည်းဒီပဋိပက္ခတွေ ကြိုဆိုတယ်ဆိုတဲ့အဖွဲ့တွေက ဒီပေါ့ ICJ ကတရားစွဲတာကို ထောက်ခံတယ်ဆိုတဲ့အဖွဲ့တွေက လက်ရှိတပ်မတော်နဲ့ ထိတွေ့တိုက်ခိုက်မှုဖြ စ်ပွားနေတဲ့ အဖွဲ့အစည်းတွေပေါ့ဗျာ။ သူတို့အတွက်တော့ ဒါကကောင်းတယ်လို့ ယူဆမှာပေါ့။

နောက်တစ်ခုက အမှန်တကယ် ဒါက ငြိမ်းချမ်းရေးကို လိုလားခြင်းရှိမရှိ ဒါလေးကပေါ်နေပါတယ်။ ဒီလိုတော့မြင်တယ်ပေါ့နော်။ ဟိုမှာလည်းနောက်တစ်ဖွဲ့က ဒီဘက်က အစိုးရပေါ် ဒေါ်အောင်ဆန်းစုကြည်တို့ထောက်ခံတာဆိုတော့ ဝ (UWSA)တို့ မိုင်လားအဖွဲ့တို့ ကျွန်တော်တို့က ဒီအဖွဲ့အစည်းတွေနဲ့ကျတော့ ကျွန်တော်တို့ကနှစ်ပေါင်းများစွာပေါ့ လက်နက်ကိုင်ချုပ်ငြိမ်းချင်တာကြာပြီ ဒီငြိမ်းချမ်းလုပ်ငန်းစဉ်မှာလည်းပဲ သူတို့ကပါတယ်။ ဒီပဋ္ဋိပက္ခတွေ မဖြစ်ခဲ့တာလည်း နှစ်ပေါင်းများစွာ ကြာနေပြီ။

ဝ(UWSA)နဲ့လည်း နှစ်သုံးဆယ်လောက်ကြာပြီ။ မိုင်လားနဲ့ နှစ်သုံးဆယ်လောက်ဖြစ်နေပြီဆိုတော့ သူတို့က ငြိမ်းချမ်းရေးရဲ့ အရသာတော့သိနေပြီ။ ဒီအတွက်သူတို့က သဘောထားကွဲလွဲတာ ပြီးတော့လည်း ဒီအဖွဲ့အစည်းတွေရဲ့ လက်ရှိအစိုးရသွားနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပေါ်မှာ ဆက်ပြီးပူပေါင်းပါဝင်ချင်တယ်လို့ ယူဆပါတယ်။ ဒါကြောင့်ကွဲလွဲတာဖြစ်နိုင်တယ်။ အခုဟိုဖက်က AAတို့ဘက်က အခုနောက်ပိုင်းမှာ သိသာလာတယ် ငြိမ်းချမ်းရေးကို လိုချင်စိတ်ရှိပုံမရတော့ဘူးဆိုတဲ့ဟာ ပေါ်လာပါတယ်။ ဒါကသူတို့ရဲ့ စိတ်သဘောထားအမှန်တွေကိုပြလိုက်တာပေါ့ ဒီလိုတော့မြင်ပါတယ်။

မေး။ ။ ဒါဆိုရင် ICJ အရေးမှာ မြောက်ပိုင်းအဖွဲ့တွေကြားမှာသဘောထားတွေကွဲလွဲပြီး အကွဲအပြဲ ရှိလာတဲ့ သဘောမျိုးလား။

ဖြေ။ ။ ကျွန်တော်မြင်တာတော့ ဖြစ်နိုင်တာပေါ့။ အခုနောက်ပိုင်းတောင်မှ တဖြည်းဖြည်း သူတို့သိသာလာတာပေါ့နော်။ KIO/KIA (ကချင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့) နဲ့တောင်မှ သိပ်သဘောထားတိုက်ဆိုင်ပုံမရဘူးလို့ မြင်လာတဲ့ဟာတွေရှိလာပြီပေါ့နော်။ ဘာဖြစ်လို့လည်းဆိုတော့ AAနဲ့ TNLAကတစ်ဖွဲ့လားမသိဘူး။ သက်သက်ဖြစ်လာပြီပေါ့နော်။ တဖြည်းဖြည်းကွဲလွဲလာပုံတော့ ရပါတယ်။ ဒီလိုတော့မြင်ရပါတယ်။ ဒါပေမဲ့လည်း သိပ်ပြီးတော့မှသိပ်ထင်ထင်ပေါ်ပေါ်ကြီး ကွဲလွဲနေတာတော့ သိပ်မမြင်ရသေးဘူး။

မေး။ ။ ဒါဆိုရင် မြောက်ပိုင်းသုံးဖွဲ့ရဲ့ ငြိမ်းချမ်းရေးအလားအလာ ဘယ်လိုဖြစ်နိုင်မလဲ။

ဖြေ။ ။ အစိုးရကညှိနိူင်းနေဆဲ လုပ်ငန်းစဉ်တွေရှိနေဆဲ ဒါလည်းမပြီးပြတ်သေးဘူး။ ဆက်ပြီးရှေ့ေ လျာက်သွားနေရဦးမှာ ဒါပေမယ့်သိပ်တော့ ဒီအဖွဲ့အစည်းတွေနဲ့ လက်နက်ကိုင် ပဋ္ဋိပက္ခတွေ ရပ်စဲဖို့ဆိုတာကတော့ အခက်အခဲကတော့ မလွယ်ဘူးလို့မြင်တယ်။ အထူးသဖြင့် ၂၀၂၀တည်းမှာရဖို့ မမြင်နိုင်ဘူး။ ၂၀၂၀ လွန်မှသာ မြင်လာရမယ်လို့ထင်ပါတယ်။ ကြာနေဦးမယ်။ ဒီအဖွဲ့အစည်းတွေနဲ့ကတော့ ကြာဦးမယ်။

မေး။ ။ မြောက်ပိုင်းအဖွဲ့တွေနဲ့ အစိုးရတွေ့ဆုံဖို့ က ဘယ်လိုဖြစ်သွားနိုင်မလဲ။

ဖြေ။ ။ ဒါကတော့ အစောကြီးတည်းက ငြိမ်းချမ်းအမှန်တကယ်လိုလားတယ်ဆိုရင်တော့လည်း ပါလာမှာပေါ့။ ကျွန်တော်မြင်တာကတော့ ဒီအချက်တွေက ခက်ခက်ခဲခဲ ညှိနေရမယ့် အချက်တွေမဟုတ်ဘူးပေါ့။ သဘောတူလက်ခံရမယ့် အချက်တွေလို့ထင်ပါတယ်။ ငြိမ်းချမ်းရေးကိုအမှန်တကယ်လိုလားပြီး သူတို့ရဲ့အကျိုးစီးပွားက မတူဘူးပေါ့။ တစ်ခြားဟာအဖွဲ့အစည်းတွေနဲ့ မတူဘူးပေါ့။ သဘောထားကွဲလွဲမှုတွေလည်းဖြစ်နိုင်တယ်။ ငြိမ်းချမ်းရေးပေါ်ပိုပြီးတော့ ထိခိုက်လာမယ်လို့မြင်တယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com