All News Business

ဗဟိုဘဏ်က နေ့စဉ် ကန်ဒေါ်လာ သန်းချီပြန်ဝယ်ပြီး တစ်လအတွင်း ဒေါ်လာသန်း ၄၀ နီးပါးဝယ်ယူ

ဗဟိုဘဏ်က နေ့စဉ် ကန်ဒေါ်လာ သန်းချီပြန်ဝယ်ပြီး တစ်လအတွင်း ဒေါ်လာသန်း ၄၀ နီးပါးဝယ်ယူ

ရန်ကုန်၊ ဒီဇင်ဘာ ၅

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဈေးကွက်အတွင်းမှ နေ့စဉ် ကန်ဒေါ်လာ သန်းချီ ပြန်လည်ဝယ်ယူပြီး တစ်လအတွင်း ဒေါ်လာ သန်း ၄၀ နီးပါးဝယ်ယူပြီးနောက် အမေရိကန်တစ်ဒေါ်လာလျှင် ၁၅၀၀ ကျပ် ဝန်းကျင်တွင် ရှိနေကြော်ငး ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အောက်တိုဘာလ ၃၁ ရက်နေ့မှစတင်ပြီး ဈေးကွက်အတွင်းမှ အမေရိကန်ဒေါ်လာများကို ဈေးပြိုင်စနစ်ဖြင့် စတင်ဝယ်ယူခဲ့ကြောင်း၊ ဗဟိုဘဏ်က ဒေါ်လာများ စတင်ဝယ်ယူချိန်က အမေရိကန်တစ်ဒေါ်လာလျှင် ငွေလဲသတ်မှတ်နှုန်း ၁၅၂၇ ဒသမ ၅ ကျပ် ဈေးရှိခဲ့ကြောင်း၊ နေ့စဉ် ဒေါ်လာ သန်းချီ ဝယ်ယူခဲ့ပြီး နိုဝင်ဘာလ ၁၁ ရက်နေ့က အမြင့်ဆုံး ဗဟိုဘဏ်က ၅ သန်း ဝယ်ယူခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က တရားဝင် ထုတ်ပြန်သော စာရင်းဇယားများအရ သိရှိရသည်။

ဗဟိုဘဏ်က အောက်တိုဘာလ ၃၁ ရက်နေ့တွင် အမေရိကန်ဒေါ်လာ ၁ သန်း၊ နိုဝင်ဘာလ ၁ ရက်နေ့တွင် ဒေါ်လာ ၂ သန်း၊ နိုဝင်ဘာလ ၄ ရက်နေ့တွင် ဒေါ်လာ ၂ သန်း၊ နိုဝင်ဘာလ ၅ ရက်နေ့တွင် ဒေါ်လာ ၅ သန်း၊ နိုဝင်ဘာလ ၆ ရက်နေ့တွင် ဒေါ်လာ ၁ သန်း၊ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ဒေါ်လာ ၁ သန်း၊ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ဒေါ်လာ ၁ သန်း၊ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ဒေါ်လာ ၁ ဒသမ ၁ သန်း၊ ၂၀ ရက်နေ့တွင် ဒေါ်လာ ၅ သိန်း၊ ၂၂ ရက်နေ့တွင် ဒေါ်လာ ၁ ဒသမ ၄ သိန်း၊ ၂၅ ရက်နေ့တွင် ဒေါ်လာ ၁ ဒသမ ၅ သန်း ၊ ၂၆ ရက်နေ့တွင် ဒေါ်လာ ၂ ဒသမ ၉ သန်း၊ နိုဝင်ဘာလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ နေ့စဉ် ဒေါ်လာ ၃ သန်းစီကိုလည်းကောင်း၊ ဒီဇင်ဘာလ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ နေ့စဉ် ဒေါ်လာ ၃ သန်းစီ ကိုလည်းကောင်း။ ဒီဇင်ဘာလ ၅ ရက်နေ့တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းကိုလည်းကောင်း ဈေးကွက်အတွင်းမှ ပြန်လည် ဝယ်ခဲ့သည်။

ထိုသို့ ဒေါ်လာ ၃၉ ဒသမ ၉ သန်းကို ဈေးကွက်အတွင်းမှ ဗဟိုဘဏ်က ပြန်လည် ဝယ်ယူခြင်းကြောင့် မြန်မာငွေတန်ဖိုးပြန်မာလာပြီး ဒီဇင်ဘာလ ၄ ရက်နေ့က အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၁၄၉၉ ကျပ် ပေါက်ဈေးရှိခဲ့ပြီး မြန်မာငွေ တန်ဖိုးမာလာကြောင်း သိရှိရသည်။

“မြန်မာငွေက အခု အရမ်းမာလာတယ်။ နယ်စပ်ဟွန်ဒီ ငွေလွှဲတွေမှာလည်း မြန်မာငွေ တန်ဖိုးက မာတယ်။ ဗဟိုဘဏ်က ဒိုင်ခံပြီး ပြန်ဝယ်နေတာကြောင့်လည်း ပါတယ်” ဟု ရန်ကုန်မြို့မှ ဒေါ်လာ ဝယ်ရောင်း လက်ကြီးသမားတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ ငွေလဲလှယ်သော အရောင်းအဝယ်သည် ထိရှလွယ်၍ သတင်းဖော်ပြရာတွင် ၎င်း၏ နာမည်နှင့် လုပ်ငန်းနာမည်ကို ဖော်ပြခြင်းမပြုရန် အဆိုပါ ဒေါ်လာဝယ်ရောင်းလက်ကြီးသမားက မေတ္တာရပ်ခံသည်။

“ဗဟိုဘဏ်က ချရောင်းမယ်။ ပြန်ဝယ်မယ်။ ဒါက Market Mechanism ပဲ။ သူရဲ့ Reserved Ratio ကိုက်အောင်တော့ ထားရမှာပေါ့။ ဗဟိုဘဏ်သည်လည်း Money Supply ကို ထိန်းရမှာပေါ့။ နိုင်ငံမှာ တစ်လအတွင်း အစိုးရက ဘယ်လောက်သုံးမယ်။ လိုငွေပြတယ်။ ဘယ်လောက် ပိုငွေပြတယ်။ ဒေါ်လာကို ဘယ်လောက် Reserved ထားမယ်။ အဲဒါတွေက Central Bank က အဲလို ထားရတော့ အဲဒါတွေကိုက်အောင် လုပ်ရတဲ့သဘောရှိတယ်။ Market ထဲမှာ Player အနေနဲ့ Intervention ဝင်တာပေါ့။ ဝင်ကူပေးတာပေါ့။ Export Income ရလာပြီ လုပ်ငန်းကိုင်ခန်းတွေကလည်း ပြန်ပြီးတော့ ငွေပေါ်လာပြီဆိုတော့ ဒါကို သူက ပြန်ဖြည့်တဲ့သဘောပေါ့။ Rate ကိုလည်း ငြိမ်အောင် လုပ်တဲ့သဘောလဲပါမှာပေါ့။ Currency Exchange , Commodity Exchange , Security Exchange ဆိုတာ အမြဲတမ်း Monitoring လုပ်နေရတာပဲ။ Market ကို ကြည့်နေရတာပဲ။ Reserved Ratio အတက်အကျကိုတော့ ဗဟိုဘဏ်က လုပ်ရတာပဲ။ Balance of Payment မှာ အနည်းဆုံး Import ကို ၆ လစာ ရှိရင် လုံလောက်တယ်ဆိုရင် World Bank တို့ IMF တို့ကလည်း ကြည့်တယ်။ ဒီ Balance of Payment ကို ၆ လစာ ရှိရင် ဒီ Economy က Stable ဖြစ်တယ်ပေါ့။ အဲဒါမျိုးတွေရှိတယ်။ တွက်နည်းချက်နည်းတွေ ရှိတယ်” ဟု စီးပွားရေးကျွမ်းကျင်သူ ဦးတင်မြင့်က သုံးသပ်ပြောဆိုသည်။

ဒီဇင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းတွင်မူ အမေရိကန်တစ်ဒေါ်လာ ၁၅၀၄ ကျပ်ဖြင့် ဈေးဖွင့်သော်လည်း ဗဟိုဘဏ်က ဒေါ်လာ သန်းချီ ဆက်လက် ဝယ်ယူနေပါက ဒေါ်လာဈေးနှုန်းသည် တစ်ဒေါ်လာ ၁၅၀၀ ကျပ်ဝန်းကျင်တွင် တည်ငြိမ်နေနိုင်ကြောင်း ငွေလဲလှယ်ဒိုင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

Photo Credit – Reuters

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com