Local News political news

ပြည်သူပိုင်ငွေ သိန်းထောင်ချီ၍ ရဲတပ်ဖွဲ့က အလွဲသုံးစားပြုမှုနှင့် ထွေ/အုပ်၏ ဘောင်ကျော်လုပ်မှု စာရင်းစစ်ချုပ် ထောက်ပြ

ပြည်သူပိုင်ငွေ သိန်းထောင်ချီ၍ ရဲတပ်ဖွဲ့က အလွဲသုံးစားပြုမှုနှင့် ထွေ/အုပ်၏ ဘောင်ကျော်လုပ်မှု စာရင်းစစ်ချုပ် ထောက်ပြ

ရန်ကုန်၊ ဒီဇင်ဘာ ၁၇

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သိန်းထောင်ချီ ငွေကြေး ပိုမိုထုတ်ယူခြင်း/ အလွဲသုံးစားခြင်းနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဘောင်ကျော် လုပ်ဆောင်မှုတချို့ကို ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက ထောက်ပြပြောဆိုသွားသည်။

ယနေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကျင်းပစဉ် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း ၂၀၁၈ ခုနှစ် ဧပြီလ မှ စက်တင်ဘာလ အထိ ၆ လအတွက် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို လာရောက် ဖတ်ကြားစဉ် ပြည်ထဲရေးဝန်ကြီးဌာနနှင့်ပတ်သက်၍ ယင်းသို့ ထောက်ပြ ပြောဆိုသွားခြင်းဖြစ်သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ လက်အောက်ရှိ ဟိုပန်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးသည် ၂၀၁၇ – ၂၁၁၈ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ငွေကျပ်သန်း ၄၁၇ ဒသမ ၄၀၉ (ငွေကျပ်သိန်း ၄၀၀၀ ကျော်) ကိုလည်းကောင်း၊ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ၆ လကာလအတွင်း မန္တလေး အခြေစိုက် အမှတ် ၄ လုံခြုံရေးရဲတပ်ဖွဲ့ခွဲ ( ရွှေစာရံ) က ကျပ်သန်း ၈၇ ဒသမ ၈၉၄ သန်း၊ အမှတ် ၃ ရဲလေ့ကျင့်ရေးသင်တန်းကျောင်း၊ စစ်ကိုင်းမြို့က ကျပ်သန်း ၁၀၀ ဒသမ ၅၀၅ ကိုလည်းကောင်း၊ ၂၀၁၈ – ၂၀၁၉ ဘဏ္ဍာရေးနှစ် ပထမ ၆ လအတွင်း အမှတ် ၁ ရေနံမြေလုံခြုံရေး ရဲတပ်ဖွဲ့ခွဲ (ရေနံချောင်း) က ကျပ် သန်း ၂၀ ဒသမ ၈၅၃ သန်းကို အမှန် အသုံးစရိတ်ထက် ပိုမိုထုတ်ယူမှု/ အလွဲသုံးစားပြုခဲ့ကြောင်း ဦးမော်သန်းက ပြောဆိုသည်။

ဟိုပန်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၏ အလွဲသုံးစားပြုငွေမှအပ ကျန်အလွဲသုံးစားပြုငွေများအား သက်ဆိုင်ရာ ငွေထုတ်စာရင်းများသို့ ပြန်လည်ပေးသွင်းပြီးဖြစ်ကြောင်း၊ ဟိုပန်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၏ အလွဲသုံးစားပြုငွေများကို ပြန်လည်ရရှိရေး ကြီးကြပ်ကွပ်ကဲရန် ပြည်ထဲရေးဝန်ကြီးဌာနကို ဦးမော်သန်းက တိုက်တွန်းထားသည်။

အလားတူ ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၏ ကဝမြို့နယ်၊ ကဒါတ်စိန်နယ်မြေရဲစခန်း (အချုပ်ပါ) အဆောက်အအုံ ၁ လုံး တည်ဆောက်ခြင်းလုပ်ငန်း ကျပ် သန်း ၇၆ ဒသမ ၃၀၄ ကိုစစ်ဆေးရာတွင် ဘဏ္ဍာနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်မှုမရှိသဖြင့် ကျပ်သန်း ၁၉ ဒသမ ၀၇၆ ကို ဘဏ္ဍာရေးနှစ်လွန် အသုံးစရိတ် စာရင်းတင် ဆောင်ရွက်ခဲ့ရကြောင်း၊ သို့ရာတွင် ၂၀၁၈ ခုနှစ် ဇွန်လ ၂၄ ရက်နေ့အထိ ပြီးစီးမှု မရှိသဖြင့် နောင်တွင် ညွှန်ကြားချက်နှင့်အညီ စာရင်းတင်ဆောင်ရွက်ရေး၊ စာချုပ်ပါ စည်းကမ်းချက်နှင့်အညီ နောက်ကျဒဏ်ကြေးများရရှိရေး၊ လုပ်ငန်းပြီးမြောက်အာမခံငွေကို နိုင်ငံတော်ရငွေအဖြစ် နှောင့်မှုမရှိ ရရှိနိုင်ရေး ကြီးကြပ်ဆောင်ရွက်ရန် ဦးမော်သန်းက ထောက်ပြသည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် မြောက်ဥက္ကလာပ မြို့နယ်၊ သုဓမ္မာလမ်း မြေကွက် အမှတ် ၁၃၇/ ၈ ၊ ဦးပိုင်အမှတ် င မြေဧရိယာ ၁ ဒသမ ၃၃၁ ဧကကို အထွေထွေ အထူးကု ဆေးရုံတည်ဆောက်ရန် နှစ် ၅၀ ငှားရမ်းခြင်းကို တစ်နှစ်လျှင် ကျပ်သိန်း ၁၂၀ ဖြင့် မြေပရီမီယံကြေး တစ်နှစ်လျှင် သိန်း ၁၀၀ နှုန်းဖြင့် စာချုပ်ချုပ်ဆိုမှုကို နိုင်ငံတော်သမ္မတရုံးသို့ မတင်ပြမီ ချုပ်ဆိုခဲ့သဖြင့် နိုင်ငံတော်သမ္မတရုံး၏ ခွင့်ပြု ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ရန်လိုအပ်ကြောင်း ဦးမော်သန်းက ထောက်ပြသွားသည်။

Photo Credit – MNA

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts