All News interview Peace

ရခိုင်ပြည်နယ်မှာ နှစ်ဖက်တိုက်ပွဲတွေအတွင်း အရပ်သားတွေ သေဆုံးနေမှု တပ်မတော်မှာ တာဝန်မရှိတော့ဘူးလား

ရခိုင်ပြည်နယ်မှာ နှစ်ဖက်တိုက်ပွဲတွေအတွင်း အရပ်သားတွေ သေဆုံးနေမှု တပ်မတော်မှာ တာဝန်မရှိတော့ဘူးလား

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ရခိုင်တိုင်းရင်းသား ဦးခင်မောင်လတ်နှင့် ဆက်သွယ်မေးမြန်းချက်

By မိုးယံခ/ ရန်ကုန်ခေတ်သစ်

ရခိုင်ပြည်နယ် မြောက်ဦးမြို့ ညောင်ပင်ဈေးရပ်ကွက် ချင်းပျံစုရှိ ဒေါ်စောသာနုနေအိမ်တွင် ဒီဇင်ဘာလ ၂ ရက်နေ့ ညနေ ၄နာရီခွဲခန့်က လက်နက်ကြီးကျည် ပေါက်ကွဲမှုကြောင့် အသက် ၈လ အရွယ် ကလေး ၁ ဦး နှင့် ၃နှစ်အရွယ်ကလေးငယ် ၁ ဦး အပါအဝင် ၃ဦးသေဆုံးခဲ့သည်။ ရခိုင်တပ်မတော်AAက အဆိုပါ အရပ်သား သေဆုံးမှုသည် တပ်မတော်ကြောင့် ဟု ပြောဆိုပြီး တပ်မတော်ဘက်ကမူ အဆိုပါ အရပ်သား များ သေဆုံးမှုသည် တပ်မတော်နှင့်မပတ်သက်ဘဲ ဗုံးသီးဟောင်း ပေါက်ကွဲမှုကြောင့် ဟု ငြင်းဆိုခဲ့သည်။ တပ်မတော်က အရပ်သား သေဆုံးမှု များ ဖြစ်ပေါ်တိုင်း ငြင်းဆိုမှုများနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်ကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ရခိုင်ပြည်နယ်အတွင်းမှာ အရပ်သားပြည်သူတွေ သေဆုံးမှုဖြစ်တိုင်း တပ်မတော်က သူတို့နဲ့မဆိုင်ဘူးလို့ အမြဲတမ်းငြင်းဆိုတယ်။ ဒီအပေါ်ကို ဆရာ့အနေနဲ့ ဘယ်လိုမြင်လဲ။

ဖြေ။ ။ ဒါကတော့ သိပ်သဘာဝမကျဘူး။ ဘာလို့လည်းဆိုတော့ တိုက်ပွဲတွေအများကြီးဖြစ်တယ်။ ဒီလိုဖြစ်ရပ်တွေလည်း အများကြီးပဲ။ ဒါပေမယ့်ဖြစ်တာက တခြားပြည်နယ်၊ တိုင်းတွေနဲ့မတူူဘူး။ နှစ်ဖွဲ့ပဲရှိတာ။ နှစ်ဖွဲ့ပဲရှိတာဆိုတော့ သချာင်္နည်းနဲ့ရိုးရိုးတွေးရင် တစ်ဝက်၊ တစ်ဝက်ဆို ၅ဝ ရာခိုင်နှုန်းတာဝန်ရှိတယ်။ တစ်ဝက်မပေးချင်ရင် တစ်ဖက် ၇၅ရာခိုင်နှုန်းပေးရင် တစ်ဖက် ၂၅ရာခိုင်နှုန်းပေးလည်းတာဝန်ရှိတာပဲ။ နောက်တစ်ခုက အဲဒါတွေကို ပြည်သူလူထုသိမ်းထားတာတွေအများကြီးပဲ။ သက်သေတွေ ။ ဒါဘယ်သူလုပ်တယ်ဆိုတာ သိပ်မခက်ဘူး။ အဲဒါတွေက နိုင်ငံတကာမှာလည်း ဒါတွေလုပ်နေတာပဲ။ နောက်တစ်ခုက မျက်မြင်သက်သေတွေအများကြီးရှိတယ်။ မီဒီယာတွေကိုဝင်ခွင့်ပေးလိုက်ပေါ့။ ဒါဆိုရင်ပွင့်လင်းမြင်သာမှုရှိမယ်။ ကမ္ဘာကတောင်သိမယ်။ အားလုံးသိသွားမယ်။ ဘယ်သူလုပ်တယ်ဆိုတာ ဘယ်သူတာဝန်ရှိတယ်ဆိုတာ အဲလိုလုပ်သင့်တယ်။

အမေး။` ။ အရပ်သားပြည်သူတွေ သေဆုံးနေပေမယ့် ဘယ်သူကမှ တာဝန်မခံကြဘူးဆိုတော့…။

ဖြေ။ ။ ဒါကအစိုးရမှာ တာဝန်ရှိတာပေါ့။ ဖြစ်ရပ်မှန်တွေဖော်ထုတ်ဖို့က အစိုးရမှာ တာဝန်ရှိတာလေ။ လေ့လာရေးအဖွဲ့တွေ သတင်းထောက်တွေ မလာရင်လည်း အစိုးရမှာတာဝန်ရှိတာပဲ။ ပြည်သူလူထုက ပူးပေါင်းကူညီဖို့ အဆင့်သင့်ပဲ ဆင်းစစ်လို့ရပါတယ်။ ဒါတွေက ဒီတိုင်းကပြောတာလောက်ပဲရတယ်။ လွှတ်တော်ထဲမှာ ဒါတွေကပြောခွင့်မှမရတာ တင်ထားတာတွေအများကြီးပဲ ပြောခွင့်မှမရတာ။

တကယ့်ပျော့ပျော့လေးတွေတောင် ဘာမှတင်လို့မရဘူး။ လူနာတွေရှိတယ် ကယ်ထုတ်ပေးဖို့ ကိစ္စတွေ အဲတာတွေတင်ထားတာပဲလေ ဒါတွေကတကယ်လုပ်ရင်ရပါတယ်။ အစိုးရမှာတာဝန်ရှိတာပေါ့။ ပြည်သူလူထုက ပူးပေါင်းကူညီဖို့အဆင်သင့်ပဲ လွှတ်တော်ကိုယ်စားလှယ် အမတ်တွေလည်း ပူးပေါင်းကူညီဖို့အဆင်သင့်ပဲ။ ကျွန်တော်ကိုယ်တိုင် လွှတ်တော်ထဲမှာ တင်ဖို့ပြတော့ ပြောခွင့်မှမပေးတာ။

မေး။ ။ အရပ်သားသေဆုံးမှုတွေနဲ့ပတ်သက်လို့ ဘယ်လို တားဆီးမလဲ။

ဖြေ။ ။ လွှတ်တော်ကိုယ်စားလှယ်ကတော့ မတတ်နိုင်ဘူး။ ဒါပေမယ့် ကူညီလို့တော့ရပါတယ်။ အစိုးရလာရင်ကူညီပေးမယ်။ တပ်ကလာရင်လည်းကူညီပေးမယ်။ နိုင်ငံတကာကစစ်ဆေးမယ်။ အဲတာတွေကိုတော့ ကူညီပေးလို့ရပါတယ်။ သူတို့ကိုလည်း ဆင်းစေချင်တယ်။ အဲလိုလည်း ဖြစ်စေချင်တယ်။ အဲလိုမျိုးတံခါးဖွင့်လိုက်မှ ဒါကအဖြေမှန်ပေါ်မှာလေ။ ဒါမှ ဒုက္ခတွေကနေ ကူညီပေးနိုင်မှာပေါ့။ ကျွန်တော်တို့စစ်ဆေးတာတွေကတော့ရှိတာပေါ့။ သွားနေတာပဲလေ အဲဒီအသံတွေကမထွက်လာ တရားဝင် မီဒီယာမှာ မပေါက်တာ မီဒီယာကိုဝင်ခွင့်မပေးဘူး။ နောက် မီဒီယာကိုယ်တိုင်က ဘက်လိုက်တာတွေအများကြီးပဲ။ အဲဒါတောင် ဒေသကမီဒီယာတွေရှိလို့ ဒေသကမီဒီယာတွေက ဒီလောက်စိတ်မဝင်စားဘူး။ သူတို့လာလည်း မလာရဲဘူး။ မလာဘူး။ ဝင်ခွင့်လည်းမပေးဘူး။ ဒါတွေကအဖြေမှန်တွေရှာလို့ရပါတယ်။

မေး။ ။ တပ်မတော်ဘက်က လက်နက်ကြီးပစ်တာတွေ ပစ်ခတ်မှုကြောင့် ပြည်သူတွေသေဆုံးတာမျိုးကို သက်သေနဲ့ ပြောနိုင်လား။ သက်သေတွေရော တွေ့လား ရှိလား။

ဖြေ။ ။ တွေ့တယ်။ ပြောတာပေါ့။ တချို့မြင်တာလည်း ရှိတာပဲလေ။ မြင်နေတာပဲ ကိုယ့်မျက်စိရှေ့မှာ ဖြစ်ပျက်နေတာ အဲတာကြောင့် တခြားသူတွေ မလာရင်နေ တာဝန်ရှိတဲ့သူတွေ အာဏာပိုင်တွေ လာရောက်စစ်ဆေးရင် တပ်တော့၊ အစိုးရတို့ သတင်းထောက်တွေလာရင်မြင်ရမှာပေါ့။ နိုင်ငံတကာမှာလည်း ဒီလိုပဲလေ အရှေ့အလယ်ပိုင်းတိုက်ပွဲတွေမှာလည်း ဒီလိုပဲလေ သတင်းထောက်တွေပဲဖော်ထုတ်နေတာပဲ သတင်းထောက်တွေဆိုတာက ကြားနေအဖွဲ့အစည်းလေ ဘယ်မှဘက်မလိုက်ဘူးဆိုတော့ အဖြစ်မှန်တွေပေါ်တာပေါ့။ မြန်မာနိုင်ငံမှာ စစ်သတင်းထောက်တို့ စစ်သတင်းမီဒီယာတို့က အားနည်းတယ်လေ မျှမျှတတလုပ်တဲ့သတင်းထောက်တွေကလည်း အားနည်းသေးတယ်။ ဒါတွေဘယ်သူလုပ်တယ်ဆိုတာက သိပ်မေးစရာမလိုဘူး။ မျက်မမြင်တွေက အများကြီးပဲ သတင်းထောက်တစ်ယောက်လာပြီး လေ့လာရင် အဲမှာသူကိုယ်တိုင်တွေ့မှာပဲ နေ့စဉ်ဖြစ်ပျက်နေတာကို အဲတာတွေက

မေး။ ။ ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီးတော့ ဘာတွေပြောချင်တာ ရှိသေးလဲ။

ဖြေ။ ။ အဓိကတာဝန်ရှိတဲ့သူတွေက ပြည်သူလူထုကို စာနာထောက်ထားပြီးတော့ လာရောက်စုံစမ်းဖို့လိုတယ်။ မီဒီယာတွေကိုဖွင့်ပေးဖို့လိုတယ်။ အင်တာနက်တွေဖွင့်ပေးဖို့လိုတယ်။ လွှတ်တော်ကလည်း စိတ်ဝင်စားဖို့လိုတယ်။ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေလိုတယ်။ အစိုးရအားနည်းရင် လွှတ်တော်ကဝင်ပြီးတော့ ကူပေးရမှာပေါ့။ အဲတာတွေလည်း အားနည်းတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts