All News Local News Peace

မြန်မာစစ်ခေါင်းဆောင်များကို ICJ ၊ ICC နှင့် အာဂျင်တီးနားတရားရုံးများတွင် အရေးယူမည့်အပေါ် ထောက်ခံကြောင်း ရှမ်းအဖွဲ့ ၁၇ ခုက ထုတ်ပြန်

မြန်မာစစ်ခေါင်းဆောင်များကို ICJ ၊ ICC နှင့် အာဂျင်တီးနားတရားရုံးများတွင် အရေးယူမည့်အပေါ် ထောက်ခံကြောင်း ရှမ်းအဖွဲ့ ၁၇ ခုက ထုတ်ပြန်

ရန်ကုန်၊ ဒီဇင်ဘာ ၉

မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးများအပေါ် ဆယ်စုနှစ်ကြာ ရက်စက်ကြမ်းကြုတ်စွာဖြင့် ပြုကျင့်နေသည့် မြန်မာ စစ် အစိုးရခေါင်းဆောင်များအား နိုင်ငံတကာဆိုင်ရာဥပဒေအရ အရေးယူမည့်အပေါ်ကို ရှမ်းအဖွဲ့အစည်း ၁၇ ဖွဲ့က ယနေ့ ကြေညာချက် တစ်ရပ် ထုတ်ပြန် ကြိုဆိုလိုက်သည်။

မြန်မာနိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှု အမှုဖြင့် ICJ တွင်တရားစွဲဆိုထားခြင်း၊ ရိုဟင်ဂျာများကို နှင်ထုတ်မှုနှင့် ပတ်သက်၍ ICC ၏ စစ်ဆေးမေးမြန်းမှုများနှင့် တစ်ကမ္ဘာလုံး ဆိုင်ရာတရားစီရင်ပိုင်ခွင့်အောက်တွင် ရိုဟင်ဂျာများအပေါ် ရက်စက်စွာ ကျူးလွန်ခဲ့သောရာဇဝတ်မှုများအတွက် အာဂျင်တီး နားတွင် တရားစွဲဆိုထားသည့်အမှုတို့ကို ထောက်ခံကြောင်း ရှမ်းအဖွဲ့အစည်းများက ကြေညာလိုက်ခြင်းဖြစ်သည်။

ရှမ်းပြည်နယ်ရှိ ပြည်သူများသည် ရိုဟင်ဂျာများကဲ့သို့ အလားတူ စနစ်တကျရက်စက်ကြမ်းကြုတ်သည့်ပုံစံများကို ဆယ်စု နှစ် များစွာခံစားခဲ့ရကြောင်း၊ အထူးသဖြင့် မြန်မာအစိုးရစစ်တပ်၏ မြေလှန်မီးရှို့စနစ်ဖြစ်သည့် ၁၉၉၆-၁၉၉၈ ခုနှစ်ကာလအတွင်း ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အလယ်ပိုင်း၌ ကျေးရွာပေါင်း ၁၄၀၀ မှ လူဦးရေပေါင်း ၃ သိန်း ကျော်သည် မိမိတို့နေအိမ်မှ အဓမ္မနှင်ထုတ်ခံရပြီး အများစုမှာ ထိုင်းနိုင်ငံသို့ ထွက်ပြေးခိုလှုံခဲ့ရကြောင်း၊ ယနေ့အထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း၊ ရာနှင့်ချီ သောရွာသားများအစုလိုက်အသတ်ခံရပြီး ဘုန်းကြီးရဟန်းတော်များအပါအဝင်ညှဉ်းပမ်းသတ်ဖြတ်ခံခဲ့ရကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါ ကြေညာချက်တွင်ပင် မုဒိမ်းပြုကျင့်မှုကို စစ်လက်နက်အဖြစ် အသုံးချခဲ့ကြောင်း၊ ၁၉၉၆ -၂၀၀၁ ခုနှစ်အတွင်း အမျိုးသမီးနှင့် မိန်းကလေးငယ် ၆၂၅ ယောက်ကို ရှမ်းပြည်နယ်အတွင်းဖြစ်ပွားနေသောစစ်ပွဲတွင် မြန်မာစစ်အစိုးရက လိင်အကြမ်းဖက်မှုများကို မှတ်တမ်း တင်ထားသည့် “မုဒိမ်းကျင့်ခွင့်လိုင်စင်” ခေါင်းစဉ်ဖြင့် ၂၀၀၂ ခုနှစ်တွင် အစီရင်ခံစာထုတ်ပြန်ခဲ့ကြောင်း ၊မုဒိမ်းမှုများကို တပ် ရင်း 52 ရင်းမှ စစ်သားများက ကျူးလွန်ခဲ့ကြပြီး ၈၃ ရာခိုင်နှုန်း အများစုကို အရာရှိများက စစ်သားများရှေ့တွင် ကျူး လွန်ခဲ့ ကြကြောင်း၊ ၆၁ ရာခိုင်နှုန်းသည် အုပ်စုလိုက်မုဒိမ်းမှုပြုကျင့်ခံခဲ့ရခြင်းဖြစ်ပြီး အချို့ဖြစ်ရပ်မှာ အမျိုးသမီးများသည် ၄ လ တာကာလအတွင်း အကြိမ်ကြိမ်မုဒိန်းကျင့်ခံခဲ့ရကြောင်း၊ မုဒိမ်းမှုများကျူးလွန်စဉ်ရိုက်နှက်ခြင်း၊ ကိုယ်လက်အင်္ဂါဖြတ်တောက် ခြင်း နှင့် အသက်ရှုကြပ်အောင် လုပ်ခြင်းညှင်းပန်းနှိပ်စက်သတ်ဖြတ်ခြင်းတို့ကိုလည်းလုပ်ဆောင်ခဲ့ကြကြောင်း၊ မုဒိမ်းမှုပြုကျင့်ခံရသော ၂၅ ရာခိုနှုန်းသည် အသက်ဆုံးရှုံးခဲ့ရကြကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ကမ္ဘာ့ကုလသမဂ္ဂ၏ လွတ်လပ်သော သတင်းအချက်အလက်ရှာဖွေစုဆောင်းရေး ဆိုင်ရာ (UN Independent International Fact Finding Mission) အဖွဲ့မှ စုဆောင်းသော အစီအရင်ခံစာတွင် မြန်မာအစိုးရ စစ် တပ်မှရှမ်းပြည်နယ်အတွင်း အမျိုးမျိုး နှိပ်စက်သတ်ဖြတ်သည့်လုပ်ရပ်သည် ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း၊ ထိုကဲ့သို့သော လုပ်ရပ်များကို ဆက်လက် အရေးမယူလျင် ပြည်ထောင်စုမြန်မာနိုင်ငံတွင် လူမျိုးစုများကို စနစ်တကျ နှိပ်စက် သတ်ဖြတ်မှုများ ဆက်လက်ပေါ်ပေါက်နေဉီးမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

လက်ရှိတွင် လူ့အခွင့်အရေး ချိုးဖောက်သောမြန်မာ့အစိုးရစစ်တပ်အပေါ်ကို ထင်ရှားအောင်ပြု၍ တရားစွဲဆိုခြင်းကို ကျွန်ုပ်တို့အနေဖြင့် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုထောက်ခံပါကြောင်း ၊တိုင်းရင်းသားဒေသများတွင် မြန်မာစစ်တပ်မှထိုးစစ်ဆင်နေခြင်းနှင့် နှိပ်စက်သတ်ဖြတ်မှုများ အား ရပ်တန့်စေရန်၊ ပြည်တွင်းစစ်ရပ်စဲရန် အတွက် စစ်မှန်သောနိုင်ငံရေးဆွေးနွေးပွဲကိုစတင်ရန်၊ ကာလကြာရှည်စွာ တောင့်တ သော မြန်မာတနိုင်ငံလုံးရှိ လူထုများ အတွက် တရားမျှတမှုနှင့် တန်းတူညီမှု အခွင့်အရေးများရစေရန် တရားစွဲဆိုမှုများက အထောက်အကူပြုနိုင်ကြောင်း ဖော်ပြထားသည်။

အဆိုပါကြေညာချက်ထုတ်ပြန်သော အဖွဲ့အစည်းများမှာ Shan Human Rights Foundation၊ Shan State Refugees Committee (Thai border)၊ Kong Moong Murng IDP Camp Committee၊ Loi Tai Laeng IDP Camp Committee၊ Loi Lam IDP Camp Committee၊ Koung Jor Refugee Camp Committee၊ Loi Sam Sip IDP Camp Committee၊ Loi Kaw Wan IDP Camp Committee၊ Shan State Farmers’ Network၊ Lin Mork Mai၊ Shan National Organization (Thailand)၊ Toom Toan Tai၊ Hom Heng Jai Tai Bangkok၊ Overseas Shan Europe၊ Shan in Australia ၊ Shan Refugee Organization (Malaysia)၊ YawngHwe Office in Exile အဖွဲ့များ ဖြစ်ကြသည်။

Photo Credit – Reuters

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com