All News Local News

ဝေဖန်မှုများ မြင့်တက်ပြီးနောက် ဗစ်တိုးရီးယားနှင့်မိဘအမည် ထုတ်ဖော်ခဲ့သော သတင်းစာရှင်းလင်းပွဲ Live နှင့် အမှုဖြစ်စဉ် စာရွက်စာတမ်းများ လူမှုကွန်ရက်တွင် မရှိတော့

ဝေဖန်မှုများ မြင့်တက်ပြီးနောက် ဗစ်တိုးရီးယားနှင့်မိဘအမည် ထုတ်ဖော်ခဲ့သော သတင်းစာရှင်းလင်းပွဲ Live နှင့် အမှုဖြစ်စဉ် စာရွက်စာတမ်းများ လူမှုကွန်ရက်တွင် မရှိတော့

ရန်ကုန်၊ ဒီဇင်ဘာ ၁၉

နေပြည်တော်တွင် ယနေ့ ကျင်းပသည့် ရဲတပ်ဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ဗစ်တိုးရီးယားအမည်၊ မိဘအမည်များ၊ နေရပ်လိပ်စာ အမှုဖြစ်စဉ်များကို ရှင်းလင်းခဲ့ပြီး အမှုဖြစ်စဉ် စာရွက်အသေးစိတ်များကို ရဲဇာနည်လူမှုကွန်ရက် ဖေ့ဘုတ်စ်စာမျက်နှာတွင် တင်ထားခဲ့ရာ ယခုနောက်ဆုံးတွင် အဆိုပါ Live Video နှင့် စာရွက်စာတမ်းများ တင်ထားမှုသည် နာရီအနည်းငယ်အကြာတွင် လူမှုကွန်ရက်တွင် မရှိတော့ပေ ။

ရဲဇာနည်လူမှုကွန်ရက်စာမျက်နှာသည် ရဲတပ်ဖွဲ့၏ တရားဝင် လူမှုကွန်ရက်စာမျက်နှာဖြစ်သည်။

ယနေ့ ဒီဇင်ဘာလ ၁၉ရက်နေ့က နေပြည်တော်ရှိ ရဲဌာနချုပ်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဗစ်တိုးရီယားအမည်နှင့် မိဘအမည်တို့ကိုပြောဆိုခဲ့သော မြန်မာနိုင်ငံရဲတပ်ဖွဲ့အရာရှိနှစ်ဦးမှာ ရဲမှူးချုပ် စိုးနိုင်ဦးနှင့် ရဲမှူးကြီး သာထွန်းတို့က ထုတ်ဖော်ပြောဆိုခဲ့ပြီး ယင်းထုတ်ဖော်ပြောဆိုမှုကို ရဲဇာနည်စာမျက်နှာက Live ဗီဒီယိုတင်ခဲ့သည်။

ယင်းနောက် ၅ နာရီခန့်အကြာတွင် ဗစ်တိုးရီးယားအမှုဖြစ်စဉ် အသေးစိတ်ကို တင်ခဲ့ပြီး စာရွက်စာတမ်းများတွင် ဗစ်တိုးရီးယားနာမည် မိခင်အမည်၊ နေရပ်လိပ်စာ ရာထူးများ တရားဝင် အတိအကျပါရှိခဲ့သည်။

ထိုသို့ ရဲတပ်ဖွဲ့က ဗစ်တိုးရီးယားအမည်အား တရားဝင်ထုတ်ပြန်ခြင်းသည် ၂ဝ၁၉ခုနှစ် ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေ ပုဒ်မ ၉၆ (ဃ)အရကိုကျူးလွန်ရာရောက်သည်ဆိုသော ဝေဖန်မှုများလည်း လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။

ရဲတပ်ဖွဲ့ကို တရားစွဲလိုသူရှိပါက ငွေကြေးလှုဒါန်းမည်ဆိုသော ပို့စ်များလည်း လူမှုကွန်ရက်တွင် ယနေ့ ပေါ်ထွန်းလာသည်။

ဗစ်တိုးရီးယားအမည်ရင်းနှင့် ၎င်းတို့၏ မိခင်အမည်ကို ထုတ်ဖော်ပြောဆိုခဲ့သော မြန်မာနိုင်ငံရဲတပ်ဖွဲ့ အရာရှိများကို တရားစွဲဆိုမည့် အဖွဲ့အစည်းရှိပါက ငွေကျပ် ၁သိန်းထောက်ပံ့သွားမည်ဟု ကိုလင်းထက်နိုင်က လူမှုကွန်ရက်ဖေ့ဘုတ်စ်စာမျက်နှာမှတစ်ဆင့် ကြေညာခဲ့သည်။

အလားတူ ရွှေတြိဂံအယ်ဒီတာချုပ် ကိုထွန်း(မိုင်းဖြတ်)ကလည်း ရဲတပ်ဖွဲ့ကို တရားစွဲဆိုမည့် အဖွဲ့အစည်းရှိပါက ငွေကျပ် ၅ သိန်း လှူဒါန်းမည်ဟု ကြေညာခဲ့ပြီး Hline Thint Zin Wai အကောင့်ကလည်း ငွေကျပ် ၂ သိန်းလှူဒါန်းမည်ဟု ဖုန်းနံပါတ်နှင့်တကွ ကြေညာခဲ့သည။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts