Local News Peace political news

ဒေါ်အောင်ဆန်းစုကြည် တပ်မတော်ကို ကာကွယ်လျှင် စစ်အာဏာရှင်များ သက်ဆိုးရှည်နိုင်၊ ICJ နှင့် ICC ကို ထောက်ခံကြိုဆိုဟု ကရင်နီအဖွဲ့ ၁၅ ခု ထုတ်ပြန်

ဒေါ်အောင်ဆန်းစုကြည် တပ်မတော်ကို ကာကွယ်လျှင် စစ်အာဏာရှင်များ သက်ဆိုးရှည်နိုင်၊ စစ်ခေါင်းဆောင်များကို အရေးယူမည့် ICJ နှင့် ICC ကို ထောက်ခံကြိုဆိုဟု ကရင်နီအဖွဲ့ ၁၅ ခု ထုတ်ပြန်

ရန်ကုန်၊ ဒီဇင်ဘာ ၉

မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး ICJ တွင် တရားစွဲဆိုထားရာတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တပ်မတော်ကို အပြစ်မရှိသူများအဖြစ် ကာကွယ်ခဲ့မည်ဆိုပါက မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်မည်ဖြစ်ကြောင်း ကရင်နီအရပ်ဘက်အဖွဲ့အစည်း ကွန်ရက်( Karenni Civil Society Network ) ၏ ညှိနှိုင်းရေးမှူး ခူးကိုရယ်က သတိပေးပြောဆိုလိုက်သည်။

“ဒီလိုမျိုး တပ်မတော်ကကျူးလွန်တယ်ဆိုတာက သက်သေအထောက်အထားတွေက ပြည့်စုံသလောက်ဖြစ်နေပြီ။ဒီရိုဟင်ဂျာကိစ္စမှာတင်မဟုတ်ဘဲနဲ့ အရင်တုန်းကလည်း တခြားသော ကရင်တို့ ရှမ်းတို့ ကရင်နီတို့ အဲဒီဒေသတွေမှာလည်း ကျူးလွန်ခဲ့ဘူးတယ်ဆိုတဲ့ဟာပေါ့။ အဲဒါက ဒေါ်အောင်ဆန်းစုကြည်က အဲဒီလိုမကျူးလွန်ပါဘူးလို့ ခုခံပြီးတော့မှ သွားပြောလိုက်မယ်ရင် စစ်အာဏာရှင်ပေါ့။ သက်ဆိုးရှည်မယ်ပေါ့။ ကျွန်တော်မြင်တယ်”ဟု ခူးကိုရီကပြောဆိုသည်။

ကရင်နီအရပ်ဘက်အဖွဲ့အစည်း ကွန်ရက်နှင့် အဖွဲ့အစည်း ၁၅ ခုပေါင်း၍ တပ်မတော်က လူမျိုးတုန်းသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများကို အပြည်ပြည်ဆိုင်ရာတရားရုံးICJ က အရေးယူဆောင်ရွက်မှုကို ကြိုဆိုထောက်ခံကြောင်း ဒီဇင်ဘာလ ၉ ရက်နေ့တွင် ကြေညာချက် တစ်စောင် ထုတ်ပြန်လိုက်သည်။

မြန်မာစစ်အာဏာရှင် ခေါင်းဆောင်များကို အရေးယူခြင်းဖြင့် တိုင်းရင်းသားလူမျိုးစုများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများအားလုံး ရပ်တန့်ရန် နိုင်ငံတကာ၏ ဖိအားပေးမှု အရေးတကြီးလိုအပ်နေပြီး တပ်မတော်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို အဟန့်အတား ဖြစ်စေကြောင်း၊ ကရင်နီလူမှု အသင်းအဖွဲ့များက ICJ နှင့် ICC ၏ အရေးယူ ဆောင်ရွက်မှုကို ခိုင်ခိုင်မာမာထောက်ခံကြောင်း သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Photo Credit – AFP

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com