Features Peace political news

ဗစ်တိုးရီးယားကြောင့် လူမဆန်တဲ့ ရဲခေါင်းဆောင်တွေကို အရေးယူဖို့နဲ့ ရဲတပ်ဖွဲ့ကြီးတစ်ခုလုံး ပြုပြင်ပြောင်းလဲဖို့ ရန်ကုန်လူထု လမ်းပေါ်ထွက်လာ

ဗစ်တိုးရီးယားကြောင့် လူမဆန်တဲ့ ရဲခေါင်းဆောင်တွေကို အရေးယူဖို့နဲ့ ရဲတပ်ဖွဲ့ကြီးတစ်ခုလုံး ပြုပြင်ပြောင်းလဲဖို့ ရန်ကုန်လူထု လမ်းပေါ်ထွက်လာ

By ရန်ကုန်ခေတ်သစ် 

ဒီဇင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ် ရန်ကုန်မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလ ပန်းခြံထဲကို လူတွေ တဖွဲဖွဲ ရောက်လာနေတယ်။ တချို့လူတွေရဲ့ လက်ထဲမှာ Victoria စာတမ်းပါတဲ့ စာရွက်လေးတွေ ကိုင်ထားကြသလို တချို့လူတွေကတော့ ပါးပြင်မှာ Justice for Victoria စာတမ်းပါ စတေကာလေးတွေကို ပါးပေါ်မှာ ကပ်ထားကြတယ်။
 
ဒီဇင်ဘာလ ၁၉ ရက်နေ့ ့မှာ ရဲတပ်ဖွဲ့မှ ရဲမှူးချုပ် စိုးနိုင်ဦး၊ ရဲမှူးကြီးမင်းဟန်နဲ့ ရဲမှူးကြီး သာထွန်းတို့က သမိုင်းအကျဉ်းတန် အရုပ်ဆိုးစေတဲ့ လူမဆန်တဲ့ လုပ်ရပ်တစ်ခုကို ကျူးလွန်ခဲ့ကြပါတယ်။ တစ်နိုင်ငံလုံးက လျှို့ဝှက်ပေးပြီး ဗစ်တိုးရီးယားလို့သာ ခေါ်ဆိုခဲ့ကြတဲ့ လိင်အကြမ်းဖက်မှု ကျူးလွန်ခံရတဲ့ ဗစ်တိုးရီးယားရဲ့ အမည်၊  မိဘအမည်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာတွေကို သတင်းစာရှင်းလင်းပွဲမှာ Live လွှင့်ပြီး ပြောဆိုခဲ့ပါတယ်။ 
ဒါ့အပြင် အဲဒီနေ့မှာပဲ ရဲတပ်ဖွဲ့ရဲ့ ရဲဇာနည် လူမှုကွန်ရက် စာမျက်နှာကနေပြီး ဗစ်တိုးရီးယား လိင်အကြမ်းဖက်မှု ကျူးလွန်မှု ဖြစ်စဉ် အသေးစိတ်ကို နာမည်တွေနဲ့ တကွ တင်ခဲ့ပြန်ပါတယ်။

အဲဒီလို လူမဆန်တဲ့ လုပ်ရပ်ကို ကျူးလွန်ခဲ့ကြတဲ့အတွက် ရဲတပ်ဖွဲ့ အပေါ် ရန်ကုန်အပါအဝင် တစ်နိုင်ငံလုံး က လူထုတွေ ဒေါသ အမျက်ထွက်ခဲ့ကြပြီး လူမှုကွန်ရက်တွေမှာ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း အစိုးရဘက်ကရော ၊ ရဲတပ်ဖွဲ့ဘက်ကရော ရဲအရာရှိကြီးတွေဘက်ရော တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ၊ အရေးယူတာ တွေ မလုပ်ပါဘူး။ 

ရဲတပ်ဖွဲ့ရဲ့ လူမဆန်တဲ့လုပ်ရပ်၊ ကလေးသူငယ် ဥပဒေကို ချိုးဖောက်တဲ့ လုပ်ရပ်ကို အစိုးရဘက်ကရော ရဲတပ်ဖွဲ့ဘက်ကပါ နှုတ်ဆိတ်နေကြတာကြောင့် လူထုက နောက်ဆုံးဟာ လမ်းမတွေ ပေါ် ထွက်လာကြပါတယ်။ ဒီဇင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၃ နာရီလောက်မှာတော့ လူထုတွေဟာ ရန်ကုန်မြို့တော်ခန်းမရှေ့ကို လာရောက်စုဝေးခဲ့ကြတာပါ။

“ဖေ့ဘုတ်စ်မှာ မဟာဗန္ဓုလပန်းခြံရှေ့ စုဝေးပါဆိုလို့ လာတာပါ။ ဘယ်အဖွဲ့အစည်းကမှလည်း မဟုတ်ဘူး။ ကျမမှာ သမီး ၂ ယောက်ရှိတယ်။ ဗစ်တိုးရီးယားလို ကျမ သမီးတွေ မဖြစ်ဘူး မပြောနိုင်ဘူး။ နောက်ပြီး ရဲတပ်ဖွဲ့ လုပ်ရပ်က မိုက်ရိုင်းလွန်းတယ်။ လုပ်ပြီးတော့ တောင်းပန်တာ၊ သတင်းထုတ်ပြန်တာ၊ အရေးယူတာ ဘာမှ မရှိဘူး။ အဲဒီအတွက် ကျမ တစ်ဦးချင်းအနေနဲ့ ဒီကို လာတာပါ။ ဘယ်သူကမှ ခေါ်လို့မဟုတ်ဘူး။ ကျမ သမီး ၂ ဦးအတွက် ဗစ်တိုးရီးယားအတွက် ကျမလာတာ” လို့ ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ်မှာ နေထိုင်တဲ့ ရွှေဆိုင်မန်နေဂျာ အမျိုးသမီးက ပြောပါတယ်။ 

မွန်းလွဲ ၃ နာရီမှာတော့ ပွဲစီစဉ်သူတွေက ဗစ်တိုးရီးယားအတွက် တရားမျှတမှု ရရှိရေး ဆန္ဒပြပွဲ စတင်ပြီဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။ အဲဒီအချိန်မှာ ရဲတွေဘက်က ခွင့်ပြုမိန့်တင်ပြီး ဆန္ဒပြဖို့ ထွေ/အုပ် အရာရှိနဲ့အတူ တားဖို့ ကြိုးစားပါသေးတယ်။ ဒါပေမယ့်လည်း လူအုပ်က များပြားလှတာမို့ သူတို့လည်း သိပ်ပြီး ရှေ့ မတိုးလာပါဘူး။ 

ပထမဦးစွာ တရားလွှတ်တော်ရှေ့နေကြီး ဦးကြီးမြင့်က စတင်ပြီး ဗစ်တိုရီးယားအမှုဟာ မြန်မာတစ်နိုင်ငံလုံးအတွက် ရှက်စရာကောင်းသလို ကလေးငယ်တွေ မလုံခြုံမှုကိုလည်း ပြနေတယ်လို့ ပြောဆိုပါတယ်။ 

အဲဒီနောက် ဆန္ဒပြလူအုပ်ကြီးက မဟာဗန္ဓုလ လမ်းအတိုင်း စတင်ချီတက်ပါတယ်။ သံဃာတော် နှစ်ပါးက ရှေ့ဆုံးမှာ “ကျင့်ဝတ်နှင့် ဥပဒေချိုးဖောက်သော ရဲအရာများကို အရေးယူပေး”ဆိုတဲ့ ဗီနိုင်းပိုစတာကို ဆန္ဒပြသူတွေနဲ့ ကိုင်ဆောင်ရင်း စတင်ချီတက်တာပါ။ 

ဆန္ဒပြသူတွေထဲမှာ အမျိုးသမီးတွေ ၊ သက်ကြီးရွယ်အို အမျိုးသမီးတွေ၊ ကလေးငယ်တွေ ၊ အပျိုပေါက်အရွယ် ဆယ်ကျော်သက်မိန်းကလေးတွေ အပါအဝင် လူတန်းစား အလွှာအသီးသီးက ပါဝင်ပါတယ်။ 

“ကျင့်ဝတ်နဲ့ ဥပဒေချိုးဖောက်တဲ့ ရဲအရာရှိများ အရေးယူပေး ၊ ရဲတပ်ဖွဲ့၏ ဥပဒေမဲ့ လုပ်ရပ်များ ဆန့်ကျင်ကြ၊ မတရားတဲ့ အမိန့်အာဏာမှန်သမျှ တာဝန်အရ ဖီဆန်ကြ ၊ ဗစ်တိုးရီးယားအတွက် တရားမျှတမှု ဖော်ဆောင်ပေး” ဆိုတဲ့ ကြွေးကြော်သံတွေက ရန်ကုန်တစ်မြို့လုံးကို ဖုံးလွှမ်းနေပါတယ်။ 

ဆန္ဒပြလူတန်းကို ငေးကြည့်နေကြတဲ့ လူအုပ်တွေထဲမှာ ဆန္ဒပြသူတွေကို လက်မထောင်ပြသူ၊ ထောက်ခံကြောင်း ပြသကြတဲ့ အမှုအရာတွေ  လုပ်ကြပါတယ်။ 

ခေတ်အဆက်ဆက် နာမည်ဆိုးနဲ့ ကျော်ကြားပြီး ငိုစား၊ ရယ်စား၊ လူထုကို အာဏာရှင် လက်ကိုင်တုတ်အဖြစ် ဖိနှိပ်ခဲ့တဲ့ ရဲတပ်ဖွဲ့ကို လူထုဘက်က ဗစ်တိုးရီးယားအမှုကို အကြောင်းပြုလို့ စတင် ဆန္ဒပြ ကန့်ကွက်တာလည်းဖြစ်ပါတယ်။ 

ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးအတွက် ရန်ကုန်လူထုဟာ ရဲရဲဝင့်ဝင့်ပဲ လမ်းတွေ ပေါ် ထွက်လာကြပါတယ်။ မဟာဗန္ဓုလလမ်းပေါ်ကနေ ၊ ပန်းဆိုးတန်း၊ အနော်ရထာလမ်းအတိုင်း  ချီတက်ပြီး လသာဘက်ကို ချိုးချပါတယ်။ 

လသာ ရဲစခန်းအဆောက်အုံကြီးရှေ့ ရောက်တဲ့အခါမှာ လူထုရဲ့ ကြွေးကြော်သံဖြစ်တဲ့ ကျင့်ဝတ်ချိုးဖောက်တဲ့ ရဲအရာရှိများ အရေးယူပေး၊ ဥပဒေချိုးဖောက်တဲ့ ရဲအရာရှိများ အရေးယူပေး၊ ရဲတပ်ဖွဲ့ရဲ့ ဥပဒေမဲ့ လုပ်ရပ်များ ဆန့်ကျင်ကြ၊ မတရားတဲ့အမိန့်အာဏာ မှန်သမျှ ဖီဆန်ကြ ဆိုတဲ့ ကြွေးကြော်သံတွေက ပိုမိုကျယ်လောင်လာပါတယ်။ 

ညနေ ၄ နာရီ ၃၀ မိနစ်လောက်မှာတော့ လသာဘက်ကနေ မဟာဗန္ဓုလလမ်းအတိုင်း ဆန္ဒပြ လူအုပ်က ပြန်ချီတက်လာပြီး မဟာဗန္ဓုလပန်းခြံရှေ့ကို ပြန်ဝင်လာပါတယ်။ ဆန္ဒပြသူတွေက ရဲကားနဲ့ ရဲတွေကို မြင်လေ ရဲအရာရှိများ အရေးယူပေး ဆိုတဲ့ အသံက ပိုကျယ်လောင်လေပါပဲ။ 

မဟာဗန္ဓုလပန်းခြံရှေ့ကို ရောက်တဲ့အချိန်မှာတော့ ကိုအောင်စိုး၊ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်၊ ဘိုကလေး ဦးအောင်မြင့်၊ ကိုဇင်မင်းဖြိုးတို့က ဟောပြောမှုတွေ လုပ်ဆောင်ခဲ့ကြပြီး ဆန္ဒပြပွဲက အေးအေး ချမ်းချမ်း ငြိမ်ငြိမ်သက်သက် ပဲ ပြီးဆုံးသွားပါတယ်။ 

အရပ်ဝတ်ရဲတွေ၊ သတင်းတပ်ဖွဲ့ဝင်တွေကတော့ ပွဲစီစဉ်သူတွေနဲ့ ပွဲမှာ ပါဝင်တဲ့ ထင်ရှားတဲ့သူတွေကို သေချာ မှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီး အကဲခတ်နေကြဆဲပါပဲ။ ခွင့်ပြုမိန့်မပါခဲ့တဲ့ ရန်ကုန်လူထုရဲ့ ဆန္ဒပြပွဲအတွက် အာဏာပိုင်တွေဘက်က တရားစွဲဆိုဖို့ လူစာရင်း လိုက်လံ ကောက်ခံ နေတဲ့ ပုံစံလည်းရှိပါတယ်။ 

ရန်ကုန်လူထုဟာ ပထမဆုံးအကြိမ်အဖြစ် ကျင့်ဝတ်နဲ့ ဥပဒေ မလိုက်နာတဲ့ ရဲတပ်ဖွဲ့ကို လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပြီး  လူထု ဆန္ဒပြပွဲဟာ အောင်အောင်မြင်မြင် ငြိမ်းငြိမ်းချမ်းချမ်း အနှောင့်အယှက်မရှိ ဘဲ အဆုံးသတ်သွားခဲ့ပါတယ်။ 

ဗစ်တိုးရီးယားကြောင့် လူမဆန်တဲ့ ရဲခေါင်းဆောင်တွေကို အရေးယူဖို့နဲ့ ရဲတပ်ဖွဲ့ကြီးတစ်ခုလုံး ပြုပြင်ပြောင်းလဲဖို့ ရန်ကုန်လူထု လမ်းပေါ်ထွက်လာခဲ့ပါပြီ။ မနက်ဖြန် မန္တလေးမှလည်း ကျင့်ဝတ်နဲ့ ဥပဒေချိုးဖောက်တဲ့ ရဲတပ်ဖွဲ့တွေကို မနောရမ္မံကွင်းမှာ စုဝေးဆန္ဒပြပြီး ဗစ်တိုးရီးယားအတွက် တရားမျှတမှု တောင်းဆိုကြဦးမှာဖြစ်ပါတယ်။ 

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com