Editorial political news

ပြည်ထဲရေးဝန်ကြီးနှင့် ရဲတပ်ဖွဲ့ ခေါင်းဆောင်များကို ဖယ်ရှားပါ၊ ရဲတပ်ဖွဲ့တစ်ခုလုံး ပြုပြင်ပြောင်းလဲပါ

အယ်ဒီတာ့အာဘော်

ပြည်ထဲရေးဝန်ကြီးနှင့် ရဲတပ်ဖွဲ့ ခေါင်းဆောင်များကို ဖယ်ရှားပါ၊ ရဲတပ်ဖွဲ့တစ်ခုလုံး ပြုပြင်ပြောင်းလဲပါ

ဒီဇင်ဘာလ ၁၉ ရက်နေ့သည် မြန်မာတစ်နိုင်ငံလုံးရှိ သားသမီးရှိသော မိဘများ၊ နှလုံးသားရှိပြီး လူ့ကျင့်ဝတ်ကို လေးစား သိရှိကြသော မြန်မာပြည်သူများအားလုံး ထိခိုက်နာကျင်ရသော သမိုင်းဝင်မှတ်တမ်းနေ့ဖြစ်ခဲ့သည်။ တရားဥပဒေစိုးမိုးရေးကို ကာကွယ်စောင့်ရှောက်ပြီး ပြည်သူ့အကျိုးဆောင်ရွက်ပါသည်ဆိုသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ကြီးက လူမဆန်သော လူ့ကျင့်ဝတ်ချိုးဖောက်မှုကြီးတစ်ခုကို ပြောင်ပြောင်တင်းတင်းချိုးဖောက်လိုက်သောကြောင့် ဖြစ်သည်။

မြန်မာနိုင်ငံတစ်ဝန်းလုံး ဂရုဏာသက်နေသော ဗစ်တိုးရီးယားအမည်ရှိ ကလေးငယ်မလေး၏ အမည်၊ မိဘအမည်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲ ကျင်းပ Live လွှင့်ရုံ ထုတ်ပြန်ပြောဆိုရုံမက ဗစ်တိုးရီးယား လိင်အကြမ်းဖက်ခံရမှုဖြစ်စဉ် အမှုအခင်းဆိုင်ရာ စာရွက်စာတမ်းများကို ရဲဇာနည် လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။

တရားရုံးတော်က သက်သေ မခိုင်လုံသဖြင့် တရားရှင် (အမှု စွဲချက်မတင်မီ) လွှတ်ပေးလိုက်သော အောင်ကြီးကိစ္စနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က တရားရုံးတော်ကိုလည်း မထီမဲ့မြင်လုပ်လာသည်။ သက်သေကုန်အောင် မစစ်ဘဲ လွှတ်ပေးသည်၊ လွှတ်ပေးမှု စောလွန်းသည်ဆိုသော စကားရပ်များဖြင့် တရားစီရင်ရေး အာဏာကို ပြောင်ပြောင်တင်းတင်း စွက်ဖက် လာလေသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ဥပဒေကို ကာကွယ်စောင့်ရှောက်ရသော အဖွဲ့အစည်းဖြစ်သော်လည်း ကလေးသူငယ် ဥပဒေ ပုဒ်မ ၉၆ ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခဲ့သည်။

ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၉၆ တွင် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးရာတွင်ဖြစ်စေ၊ ကလေးသူငယ်တရားရုံးရှေ့မှောက်တွင်ဖြစ်စေ၊ တရားရုံးတစ်ခုခုတွင်ဖြစ်စေ ပြစ်မှုကျူးလွန်ခြင်းခံရသော ကလေးသူငယ်များ၊ သက်သေအဖြစ် ထွက်ဆိုသော ကလေးသူငယ်များနှင့် ပတ်သက်၍ –

(ဃ) မည်သူမျှ ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲခံရသော ကလေးသူငယ် သို့မဟုတ် မှုခင်းတွင် သက်သေအဖြစ်ပါဝင်နေသော ကလေးသူငယ်သည် မည်သူမည်ဝါဖြစ်ကြောင်းနှင့် မှုခင်းသတင်းအချက်အလက်များရယူခြင်း၊ ထည့်သွင်းခြင်းနှင့် ကြော်ငြာခြင်း၊ ကလေးသူငယ်ကို ဓာတ်ပုံရိုက်ခြင်း၊ သတင်းစာ၊ မဂ္ဂဇင်း၊ ဂျာနယ်နှင့် စာအုပ်စာတမ်းများတွင် ထည့်သွင်းခြင်း၊ ဖြန့်ချိခြင်း၊ အသုံးပြုခြင်းမပြုရ သို့မဟုတ် ရေဒီယို၊ ရုပ်မြင်သံကြားနှင့် လူမှုဆက်သွယ်ရေးနည်းလမ်းများတွင် ထုတ်လွှင့်ခြင်းမပြုရ။

(င) ပြစ်မှုကျူးလွန်ခြင်းခံရသော ကလေးသူငယ်များ၊ သက်သေအဖြစ်ထွက်ဆိုသော ကလေးသူငယ်များနှင့် ဆက်နွယ်ပတ်သက်သူများသည် ကလေးသူငယ်မှုခင်းကိစ္စကို ထုတ်ဖော်ခြင်းမပြုဘဲ လျှို့ဝှက်ထားရှိရမည်။ ဟုပြဋ္ဌာန်းထားပြီး ပြစ်မှု ပြစ်ဒဏ်အနေဖြင့် ဥပဒေ၏ ပုဒ်မ – ၁၀၁ (က) (၂) မည်သူမဆို ပုဒ်မ ၉၆ (ဃ) ပါ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး (၄) လမှ အများဆုံး (၁) နှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံးကျပ် (၄) သိန်းမှ အများဆုံး ကျပ် (၆) သိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။

ဗစ်တိုးရီးယားအမည်၊ မိဘအမည်၊ အလုပ်အကိုင်နှင့် နေရပ်လိပ်စာများကို ဖော်ပြရသည်အထိ ရဲတပ်ဖွဲ့သည် အဘယ်ကြောင့် လူမဆန်သော လုပ်ရပ်ကို ကျူးလွန်ခဲ့ပါသနည်း။ အဖြေကရှင်းပါသည်။ ဗစ်တိုးရီးယားအမှုတွင် ၎င်းတို့ တရားခံဟု စွပ်စွဲထားသော အောင်ကြီးကို တရားရုံးက လွှတ်လိုက်သော အခါ ယမ်းပုံမီးကျ ဒေါသကြီးစွာဖြင့် အမှန်၊ အမှားဆုံးဖြတ်နိုင်ခြင်းမရှိတော့ဘဲ ငါ့စကားနွားရ၊ ငါ့မြင်းငါ့စိုင်း စစ်ကိုင်းရောက်ရောက် လုပ်ကိုင်ပြောဆိုလာခြင်းဖြစ်သည်။

တရားရုံးတော်၏ လုပ်ပိုင်ခွင့် အာဏာကို မလေးစားတော့၊ ပြည်သူလူထု၏ ဗစ်တိုးရီးယားနှင့် မိသားစုအပေါ် ထားရှိသော မေတ္တာနှင့် စာနာမှုကိုလည်းမမြင်တော့။ စောင့်ထိန်းလိုက်နာရမည့် ဥပဒေနှင့် ကျင့်ဝတ်တို့ကိုလည်း မမြင်တော့ပေ။ ဒုရဲချုပ်အောင်နိုင်သူကိုယ်တိုင်က အောင်ကြီးသည် တရားခံပါဟု ထွက်ရှင်းခဲ့ပြီးမှ တရားရုံးတော်က အောင်ကြီး တရားခံမဟုတ်ဟု ပြန်လွှတ်လိုက်ခြင်းအပေါ် မည်သို့မျှ မခံမရပ်နိုင်တော့ဘဲ လုပ်မိလုပ်ရာ ပုံစံမျိုးစုံဖြင့် မမှန်ကန်မှုကိုသာ ဖက်တွယ်၍ နိုင်ငံတော်နှင့်ပြည်သူကိုပါ ဗြောင် ထိခိုက်စော်ကားလိုက်ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့သည် ခေတ်အဆက်ဆက် တစ်သက်တာ အာဏာနှင့် ငါလုပ်လျှင် ဖြစ်သည်၊ ဆင်သွားလျှင် လမ်းဖြစ်သည် ဆိုသောအတိုင်း ငိုစား၊ ရယ်စား၊ လူထုကို အနိုင်ကျင့်ခဲ့ကြသည်။ ပြည်သူလူထုမှာ ရဲလုပ်သမျှ ငြိမ်ခံခဲ့ကြရသည်။ အာဏာရှင်ခေတ်အဆက်ဆက် ရဲဆိုလျှင် တုန်နေအောင် ကြောက်ခဲ့ရသည်။ အာဏာရှင် လက်ကိုင်တုတ်အဖြစ် ရဲတပ်ဖွဲ့ကလည်း အစွမ်းကုန် ယုတ်မာပြခဲ့ကြသည်။

ယနေ့ ဒီမိုကရေစီအပြောင်းအလဲကာလတွင်မူ ဗစ်တိုးရီးယားအမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့၏ လုပ်ဆောင်ချက်အပေါ်တွင် လူထုသည် ငြိမ်သက်၍ မခံနိုင်လောက်အောင်ပင် ရဲတပ်ဖွဲ့၏ လုပ်ရပ်က ရုပ်ဆိုးအကျဉ်းတန် သမိုင်းအမည်းစက်ထင်စေခဲ့သည်။ ၃ နှစ်သားအရွယ် ကလေးငယ်တစ်ဦး၏ ဘဝအနာဂတ်၊ မိဘများ၏ အသည်းနှလုံးကို ဆွဲထုတ်၍ သန်း ၅၀သော ပြည်သူလူထု၏ ယုံကြည်မှုကိုပါ ရဲတပ်ဖွဲ့က ရည်ရွယ်ချက်ရှိရှိ ရိုက်ချိုးဖျက်ဆီးလိုက်သည်။

ပြည်သူလူထု ရွေးချယ်တင်မြှောက်ထားသော NLD အစိုးရလက်ထက်တွင် ရဲတပ်ဖွဲ့သည် ပြောင်းလဲခြင်းမရှိသေးဘဲ အာဏာရှင် လမ်းစဉ်အတိုင်း အာဏာဖြင့် လူထုကို မထီမဲ့မြင်လုပ်ရုံမျှမက တရားရုံးတော်ကိုပါ မထီမဲ့မြင်လုပ်လာခြင်း၊ ဥပဒေကို ချိုးဖောက်လာခြင်း၊ ရဲကျင့်ဝတ်ကို ဖောက်ဖျက်ခြင်း၊ လူ့ကျင့်ဝတ်ကို အလေးမထားခြင်းတို့ကို လုပ်ဆောင်နေဆဲဖြစ်သည်။

ရဲတပ်ဖွဲ့သည် အာဏာရှင်စိတ်ဝင်နေဆဲဖြစ်သည်။ ဒုရဲချုပ်အောင်နိုင်သူ၊ ရဲမှူးချုပ်စိုးနိုင်ဦး၊ ရဲမှူးကြီးမင်းဟန်၊ ရဲမှူးကြီးသာထွန်း အစရှိသော မိမိအမှန်ဟု ထင်သော အရာအပေါ်သာ ဆုပ်ကိုင်ပြောဆိုနေသော တဇွတ်ထိုး ခေါင်းဆောင်များကို ဖယ်ရှားရန်လိုအပ်ပေသည်။

ရဲတပ်ဖွဲ့တွင် သဘောထားတင်းမာပြီး ပြုပြင်ပြောင်းလဲရေး မလိုလားသော ရဲခေါင်းဆောင်များစွာလည်း ရှိနေသည်ဖြစ်ရာ လူထုအစိုးရအနေဖြင့် တာဝန်အရှိဆုံး ပုဂ္ဂိုလ် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေကို စတင် ဖယ်ရှားခြင်း၊ သဘောထားတင်းမာပြီး ပြုပြင်ပြောင်းလဲရေးမလိုလားသော ရဲခေါင်းဆောင်များကို ဖယ်ရှားဖြင့် ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး စတင်ရမည်ဖြစ်သည်။

ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး အချိန်မီ မလုပ်ဆောင်ပါက လူကျင့်ဝတ်ဖောက်ဖျက်သော ၊ ဥပဒေ ချိုးဖောက်သော ၊ ရဲကျင့်ဝတ်နှင့်စည်းကမ်းမလိုက်နာသော ၊ တရားရုံးတော်ကို မထီမဲ့မြင်ပြုသော ရဲတပ်ဖွဲ့ကြောင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် လူထုကို ပါ ထိခိုက် အန္တရာယ်ကျရောက်နေပြီဖြစ်ကြာင်း ရန်ကုန်ခေတ်သစ်က မီးမောင်းထိုးပြလိုက်ပါသည်။

Photo Credit – MNA

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts