Local News Peace political news

ICJနှင့် ICC တွင် တရားစွဲဆို အရေးယူခြင်းဖြင့် တပ်မတော်ကို အရပ်သားအောက်သို့ ထည့်သွင်းရန် အချိန်ဟု ကရင်အဖွဲ့ ၄၈ ခုထုတ်ပြန်

ICJနှင့် ICC တွင် တရားစွဲဆို အရေးယူခြင်းဖြင့် တပ်မတော်ကို အရပ်သားအောက်သို့ ထည့်သွင်းရန် အချိန်ဟု ကရင်အဖွဲ့ ၄၈ ခုထုတ်ပြန်

ရန်ကုန်၊ ဒီဇင်ဘာ ၂

ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ ICJ နှင့် နိုင်ငံတကာရာဇဝတ်ခုံရုံး ICC တွင် မြန်မာ့တပ်မတော်ကို တရားစွဲဆိုအရေးယူခြင်းဖြင့် တပ်မတော်၏ ကျူးကျော်စစ်ကို ရပ်တန့်ရန်နှင့် တပ်မတော်ကို အရပ်သားလက်အောက်သို့ ထည့်သွင်းရန် အရေးကြီးသော အချိန်ဖြစ်ကြောင်း နိုင်ငံတကာရောက် ကရင်အဖွဲ့အစည်း ၄၈ ခုက ဒီဇင်ဘာလ ၂ ရက်နေ့ နေ့စွဲဖြင့် သဘောထားကြေညာချက်ထုတ်ပြန်လိုက်သည်။

ကမ္ဘာလုံးဆိုင်ရာ ကရင် ကွန်ရက်အနေဖြင့် မြန်မာနိုင်ငံကို ICJ တွင် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုခြင်း၊ ICC က စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်မည်ကို ကြိုဆိုကြောင်း၊ ကရင်တိုင်းရင်းသားများသည်လည်း ရိုဟင်ဂျာများကဲ့သို့ပင် မြန်မာ့တပ်မတော်က စနစ်တကျ ကျူးလွန်သော လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆယ်စုနှစ်ပေါင်းများစွာ ခံစားခဲ့ရကြောင်း၊ ထို့ကြောင့် မြန်မာ့တပ်မတော်ကို ICJ နှင့် ICC တွင် တရားစွဲဆိုမှုများကို လှိုက်လှဲစွာ ကြိုဆိုကြောင်း၊ တရားစွဲဆိုမှုများသည် မြန်မာ့တပ်မတော်ခေါင်းဆောင်ပိုင်းထံသို့ ကျူးလွန်သော ရာဇဝတ်မှုများအတွက် အပြစ် ကင်းလွတ်ကာလ လွန်မြောက်သွားပြီဆိုသည်ကို ရှင်းရှင်းလင်းလင်း အချက်ပြလိုက်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ယခုအချိန်သည် အရေးကြီးသော အချိန်ဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာနိုင်ငံကို စီးပွားရေး ပိတ်ဆို့မှု အပါအဝင် ဖိအားပေးမှုများ ထပ်မံ လုပ်ဆောင်သင့်ကြောင်း၊ အဆိုပါ ဖိအားပေးမှုများက မြန်မာ့တပ်မတော်၏ နိုင်ငံတစ်ဝန်း ကျူးကျော်စစ်များကို ရပ်တန့်စေပြီး စစ်မှန်သော တွေ့ဆုံဆွေးနွေးမှုများကို စတင်စေမည်ဖြစ်ကြောင်း၊ တိုင်းရင်းသား တန်တူးရှိရေးနှင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသည့် ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကသာ မြန်မာ့တပ်မတော်ကို အရပ်သားအုပ်ချုပ်မှု ရောက်ရှိစေပြီး ပြည်တွင်းစစ်အဆုံးသတ်ကာ တပ်မတော်က ကျူးလွန်သော ရာဇဝတ်မှုများလည်း အဆုံးသတ်နိုင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

Photo Credit – Reuters

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com