Local News Peace political news

AA က ဖမ်းဆီးထားသော ဘူးသီးတောင် NLD ဥက္ကဋ္ဌဦးရဲသိန်း သေဆုံး၊ တိုက်ပွဲ ပြင်းထန်မှုကြောင့် တပ်မတော် အရာရှိများ ကျဆုံးဟု AA သတင်းထုတ်ပြန်

AA က ဖမ်းဆီးထားသော ဘူးသီးတောင် NLD ဥက္ကဋ္ဌဦးရဲသိန်း သေဆုံး၊ တိုက်ပွဲ ပြင်းထန်မှုကြောင့် တပ်မတော် အရာရှိများ ကျဆုံးဟု AA သတင်းထုတ်ပြန်

ရန်ကုန်၊ ဒီဇင်ဘာ ၂၅

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်တွင် AA က ဖမ်းဆီးထိန်းသိမ်းထားသော ဘူးသီးတောင် NLD ဥက္ကဋ္ဌ ဦးရဲသိန်းသည် တပ်မတော်က ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်၍ သေဆုံးသွားပြီဟု AA က ယနေ့ သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာလ ၂၅ ရက်နေ့ မွန်းလွဲ ၃ နာရီ ၀၆ မိနစ်တွင် တပ်မတော်က ပစ်ခတ်တိုက်ခိုက်သော လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် AA က ဖမ်းဆီးထိန်းသိမ်းထားသူများထဲမှ သေဆုံးသူနှင့် ဒဏ်ရာရသူအချို့ရှိခဲ့ပြီး သေဆုံးသူထဲတွင် ဘူးသီးတောင်၊ NLD ဥက္ကဋ္ဌ-ဦးရဲသိန်းမှာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ မိမိတို့ဘက်မှလည်း ဒဏ်ရာရသူအချို့ရှိခဲ့ကြောင်း၊ဦးရဲသိန်းမှာ ၂၀၁၉ ခုနှစ်၊ဒီဇင်ဘာလ (၁၁)ရက်နေ့တွင် မိမိတို့ခေါ်ယူစစ်ဆေးရန်ခေတ္တခေါ်ယူထားသူဖြစ်ကြောင်း AA ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယနေ့ ခရစ္စမတ် နေ့တွင် ပလက်ဝ၊ ဘူးသီးတောင်၊မြေပုံမြို့နယ်များ၌ မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့တိုက်ပွဲများဆက်လက်ပြင်းထန်ခဲ့ပြီး မြေပုံမြို့နယ်တွင်ဖြစ်ပွားခဲ့သောတိုက်ပွဲအတွင်းတပ်မတော်ဘက်မှ ရဟတ်ယာဉ်(၂) စီးဖြင့်လာရောက်တိုက်ခိုက်ခဲ့ကြောင်း၊ တပ်မတော်ဘက်မှ အရာရှိများထပ်မံသေဆုံးမှုများရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ဒီဇင်ဘာလ(၂၅) ရက်၊ နံနက်(၇) နာရီခန့်ပလက်ဝမြို့နယ်၊ ပိန္နဲတပင်ရွာ၊အနောက်မြောက်ဘက် တောင်ကုန်းတွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ပလက်ဝမြို့နယ်၊ နှုန်းဘူးရွာအနောက်တောင်ဘက် တောင်ကြောတွင်လည်း နံနက်(၁၁) နာရီ(၁၀) မိနစ်တွင်ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ညနေ (၃) နာရီခန့်တွင် ဟတ်စကီး(၁) စီးဖြင့် အရာရှိကြီးများဟုယူဆရသောကျဆုံးအလောင်းအချို့ကို နှုန်းဘူးဗျူဟာမှယူဆောင်သွားခဲ့ကြောင်း AA ၏ သတင်းထုတ်ပြန်ချက်က ဆိုသည်။

မြေပုံမြို့နယ်၊စညှင်းရွာအရှေ့တောင်ဖက်၊ တောင်ကြော၌နေ့လည်(၁၂) နာရီ(၃၀) မိနစ်မှစတင်၍တိုက်ပွဲဖြစ်ပွားခဲ့ပြီး အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများနှင့်အတူ တိုက်ပွဲမှာပြင်းထန်ခဲ့ကြောင်း ၊ တပ်မတော်က “ယောချောင်း” အနီးတွင်ရှိသောစခန်းမှလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သကဲ့သို့နေ့လည်(၂) နာရီ(၄၅) မိနစ်တွင် ဟတ်စကီး(၂) စီးဖြင့် မိနစ်(၂၀) ခန့်လာရောက်ပစ်ခတ်တိုက်ခိုက်ရသည်အထိ တိုက်ပွဲသည်ပြင်းထန်ခဲ့ကြောင်း၊ တပ်မတော်ဘက်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင်အကျအဆုံးနှင့်ထိခိုက်မှုများထပ်မံရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

AA ၏ သတင်းထုတ်ပြန်မှုနှင့်ပတ်သက်၍ တပ်မတော်ထံမှ အတည်ပြုချက်ရယူရန် ကြိုးပမ်းလျက်ရှိသော်လည်း အဆက်အသွယ် မရရှိသေးပေ။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဖုန်းဆက်သွယ်သော်လည်း အဆက်အသွယ်မရရှိသေးပေ။

Photo Credit – ဦးရဲသိန်း ဖေ့ဘုတ်စ်

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com