All News Local News

သတင်းတုများနှင့် အမုန်းစကား များလာပြီး ကြီးကြပ်သူ မရှိ၍ UEC Facebook page ယာယီရပ်နားဟုဆို

သတင်းတုများနှင့် အမုန်းစကား များလာပြီး ကြီးကြပ်သူ မရှိ၍ UEC Facebook page ယာယီရပ်နားဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၁၈

Facebook လူမှုကွန်ရက်တွင် သတင်းတု၊ သတင်းမှားများနှင့် အမုန်းစကားများ များပြားလာပြီး ကြီးကြပ်မည့်သူ မရှိ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)၏ တရားဝင်(Blue Mark) ရထားသည့် Facebook Page ယာယီရပ်နားထားခြင်းဖြစ်ကြောင်း UEC အဖွဲ့ဝင် ဦးမင်းဆွေက ပြောကြားသည်။

ယနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မာအောင်၏ မေးခွန်းဖြစ်သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ Facebook Page သည်၂၀၁၇ ခုနှစ်မှ သြဂုတ်လမှ စတင်ကာ အသုံံးပြုခြင်းမရှိမှုနှင့်ပတ်သက်၍ UEC အဖွဲ့ဝင် ဦးမင်းဆွေက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“မူလက သုံးခဲ့သော်လည်း Facebook အသုံးပြုမှုဟာ ၂၁ သန်းရှိနေတဲ့အတွက် မလိုလားအပ်တဲ့ သတင်းတု၊ သတင်းမှားတွေ ထည့်တင်တာ၊ အမုန်းစကားတွေ များပြားလာတာကို စောင့်ကြည့်ဖို့ ကော်မတီမရှိ သေးတဲ့အတွက် ခေတ္တနားခဲ့ခြင်းဖြစ်ပါတယ်”ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမင်းဆွေ ကပြောသည်။

လက်ရှိအချိန်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် စက်တင်ဘာ ၂၃ ရက်နေ့တွင် ကြီးကြပ်ရေးကော်မတီဖွဲ့ကာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် သက်ဆိုင်သည့် သတင်းတု၊ သတင်းမှားများ၊ အမုန်းစကားများ၊ အပြုသဘောမဆောင်သည့် မှတ်ချက်များအတွက် social media စောင့်ကြည်ရေးအဖွဲ့များ ဖွဲ့စည်းသွားကာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမတိုင်မီ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

“နေ့စဉ် လူအများအသုံးပြုနေတဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ရွေးကောက်ပွဲကော်မရှင်သတင်းတွေကို စောင့်ကြည့်လေ့လာဖြစ်ပါတယ်၊ ၂၀၁၇ သြဂုတ်လကစပြီး ကော်မရှင်ရဲ့သတင်းတွေ မတွေ့ရတော့ပါဘူး၊ ဘယ်အချိန်မှာ Facebook page ကို ပြန်လည်အသုံးပြုမလဲ၊ အများစုက ၁၈ သန်းလောက်ရှိတဲ့အထဲမှာ ၁၆ သန်းက facebook ဆီကနေ သတင်းအချက်အလက်ရရှိနေတာဖြစ်ပါတယ်၊ သာမန်လူထုအများစုကလဲ facebook ကိုအသုံးပြုနေပါတယ်၊”ဟု ရန်ကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မာအောင်က ပြောသည်။

မြန်မာပြည်တွင် facebook အသုံးပြုသူများကို သုတေသနပြုချက်အရ ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် အသုံးပြုသူ ၂၃ သန်း၊Viber အကောင့်အသုံးပြုသူ ၄၈ သန်း ရှိနေကြသည့်အတွက် social media ကို အကျိုးရှိစွာအသုံး ချသင့်ကြောင်း၊ ယနေ့ခေတ်ကာလတွင် website အသုံးပြုမှုမှာလည်း လျော့နည်းနေကြောင်း မန္တလေးနည်းပညာကုမ္ပဏီ မှ မန်နေဂျင်းဒါရိုက်တာ ဦးဇော်နိုင်က ပြောပြသည်။

“လူမှုကွန်ရက်(social media)ဟာ ဆက်သွယ်ရေးကိရိယာတစ်ခုဖြစ်လာတယ်၊ အဲဒါကို အကျိုးရှိစွာ အသုံးချဖို့ အရေးကြီးတယ်၊ အစိုရဌာနတွေအနေနဲ့ ခေတ်ရဲ့ နည်းပညာတွေ ခေတ်ရဲ့ပြောင်းလဲမှုတွေကို အမှီလိုက်နိုင်ဖို့ ကြိုးစားရမယ်၊ ပြည်သူလူထုနဲ့ ဆက်ဆံတဲ့နေရာမှာ နားလည်လက်ခံပြီး လက်တွေ့အသုံးချဖို့ တိုက်တွန်းလိုပါတယ်”ဟု မန္တလေးနည်းပညာကုမ္ပဏီ မှ မန်နေဂျင်းဒါရိုက်တာ ဦးဇော်နိုင်က ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် လူမှုကွန်ရက်များမှ သတင်းတုများ၊ သတင်းမှားများ၊ အမုန်းစကားကိစ္စများကို တိုက်ဖျက်ရန်အတွက် ၎င်း၏ တရားဝင် facebook page မှတဆင့် သတင်းအမှန်များ ပုံမှန်ထုတ်ပြန်ဖြေရှင်းခြင်းက ပိုမိုကောင်းမွန်ကြောင်း၊ facebook page မှ သတင်းတင်စေကြောင်း Myanmar Fifth Estate ၏ Executive Director ကိုစိုးလင်းထွဋ်က ပြောသည်။

“ကော်မရှင်အနေနဲ့ facebook page ကြီးလည်းရှိတယ်၊ Blue Mark တွေနဲ့ အစစ်အမှန်ရှိတဲ့အတွက် သတင်းအချက်အလက်တွေ ထုတ်ပေးရင် ပိုကောင်းတာပေါ့၊ အမြန်ဆုံး facebook page ကနေပြီး ပုံမှန်သတင်းတွေကို တင်သင့်ပါတယ်၊ ကော်မရှင်အနေနဲ့ လူမှုကွန်ရက်ပေါ်မှာ ကိုယ်ပွားရှိရမှာပေါ့၊ ကော်မရှင်နဲ့ပတ်သက်တဲ့ သတင်းအချက်တွေ social media ပေါ်မှာပျံ့ရင် ကော်မရှင်က တုံ့ပြန်နိုင်တာပေါ့၊ ဘယ်ကထွက်လာတဲ့ သတင်းအချက်အလက်ဆိုတာ ကိုးကားနိုင်တာပေါ့၊ အားလုံးရှိတဲ့နေရာမှာ သူကမရှိနေဘူးဆိုရင် သူ့အတွက် အကျိုးယုတ်ဖို့ပဲ ရှိတာပေါ့၊ သတင်းအမှားတွေတက်လာရင် ပြည်သူတွေအနေနဲ့ အမှန်ကို မတွေ့ရတော့ဘူးပေါ့” ”ဟု Myanma Fifth Estate ၏ Executive Director ကိုစိုးလင်းထွဋ်က ပြောသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကာလအတွင်း လူမှုကွန်ရက်မီဒီယာ (Facebook) အသုံးပြုခြင်းကို အစိုးရမှ ထိန်းကျောင်းပေးရန် အစီအစဉ်ရှိ၊ မရှိ၊ ကိုယ်စားလှယ်လောင်းများ Facebook ပေါ်တွင် Boost လုပ်ပြီး နိုင်ငံရေး ကြေငြာအတွက်တန်ဖိုးများသည် ရွေးကောက်ပွဲဆိုင်ရာ အသုံးစရိတ်ရှင်းတမ်းဖော်ပြရန်လို၊ မလို ၊ ရွေးကောက်ပွဲ မဲမဆွယ်ရသည့်နေ့ (Silent Day) တွင် Facebook အသုံးပြုက ရွေးကောက်ပွဲဥပဒေနှင့်ညီညွတ်ခြင်းရှိ/မရှိ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ သတ်မှတ်ထားသော ဝန်ခံချက်များကို စောင့်ထိန်းလိုက်နာခြင်း ရှိ/မရှိသည်များကိုလည်း လွှတ်တော်ကိုယ်စားလှယ်များမှ ကြယ်ပွင့်ပြမေးမြန်းခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ အဖွဲ့ဝင် ဦးမင်းဆွေက ပြန်လည်ဖြေကြားကြောင်းသိရှိရသည်။

လက်ရှိအချိန်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တရားဝင် Website ဖြစ်သည့် ( www.uec.gov.mm ) မှ တဆင့် ကော်မရှင်အကြောင်း၊ ဥပဒေများ၊ ရွေးကောက်ပွဲများ၊ ကိုယ်စားလှယ်လောင်းဆိုင်ရာများ၊ မဲဆန္ဒရှင်ဆိုင်ရာ၊ နိုင်ငံရေးပါတီဆိုင်ရာ၊ ရွေးကောက်ပွဲဆိုင်ရာ၊ ရွေးကောက်ပွဲခုံရုံးဆိုင်ရာ ကိစ္စများကိုလည်း လေ့လာနိုင်ကြောင်း သိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts