All News Local News

နိုင်ငံတော်သို့ ရွှေကြွေးကျန် ပိဿာ ၁၃၀၀ မပေးမှုအပေါ် ပုဒ်မများစွာတပ်၍ ဦးစိုးထွန်းရှိန်ကို တရားစွဲမှု ရှေ့နေ မေးခွန်းထုတ်

နိုင်ငံတော်သို့ ရွှေကြွေးကျန် ပိဿာ ၁၃၀၀ မပေးမှုအပေါ် ပုဒ်မများစွာတပ်၍ ဦးစိုးထွန်းရှိန်ကို တရားစွဲမှု ရှေ့နေ မေးခွန်းထုတ်

ရန်ကုန်၊ ဒီဇင်ဘာ ၁၇

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန်ကို နိုင်ငံတော်သို့ ရွှေကြွေးကျန် ပေးရန် ပိဿာ ၁၃၀၀ ခန့် မပေးသွင်းသည့် အမှုတစ်ခုတည်းအပေါ်တွင် ပုဒ်မများစွာတပ်၍ တရားစွဲဆိုခြင်းကို ဦးစိုးထွန်းရှိန်၏ ရှေ့နေက မေးခွန်းထုတ်လိုက်သည်။

မန္တလေးတိုင်းဒေသကြီး မိုးထိမိုးမိဒေသတွင် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန်မှာ ဦးသိန်းစိန်အစိုးရလက်ထက်တွင် ရွှေလုပ်ငန်းများလုပ်ကိုင်ခွင့်တင်ဒါ အောင်မြင်ခဲ့ပြီး၊ ဧက (၆၀၀၀) ကျော်တွင် ရွှေလုပ်ငန်းများဆောင်ရွက်ခဲ့ကာ နိုင်ငံတော်ပေးသွင်းရမည့် ရွှေပိသာ(၁၃၀၀)ခန့်ကို ပေးဆောင်ခြင်းမပြုဘဲ တရားမဝင်ဆက်လက်လုပ်ကိုင်နေသည့်အတွက် ၂၀၁၉ခုနှစ် မတ်လတွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့မရဲစခန်းတွင် မြန်မာ့သတ္တုတွင်းဥပဒေပုဒ်မ ၃၀(က) အပါအဝင် ပုဒ်များစွာဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

“ဒီရွှေအမှုကို ၆(၁)နဲ့လဲစွဲတယ်၊ တရားမမှုနဲ့လည်းစွဲတယ်၊ ၃၀(က)နဲ့လဲစွဲတယ်၊ ပြဿနာတစ်ခုကို အမှု (၃)(၄)ခုလောက်နဲစွဲထားတယ်၊ တရားလိုစစ်တာမပြီးသေးဘူး ”ဟု ဦးစိုးထွန်းရှိန်ရှေ့နေ ဒေါ်ခင်ခင်တော်က ပြောသည်။

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန်၏ ယမန်နေ့ ၆ ကြိမ်မြောက် ရုံးချိန်းတွင် အမှတ်(၂) သတ္တုတွင်းလုပ်ငန်း နှင့် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီတို့ ချုပ်ဆိုထားသည့် စာချုပ်ပါအချက် အချက်အလက်များနှင့်ပတ်သက်၍ တရားလို ဦးအေးဇော်ကို ဦးစိုးထွန်းရှိန်ရှေ့နေ ဒေါ်ခင်ခင်တော်က မေးမြန်းမှုများ လုပ်ဆောင်ခဲ့သည်။

ယမန်နေ့ ရုံးချိန်းတွင် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန် အပါဝင် (၄)ဦးတို့ကို နံနက်ပိုငးတွင် ရုံးထုတ်ခဲ့ပြီး ဦးစိုးထွန်းရှိန်၏ အကျိုးဆောင်ရှေ့နေ ဦးလှိုင်ထွဏ်းက ရှေ့နေပါဝါ ရုပ်သိမ်းခဲ့ကာ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်ခင်တော်က ရှေ့နေအဖြစ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

“ဒီနေ့တော့ တရားလို ဦးအေးဇော်ကို စစ်ဆေးပြီး နောက်တစ်ပတ်မှာ သူ့ကိုထပ်စစ်မှာပါ၊ လိုပြသက်သေ တစ်ဦးလဲ နောက်တစ်ပတ်မှာ စစ်ပါမယ်၊ဒီနေ့ စွပ်စွဲခံရသူတွေကနေ ပြန်လှန်စစ်မေးနေတာပါ”ဟု ရမည်းသင်းမြို့နယ် တရားသူကြီး ဦးဇော်လင်းမောင်က ပြောသည်။

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန်ကို ထိုင်းနိုင်ငံတွင် နိုဝင်ဘာ၆ ရက်နေ့က ဖမ်းဆီးခဲ့ ပြီး၊ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ တာချီလိတ်၊ တာချီလိတ်မှ မန္တလေးသို့ လေယာဉ်ဖြင့်ပို့ဆောင်ခဲ့ပြီး၊ ရမည်းသင်းအကျဉ်းထောင်တွင် ချုပ်နှောင်ထားခဲ့ခြင်းပြီး ကျန် (၄)ဦးဖြစ်သည့် ညီညီလွင်၊ ခင်ဇော်၊ မင်းမင်းစိုး၊စောမောင်တို့ကမူ ရမည်းသင်းမြို့မ ရဲစခန်းသို့ ဒီဇင်ဘာ(၉)ရက်နေ့တွင် လာရောက်အဖမ်းခံခဲ့ကြသည်။

မြန်မာ့သတ္တုတွင်းဥပဒေ ပုဒ်မ ၃၀ (က)အရ မည်သူမဆိုခွင့်ပြုမိန့်မရရှိဘဲ သတ္တုရှာဖွေခြင်း၊ စမ်းသပ်တိုင်း တာခြင်း (သို့မဟုတ်) ဆင့်တက်ပြုပြင်ခြင်း၊ စက်မှုတွင်းထွက်ကုန်ကြမ်းပစ္စည်းရှာဖွေခြင်း၊ ကျောက်ရှာဖွေခြင်း၊ ကျောက်ရောင်းချခြင်းနှင့် ဝယ်ယူခြင်းလုပ်ငန်း ခွင့်ပြုမိန့် ရယူခြင်းမရှိဘဲ ဓါတ်သတ္တုဆင့်တက်ပြုပြင်ခြင်းလုပ်ငန်းလုပ်ကိုင်ခြင်း ၊ ခွင့်ပြုမိန့်ဖြင့် လက်လုပ်လက်စားထုတ်လုပ်ခြင်း၊ လုပ်ငန်းလုပ်ကိုင်သူမှအပ ဓါတ်သတ္တုထုတ်လုပ်ခြင်း လုပ်ကိုင်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် ထောင်ဒဏ် (၁၀) နှစ်ထိဖြစ်စေ၊ ငွေဒဏ် ကျပ်သိန်း (၅၀)ထိဖြစ်စေ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts