All News Election interview

” ဗိုလ်ချုပ်ကြေးရုပ်ဖြစ်စဉ် ၊ တပ်ကစွဲထားတဲ့ တောင်သူလယ်သမားဖြစ်စဉ်။ အယုံအကြည်မရှိတော့ဘူး။တိုင်းရင်းသားပါတီတွေကပဲ သာလိမ့်မယ်”

“လက်ရှိ ဗိုလ်ချုပ်ကြေးရုပ်ဖြစ်စဉ်တစ်ခုရယ်။ နောက်ပြီးတော့ တပ်ကစွဲထားတဲ့ တောင်သူလယ်သမားဖြစ်စဉ်။ အယုံအကြည်မရှိတော့ဘူး။တိုင်းရင်းသားပါတီတွေကပဲ သာလိမ့်မယ်”

By ရန်ကုန်ခေတ်သစ်

ဗိုလ်ချုပ်ကြေးရုပ်ရွှေ့ပြောင်းရေး ဦးဆောင်လှုပ်ရှားရင်း ထောင်ကျခံရပြီး ပြန်လွတ်လာသော ကရင်နီလူငယ်ခေါင်းဆောင် ကိုခူးရီးဒူနှင့်ဆက်သွယ်မေးမြန်းချက်

ဗိုလ်ချုပ်ကြေးရုပ်ကို ကယားပြည်နယ်၊ လွိုင်ကော်တွင် စိုက်ထူမှုဖြင့် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုနှင့်ဘဏ္ဍာရေးဝန်ကြီးတို့ကို ကရင်လူငယ် ၆ ဦးက အမျိုးသားသစ္စာဖောက်ဟု ကြေညာခဲ့၍ ကယားပြည်နယ်အစိုးရဘက်က နိုင်လွတ်လုံဥပဒေဖြင့် ထောင်ဒဏ် ၆ လ ချမှတ်ခဲ့သည်။ မကြာသေးမီက လူငယ် ၆ ဦး ပြန်လည် လွတ်မြောက်လာပြီး ယင်းလူငယ်များထဲမှ တစ်ဦးဖြစ်သူ ကိုခူးရီးဒူကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ လွတ်လာပြီးဆိုတော့ ဘာတွေဆက်လုပ်ဖို့ရှိလဲ။

ဖြေ။ ။ ကျွန်တော်တို့ မူလရပ်တည်ချက်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ရွေ့ပြောင်းရေးအတိုင်းပဲ ဆက်ပြီးတော့မှ ကျွန်တော်တို့လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

မေး။ ။ ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ ဆက်လုပ်မှာဆိုတော့ ဘာတွေဆက်လုပ်မှာလဲ။

ဖြေ။ ။ ကျွန်တော်တို့ အဖြေနှစ်ခုရမယ်ဆိုရင်တော့အစိုးရနဲ့ ပူပေါင်းဖို့ အစီစဉ်တော့ရှိတယ်။ အစိုးရကနေမှ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒေသခံပြည်သူလူထု ပြည်လုံးကျွတ်ဆန္ဒမဲ ခံယူပေးပါမယ်လို့ပြောရင်တော့ အစိုးရနဲ့အတူတူလက်တွဲဖို့တော့ရှိတယ်။ လက်တွဲဖို့ပြောတယ်ဆိုတာ အဲဒီ ဆန္ဒခံယူပွဲဖြစ်မြောက်အောင် ကျွန်တော်တို့တစ်ဖက်တစ်လမ်းကနေ ကူညီပေးနိုင်စွမ်းရှိတယ်။ နောက်တစ်ခုက တကယ်လို့ အစိုးရကနေမှ ဒီဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို ပြည်နယ်၊ ပြည်ပ တစ်ခြားတစ်နေရာကို ရွေ့ပြောင်းပေးမယ်လို့ပြောခဲ့ရင် ကျွန်တော်တို့ လက်ရှိအစိုးရအနေနဲ့ ပူပေါင်းဖို့အဆင့်သင့်ပေါ့။ တကယ်လို့ ခုနက အခြေအနေတွေမရမှ အစိုးရဘာတစ်ခုမှ ရည်ရွယ်ချက်မရှိဘူးဆိုရင် ကျွန်တော်တို့ မှုလရပ်တည်ချက်အတိုင်းဆက်သွားမယ်။ ကျွန်တော်တို့ဆန္ဒထုတ်ဖော်မယ်ဆိုရင် ထုတ်ဖော်မယ်။ ကျွန်တော်တို့ လူပ်ရှားမူတစ်ခုခုလုပ်ရင်လည်း လုပ်လိမ့်မယ်။ဒါပေမဲ့ ကျွန်တော်တို့ အတည်အကျတော့မပြောနိုင်သေးဘူး။

မေး။ ။ ရွေးကောက်ပွဲကလည်း နီးလာပြီးဆိုတော့ ဗိုလ်ချုပ်ကြေးရုပ်ကိစ္စက ဒီအစိုးရလက်ထက်မှာ ပြီးဆုံးနိုင်ပါ့မလား။

ဖြေ။ ။ ကျွန်တော်တို့ ပြည်နယ်အစိုးရနဲ့ ဖြစ်နိုင်ရင်တော့ ဗိုလ်ချုပ်ကြေးရုပ်ဖြစ်စဉ်ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ကတော့ အကောင်းဆုံးက တွေ့ဆုံညှိနိူင်းဖို့လိုတယ်။ ကျွန်တော်တို့လူငယ်အနေနဲ့ကတော့ ရွေးကောက်ပွဲလည်းနီးလာပြီ ဒီကိစ္စကလည်း ရွေးကောက်ပွဲမတိုင်ခင်မှာ ပြီးပြတ်စေချင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီကိစ္စကြောင့်နဲ့ ရွေးကောက်ပွဲ ဂယက်ထနိုင်တာ လည်းအများကြီးရှိတယ်။ ကျွန်တော်တို့ကတော့ ပြည်နယ်အစိုးရနဲ့ ဆွေးနွေးချင်တယ်။ ဗိုလ်ချုပ်ကြေးရုပ်ကိုအကောင်းဆုံးဖြစ်အောင် ဘယ်လိုမျိုးရွေ့ပြောင်းကျမလည်း ဒီလိုမျိုးဝိုင်းဝန်းပြီးလုပ်ဆောင်ကျတဲ့အပေါ်မှာ အဲဒါမျိုးကို ကျွန်တော်တို့လုပ်ချင်တယ်။ တကယ်လို့အစိုးရကနေမှ တစ်စုံတစ်ရာကမ်းလှမ်းမှုမရှိဘူးဆိုရင် ကျွန်တော်တို့ကတော့ လုပ်စရာရှိတဲ့အလုပ်ကို ဆက်လုပ်သွားမှာပါ

မေး။ ။ ရွေးကောက်ပွဲ မကြာခင်စတော့မှာဆိုတော့ ရွေးကောက်ပွဲဝင်ပြိုင်မှာလား။

ဖြေ။ ။ ကျွန်တော်တို့ လာမည့်ရွေးကောက်ပွဲအတွက်တော့ ပြည်နယ်အခြေစိုက်ပါတီကို ဝန်းရံဖို့ပဲရှိတယ် ဒါကတော့ ပွင့်ပွင့်လင်းပြောတာပေါ့နော်။

မေး။ ။ ရွေးကောက်ပွဲ အခင်းအကျင်းကို ဘယ်လိုမြင်လဲ။

ဖြေ။ ။ ကျွန်တော့် တစ်ယောက်အမြင်အနေနဲ့ဆိုရင်တော့ လာမည့်ရွေးကောက်ပွဲ ပြည်နယ်အခြေစိုက်တိုင်းရင်းသားပါတီတွေပဲ အနိုင်ရလိမ့်မယ်လို့မျှော်လင့်နေတယ်။ လက်ရှိအရပ်သားအစိုးရဖြစ်တဲ့ NLD ဦးဆောင်တဲ့ ငါးနှစ်တာကာလအတွင်း သူတို့မတက်ခင်ကပြောခဲ့တဲ့ ဂတိစကားတွေ ယနေ့ထိတိုင် အကောင်အထည်ဖော်တာ တစ်ဝက်လောက်တောင်မရှိဘူးပေါ့။ ရာခိုင်နူန်းနဲ့ပြောမယ်ဆိုလိုရှိရင် ၁၀၀ ရာခိုင်နှုန်းမှာ ၃၀ ရာခိုင်းနှုန်းလောက်ပဲ လုပ်နိုင်တဲ့အနေအထားရှိတယ်။ ပိုပြီးတော့မှဆိုးတာက လက်ရှိ ဗိုလ်ချုပ်ကြေးရုပ်ဖြစ်စဉ်တစ်ခုရယ်။ နောက်ပြီးတော့တပ်ကစွဲထားတဲ့ တောင်သူလယ်သမားဖြစ်စဉ်တစ်ခုက ကျွန်တော်တို့ပြည်နယ်အတွင်းမှာရှိတဲ့ ဒေသခံလူထုတွေရဲ့ ရင်ထဲကို ပိုပြီးတော့မှ ဘယ်လိုပြောမလည်းဆိုတော့ တိုင်းရင်းသားပါတီတွေကိုပိုပြီး မဲပေးလာနိုင်အောင် လှုပ်ဆော်သလို ကျွန်တော်ကတော့ အဲဒီလိုမြင်တယ်။ ဘာဖြစ်လို့လဲဆိုရင်တော့ ဒေသခံတွေက အယုံအကြည်မရှိတော့ဘူး။ အခုချိန်မှာ သူတို့ကို ၂၀၁၅တုန်းကပေးပြီးပြီ။ ပေးပြီးတော့လည်း ငါးနှစ်တာကာလအတွင်း ဘာတစ်ခုမှ အကောင်အထည်မဖော်ခဲ့သလို လူငယ်တွေလည်း ဖမ်းဆီးမှုတွေပြုလုပ်တဲ့အပေါ်မှာ ဒေသခံတွေလည်းသိတယ်။ အခုကတောင်သူလယ်သမားတွေအရေးဆိုရင် ပိုဆိုးသွားပြီးပေါ့။ လာမည့် ၂၀၂၀ကျရင်တော့ ပြည်နယ်အခြေစိုက်တိုင်းရင်းသာပါတီတွေကပဲ သာလိမ့်မယ်လို့တော့ ကျွန်တော်ကတော့ ယူဆတယ်။

မေး။ ။ ပါတီနိုင်ငံရေးကိုကော ဘယ်တော့လောက် ဝင်ဖို့ရှိလဲ။

ဖြေ။ ။ ကျွန်တော်ကတော့ဒီလူငယ်မှာပဲ ဆက်ပြီးလူပ်ရှားမှာပါ။ လာမယ့် ၂၀၂၀ ကျရင်တော့ ပြည်နယ်အခြေစိုက်ပါတီတွေကို ဆက်လက်ပြီး ဝန်းရံသွားမယ်။ မဲတွေအနိုင်ရရှိအောင် တစ်နည်းတစ်လမ်းနဲ့ ဝန်းရံသွားမယ်။ ကျွန်တော်တို့ လူငယ်အနေနဲ့ပဲ တိုင်းရင်းသားပါတီတွေကို ဝန်းရံသွားမယ်။ အဲဒီလိုအနေ အထားမှာပဲရှိပါမယ် ဝင်ရောက်ယှဉ်ပြိုင်ဖို့တော့မရှိဘူးပေါ့။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts