Local News political news

ဝန်ကြီးဌာန ၁၁ ခု၏ အလွဲသုံးစားမှု၊ ဥပဒေနှင့် စည်းမျဉ်း မလိုက်နာမှုနှင့် နိုင်ငံတော်နစ်နာမှုများပြည်ထောင်စုစာရင်းစစ်ချုပ် ဝေဖန်ထောက်ပြ

အစိုးရဝန်ကြီးဌာန ၁၁ ခု၏ အလွဲသုံးစားမှု၊ ဥပဒေနှင့် စည်းမျဉ်းများ မလိုက်နာမှုနှင့် နိုင်ငံတော်နစ်နာမှုများကို ပြည်ထောင်စုစာရင်းစစ်ချုပ် ဝေဖန်ထောက်ပြ

ရန်ကုန်၊ ဒီဇင်ဘာ ၁၈

ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအတွင်း ၆ လအတွင်း ပြည်သူပိုင် ဘဏ္ဍာငွေများသုံးစွဲမှုအခြေအနေ၊ အလွဲသုံးစားမှု ၊ ဥပဒေနှင့် စည်းမျဉ်းများ မလိုက်နာမှု နှင့်နိုင်ငံတော်နစ်နာမှုများကို ယမန်နေ့ ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် တင်ပြလိုက်ပြီး ယင်းတင်ပြချက်များမှ ထင်သာမြင်သာရှိသော အခြေအနေများကို ရန်ကုန်ခေတ်သစ်က ထုတ်နှုတ်တင်ပြလိုက်ပါသည်။

ရန်ကုန်မြို့မှ ဆရာစံပလာဇာမြေနှင့်အဆောက်အအုံကို နှစ် ၅၀ စာချုပ်ဖြင့် ငှားရမ်းမှု စာချုပ်ပြင်ချုပ်ရန်လို

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီးပိုင် ဆရာစံပလာဇာ မြေဧရိယာ ၇၉၅၆ ဒသမ ၁၁၉၇ စတုန်းရန်မီတာနှင့် ဆရာစံပလာဇာ အဆောက်အဦကို နှစ် ၅၀ စာချုပ်ချုပ်ဆို ငှားရမ်းရာတွင် ငှားရမ်းခနှုန်းထား သတ်မှတ်ခြင်း၊ ပေးချေခြင်းနှင့် ငှားရမ်းခ နှုန်းထား ပြင်ဆင်သတ်မှတ်ခြင်းတို့အတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ အကြံပြုချက် နှင့်အညီ ယခင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်မှု မရှီခြင်း၊ ငှားရမ်းစာချုပ်တွင် ကုန်သွယ်လုပ်ငန်းခွန်များကို ထည့်သွင်းချုပ်ဆိုမှု မရှီခြင်းတို့ကို တွေ့ရှိရသဖြင့် ငှားရမ်းခနှုန်းထား သတ်မှတ်ချက်၊ အခွန်ကိစ္စရပ်များ ထည့်သွင်းပြီး ပြင်ဆင်ချုပ်ဆိုရန် လိုအပ်ကြောင်း ဖော်ပြထားသည်။

မြေခွန်တော်စည်းကြပ်ရေး

လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနက မလွတ်မြေလပ်နှင့်မြေရိုင်းများကို လုပ်ပိုင်ခွင့်အသုံးပြုခွင့်ရရှိသူများက ပေးဆောင်ရမည့် မြေခွန်တော်များကို စည်းကြပ်ကောက်ခံရာတွင် ကင်းလွတ်ခွင့်ကာလ ကုန်ဆုံးသည့်နေ့မှစ၍ တစ်နှစ်တစ်ကြိမ် စည်းကြပ်ကောက်ခံရန် သတ်မှတ်ထားသော်လည်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှစတင် စတင်၍ ကောက်ခံရန် ညွှန်ကြားခြင်းသည် ဥပဒေနှင့် မညီညွတ်သဖြင့် ညွှန်ကြားချက်များကို တိကျစွာ လိုက်နာ ထုတ်ပြန်ရန် တင်ပြထားသည်။

အစာဖိုး ကျပ်သန်း ၂၁၄၈၇ ကျော် မရသေး

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ယခင်မွေးမြူရေး၊ အစားအစာနှင့် နို့ထွက်ပစ္စည်းလုပ်ငန်း၏ ၂၀၁၉ ခုနှစ် မတ် ၃၁ ရက်နေ့ ပုဂ္ဂလိက ကုမ္ပဏီများထံမှ အစာဖိုး ကြွေးကျန် ရရန် ရှိ နှစ်ဟောင်းကြွေးကျန် ကျပ်သန်း ၁၇၇၀၇ ဒသမ ၅၆၉ နှင့် ထပ်တိုးကြွေးကျန် ကျပ်သန်း ၃၇၈၀ ဒသမ ၀၆၀ စုစုပေါင်း ကျပ်သန်း ၂၁၄၈၇ ဒသမ ၆၂၉ အား အပြည့်အ၀ ကောက်ခံပြီး ဌာနငွေထုတ်စာရင်းသို့ ရငွေအဖြစ် ပေးသွင်းရေး ကြီးကြပ်ဆောင်ရွက်ရန် လိုအပ်ကြောင်း ဖော်ပြထားသည်။

မြစိမ်းရောင်စီမံကိန်းတွင် အလွဲသုံးစားမှုများရှိ

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင် စီမံကိန်းတွင် အချိန်စေ့ရောက်သော အရင်းအတိုးများ ပြန်လည်ပေးဆပ်ရန် ကျန်ရှိနေခြင်း၊ ကော်မတီဝင်များက အလွဲသုံးစားပြုလုပ်ခြင်းများ စိစစ်တွေ့ရှိရကြောင်း ဖော်ပြထားသည်။

ပုဂ္ဂလိကလေကြောင်းလိုင်းများထံမှ နိုင်ငံတော်ရသင့်ငွေများ မရသေး

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ လေကြောင်းဆက်သွယ်ရေးဦးစီးဌာနက ပုဂ္ဂလိက လေကြောင်းလိုင်များက ပေးသွင်းရန် ကျန်ရှိနေသည့် ခရီးသည်ဝန်ဆောင်ခများ အချိန်မီ အပြည့်အ၀ ပေးသွင်းရန်၊ Air Operator Certificate AOC ရုပ်သိမ်းထားသည့် လေကြောင်းလိုင်းများ၏ ကြွေးကျန်များ ဆုံးရှုံးမရှိစေရေး ကြီးကြပ်ရန်၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနက လေဆိပ်များတည်ဆောက်ရာတွင် မြေယာနှင့်ပတ်သက်၍ သီးနှံလျော်ကြေး၊ မြေယာလျော်ကြေးများ ပေးချေရန် ကျန်ရှိမှုများကို သီးခြား ဘဏ်စာရင်းဖွင့်လှစ်ထိန်းသိမ်းထားမှု ပြီးပြတ်စေရေး စိစစ်ကြပ်မတ်ရန်တို့ ပါဝင်သည်။

နိုင်ငံတော်ရမည့် ရွှေပိဿာချိန်များ မပေးရန် ဖျက်သိမ်းမှု

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန အမှတ် ၂ သတ္တုတွင်းလုပ်ငန်းနှင့် ထာဝရ သတ္တုတူးဖော်ရေးကုမ္ပဏီတို့၏ ရွှေတူးဖော်ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့် လုပ်ငန်းစာချုပ်အရ ၂၀၁၈ ခုနှစ် မတ်လ ၃၁ ရက်နေ့ ပေးသွင်းရန် ရွှေစင် ၁၁၃ ဒသမ ၀၃၅၃ အနက် ၅ ဒသမ ၆၅ ပိဿာကိုသာ ပေးသွင်းပြီး ကျန် ကျန်ရွှေစင်ပိဿာများကို ဝန်ကြီးဌာန စီမံခန့်ခွဲမှု ကော်မတီက စာရင်းရှင်းလင်းရန် ဆုံးဖြတ်ခဲ့မှုကို ပြည်ထောင်အစိုးရအဖွဲ့ထံ တင်ပြရန် လိုအပ်နေကြောင်း ဖော်ပြထားသည်။

မဏိရတနာကျောက်စိမ်းခန်းမ ငှားရမ်းခများ မရရှိသေး

အလားတူ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းက ၂၀၁၀ ခုနှစ်မှ ၂၀၁၈ ခုနှစ် နိုဝင်ဘာလထိ မဏိရတနာကျောက်စိမ်းခန်းမ ငှားရမ်း၏ ၁၀ ရာခိုင်နှုန်းရငွေဖြစ်သော အမေရိကန်ဒေါ်လာ ၄၅၃၀၀၀ နှင့် မြန်မာကျပ်ငွေ သန်း ၁၂ ဒသမ ၅၀၀ တို့ကို ဌာနငွေစာရင်းသို့ ပေးသွင်းရန် လိုအပ်နေကြောင်း ထောက်ပြသည်။

ရေနံနှင့်သဘာဝဓာတ်ငွေ့ စာချုပ်များ သေချာချုပ်ရန်

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း သဘာဝဓာတ်ငွေ့ အရောင်းစာချုပ်၊ Export Gas Sale စာချုပ်များနှင့် Gas Transportation Agreement စာချုပ်တွင် Supplementary Gas Term Agreement စာချုပ်အရ သတ်မှတ်မည့်နေရာများ အနက်မှ တစ်ခုခုကို Delivery Point အဖြစ် သတ်မှတ်နိုင်မှု မရှိခြင်း၊ စာချုပ်များတွင် ဈေးနှုန်းနှင့်စပ်လျဉ်းသည့် စံသတ်မှတ်ချက်များ ပြည့်စုံရှင်းလင်းစွာ ဖော်ပြမှု မရှိခြင်းတို့ကို တွေ့ရှိရပါသဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်ယူမှုမှ နိုင်ငံတော်အတွက် ဝင်ငွေ ရသင့်ရထိုက်အောင် ဆောင်ရွက်ရန် ၊ စာချုပ်များကို လိုက်နာရန် တို့ဖြစ်သည်။

သဘာဝဓာတ်ငွေ့ဖိုး မရသေး

လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းသည် ကန်ပေါက်ဓာတ်အားပေးစက်ရုံ Global Grand Services Co.,Ltd အတွက် ၂၀၁၉ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့အထိ သဘာဝဓာတ်ငွေ့ဖိုး ကြိုတင်စိုက်ထုတ်ငွေ ကျပ်သန်း ၇၁၀ ဒသမ ၆၈၂ ရရှိရေး ဆောင်ရွက်ရန် ဖြစ်သည်။

ပညာရေးဝန်ကြီးဌာန အဆောက်အဦများ ဆောက်လုပ်မှု အားနည်းချက်များ

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန မကွေးတိုင်းကြီး ပညာရေးမှူးရုံးကို ၂၀၁၆ – ၂၀၁၇ ဘဏ္ဍာရေးနှစ် အဆောက်အဦ ပြင်ဆင်ထိန်းသိမ်းခြင်း ဆောင်ရွက်သည့် လုပ်ငန်း ၇ ခု၊ ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် ဆောင်ရွက်သည့် လုပ်ငန်း ၁၀ ခု ကုမ္ပဏီ ၄ ခုက ဆောင်ရွက်ရာတွင် လုပ်ငန်းပြီးစီးမှုမရှိဘဲ ငွေအကြေထုတ်ပေးခဲ့ခြင်း၊ လုပ်ငန်းမပြီးစီးမှုအတွက် နောက်ကျဒဏ်ကြေး ပေးသွင်းမှုမရှိခြင်း၊ အခြေခံပညာဦးစီးဌာန အဆောက်အဦဦးစီးဌာနသို့ အပ်နှံဆောင်ရွက်ခဲ့သော လုပ်ငန်း ၂၅၈၀ အတွက် ၂၀၁၉ ခုနှစ် ဇွန်လကုန်အထိ လုပ်ငန်း ၁၈ ခု မပြီးစီးခြင်း၊ လုပ်ငန်း ၂ ခု အပ်နှံမှု မရှိခြင်းများကို ကြီးကြပ်ဆောင်ရွက်ရန် တိုက်တွန်းထားသည်။

FDA က ကား ၂၈ စီးဝယ်ယူမှုတွင် လွဲချော်မှုများ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် ၂၀၁၇ -၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် မော်တော်ယာဉ် ၂၈ စီး ဝယ်ယူရန် ကျပ်သန်း ၁၀၉၅ ဒသမ ၅၀၀ အတွက် ကုမ္ပဏီများနှင့်စာချုပ်ချုပ်ဆို ဝယ်ယူရာတွင် သမ္မတရုံးညွှန်ကြားချက်လိုက်နာမှု မရှိခြင်း၊ လုပ်ထုံးလုပ်နည်းများ မလိုက်နာခြင်း ၊ Myanmar Theingi ကုမ္ပဏီထံမှ ဝယ်ယူသော ကား ၅ စီးသည် စာချုပ်အရ ဆီအမျိုးအစား ဒီဇယ်ဆီဟု ဖော်ပြထားသော်လည်း ဓာတ်ဆီကားဖြစ်နေခြင်း၊ Medi Tech Biz ကုမ္ပဏီထံမှ ဝယ်ယူသည့် ကား ၅ စီးသည် ဂီယာ Auto ဟု စာချုပ်တွင်ဖော်ပြထားသော်လည်း Manual ဖြစ်နေခြင်း၊ Nexus Logistic ကုမ္ပဏီထံမှ ဝယ်ယူသည့် ကား ၃ စီးတန်ဖိုး ကျပ်သန်း ၁၁၈ ဒသမ ၅ အတွက် ပစ္စည်းမရသေးဘဲ ငွေပေးချေခဲ့ခြင်းများ တွေ့ရှိရကြောင်း ဖော်ပြထားသည်။

FDA က ရေသန့်လိုင်စင်ထောက်ခံချက် ကိစ္စ ပျက်ကွက်မှု

ရေသန့်ထုတ်လုပ်ခွင့်လိုင်စင် သက်တမ်းတိုးမှုများကို စိစစ်ရာတွင် ရေသန့်လုပ်ငန်းများ၏ အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက် သက်တမ်းပြတ်ကာလ အနည်းဆုံး ၁ လမှ ၆ နှစ်ကျော်အထိရှိပြီး လိုင်စင်သက်တမ်းတိုးရန် အကြောင်းကြားရန် ကြေညာခြင်းမရှိကြောင်း၊ ပြည်သူများ၏ ကျန်းမာရေးအတွက် အဓိကဖြစ်သည့် ရေသန့်ထုတ်လုပ်မှုအား ထောက်ခံရရှိပြီးသာ ဈေးကွက်တွင် ရောင်းချရန်အကြံပြုထားသည်။

အရင်းအတိုးပြန်မရသည့် ငွေများ နိုင်ငံပိုင်ဘဏ်များ အရေးယူဆောင်ရွက်ရေး

စီးပွားရေး၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့ စီးပွားရေးဘဏ်၊ မြန်မာ့ရင်းနှီးမြုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့ရှိ အရင်းအတိုး ပြန်လည် ပေးဆပ်နိုင်ခြင်းမရှိသော ချေးငွေများ ဥပဒေရေးရာ အကြံဉာဏ်များ ရယူဆောင်ရွက်လိုအပ်ကြောင်း ဖော်ပြထားသည်။

လူမှုဝန်ထမ်းဦးစီးဌာန၏ လိုအပ်ချက်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လက်အောက်ရှိ လူမှုဝန်ထမ်းဦးစီးဌာနသည် ချင်းပြည်နယ်ရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် ၂ နှစ်အောက်ကလေးသူငယ်များ ငွေကြေးထောက်ပံ့မှုအစီအစဉ်ကို LIFT အဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်ရာတွင် ဘဏ္ဍာရေးစည်းမျဉ်းများနှင့်အညီ ညွှန်ကြားချက်များ ထုတ်ပြန်ဆောင်ရွက်ရန် တိုက်တွန်းသည်။

နေပြည်တော်စည်ပင်

နေပြည်တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) သည် မြို့နယ် ၅ ခုသို့ ရေပေးဝေရာတွင် ၆ လအတွင်း ယူနစ် ၇ သန်းကျော် ဆုံးရှုံးမှုဖြစ်ပေါ်၍ ပြန်လည် စိစစ်ဆောင်ရွက်ရန်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီလက်အောက်ရှိ ဌာနခွဲများ ရုံးများမှ ဝန်ထမ်းများအတွက် ဝတ်စုံစရိတ် ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ၆ လအတွင်း ကျပ်သန်း ၂၃ ဒသမ ၁၂၂ သုံးစွဲမှုသည် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်ညီညွတ်မှုမရှိ၍ ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြ အတည်ပြုချက် ရယူရန် လိုအပ်ကြောင်း ထောက်ပြထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံ့ဘဏ္ဍာ သိမ်းဆည်းရမိသည့် ရွှေတုံးများနှင့် အမှတ် ၂ သတ္တုတွင်းမှ ဝယ်ယူခဲ့သည့် ရွှေစင်တုံးများကို ရွှေဒင်္ဂါးပြားနှင့် ရွှေချောင်းများပြုလုပ် ရောင်းချရာတွင် စာရင်းရေးဆွဲမှုမရှိခြင်း၊ အရှုံးအမြတ်စာရင်း ပေါ်လွင်မှုမရှိခြင်းတို့ကြောင့် ဘဏ္ဍာရေး ရှင်းတမ်းများ မှန်ကန်မှုကို ထိခိုက်စေသဖြင့် IFRS စံများနှင့်အညီ ဘဏ္ဍာရေးအစီရင်ခံခြင်းဆိုင်ရာ စံများ ရေးဆွဲဆောင်ရွက်ရန် ထောက်ပြသည်။

ပြည်ထဲရေးဝန်ကြီးဌာန

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၄ ခု၏ ငွေကြေးအလွဲသုံစားမှု သိန်း ၆၀၀၀ ကျော်ကို ထောက်ပြပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ မြောက်ဥက္ကလာပမြေကွက်ငှားရမ်းမှု ကိစ္စတွင် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်နှင့်မညီမှုများကို လည်း ထောက်ပြသည်။

Photo Credit – သမ္မတရုံး

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts