All News interview

“ဒုရဲချုပ်အောင်နိုင်သူ နုတ်ထွက်မယ်ဆိုရင်လည်း ဒါက ဝမ်းသာရမယ်။ ရဲတပ်ဖွဲ့ကို သံသယဝင်မိတယ်”

“ဒုရဲချုပ်အောင်နိုင်သူ နုတ်ထွက်မယ်ဆိုရင်လည်း ဒါက ဝမ်းသာရမယ်။ အမှုမှာ ဆောင်ရွက်မှု အားနည်းတဲ့အတွက် ရဲတပ်ဖွဲ့ကို သံသယဝင်မိတယ်။ ရဲတပ်ဖွဲ့ ဂုဏ်သိက္ခာကတော့ အနုတ်လက္ခဏာရောက်နေပြီ”

ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်နှင့်ဆက်သွယ်မေးမြန်းချက်

By အောင်သက်ဝိုင်း/ရန်ကုန်ခေတ်သစ်

နေပြည်တော်ဗစ်တိုရီးယားကလေးငယ်ကို ကျူးလွန်သည်ဆိုသော သံသယဖြင့် ရဲတပ်ဖွဲ့က အောင်ကြီးကို ဖမ်းဆီးတရားစွဲဆိုခဲ့သော်လည်း တရားရုံးက အောင်ကြီးကို တရားရှင် ပြန်လွှတ်လိုက်ပြီဖြစ်သည်။ ဗစ်တိုးရီးယားအမှု အခြေအနေနှင့်ပတ်သက်ပြီး ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်ကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ဗစ်တိုရီးယားအမှုမှာ တရားခံလို့ စွပ်စွဲခံရတဲ့ အောင်ကြီးကို တရားရုံးက လွှတ်လိုက်ပြီ။ အဲဒီတော့ လက်ရှိ အခြေအနေနဲ့ပတ်သက်ပြီး သုံးသပ်ပေးပါ။

ဖြေ။ ။ ဒီအမှုနဲ့ပတ်သက်ပြီးတော့ ကျနော်ပြောချင်တာကတော့ ရဲတပ်ဖွဲ့က အမှုတည်ဆောက်တဲ့အခါမှာ အများကြီးအားနည်းတယ်။ ဒီအမှုနဲ့ပတ်သက်ပြီးကလေးမလေးက ဗစ်တိုရီးယားဖခင်ဖြစ်တဲ့ ကလေးမလေးက ဧရာဝတီသတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောကြားချက်အရ ဆိုရင် ရဲစခန်းကို တိုင်တဲ့ရက်က အမှုဖြစ်တဲ့ ဒီ ၁၆ ရက်နေ့ ကတည်းက ရဲစခန်းကို တိုင်တာ။ တကယ်တန်း ရဲက အမှုဖွင့်တော့ ၁၇ ရက်နေ့မှ အမှုဖွင့်တာ။ အဲဒီမှာ ဘာဖြစ်လဲဆိုတော့ ချက်ချင်း အမှု မဖွင့်ခဲ့ဘူးဆိုတဲ့ အချက်က ပေါ်လွင်တယ်။ တစ်နည်းအားဖြင့် ရဲအတွေ့အကြုံအရ ပြောရမယ်ဆိုရင် အမှုချက်ချင်းမဖွင့်တဲ့အခါ တရားခံက ဘယ်သူဘယ်ဝါပဲဖြစ်ဖြစ် ပြင်ဆင်ချိန်ရသွားတယ်လို့ သုံးသပ်ရတယ်။

အမှုကို ချက်ချင်းမဖွင့်တဲ့ အကျိုးဆက်ပေါ့။ ဒီအမှုကို ချက်ချင်း မဖွင့်လို့ရှိရင် ဒီအမှုနဲ့ပတ်သက်ပြီး ရဲတွေက စတိုင်ကတည်းက ချက်ချင်းဖွင့်ရမယ် လို့ ရဲလက်စွဲ ဒုတိယတွဲ အပိုဒ် ၁၄၁၄ မှာကိုက ပြဋ္ဌာန်းထားပါတယ်။ အဲဒီ ဥပဒေအရ ဆိုရင် အမှုချက်ချင်းမဖွင့်တဲ့ရဲကို ရဲတပ်ဖွဲ့ကနေ ထုတ်ပယ်ပစ်လိုက်တဲ့အထိကို အရေးယူရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။ တစ်နည်းအားဖြင့် ဗစ်တိုရီးယားအမှုမှာ ကလေးမရဲ့ ဖခင်ဖြစ်တဲ့သူက ၁၆ ရက်နေ့ လာတိုင်ကတည်းက ရဲက ချက်ချင်းလက်ငင်း ဆောင်ရွက်မှု မရှိဘူးဆိုတာ ပေါ်ပေါက်တယ်ပေါ့။

ဒါကို စကတည်းက ရဲတပ်ဖွဲ့ အားနည်းချက်ကို သွားပြီးတွေ့တာပေါ့။ ဒီဟာနဲ့ပတ်သက်လို့ ဒီလို အမှုချက်ချင်းမဖွင့်တာကို ရဲတပ်ဖွဲ့က ရဲစခန်းမှူး ကို ဘယ်လို အရေးယူ ဆောင်ရွက်ထားတယ်လို့ သတင်းထုတ်ပြန်ထားတာ တစ်နည်းအားဖြင့် ကျနော်တို့ အတွေ့အကြုံအရ နံပါတ်တစ်အနေနဲ့ ဒီအားနည်းချက်ကို သွားတွေ့တာပေါ့။

မေး။ ။ အဲဒီအားနည်းချက်ကြောင့်မို့လို့ အောင်ကြီးကို ဖမ်းပြီး ပြန်လွှတ်၊ ပြန်လွှတ်ပြီး ပြန်ဖမ်းဆိုတာတွေ ဖြစ်လာတယ်လို့ ဆိုလိုချင်တာလား။

ဖြေ။ ။ ဟုတ်ကဲ့ခင်ဗျာ။

မေး။ ။ ဒုရဲချုပ် အောင်နိုင်သူ နေပြည်တော်ဇူလိုင်လ သတင်းစာရှင်းလင်းပွဲမှာ အောင်ကြီးပဲဆိုပြီး တပ်အပ်ပြောထားတာရှိတယ်။ အဲဒီတော့ အခု အောင်ကြီးက လွတ်သွားပြီဆိုတော့ ဘယ်လို သုံးသပ်မိလဲ။

ဖြေ။ ။ ဒုရဲချုပ်အောင်နိုင်သူက ကျနော်သိသလောက်ဆိုရင် ဒုရဲချုပ်နှစ်ယောက်ရှိတယ်။ ဒုရဲချုပ်အောင်နိုင်သူက ကျနော်တို့ရဲတပ်ဖွဲ့ ရဲ့ သန္ဓေရဲစစ်စစ်ဖြစ်တဲ့အတွက် သူက မှုခင်းဆိုင်ရာကို ကြီးကြပ်တဲ့ တာဝန်ကို ယူရတာဖြစ်ပါတယ်။ အဲဒီတော့ သူက တိုက်ရိုက်အနေနဲ့ မဟုတ်ပေမယ့် ကြီးကြပ်ကွပ်ကဲ့တဲ့ အကြီးဆုံးတစ်ယောက်အနေနဲ့ ရှိတယ်လို့ သုံးသပ်ရမှာပါ။ တကယ်တမ်း ဒီအမှုကို စစ်ဆေးတည်ဆောက်တာက ကျနော်တို့ ခုနက ထုံးစံအတိုင်းဆိုရင် အမှုဖွင့်တဲ့ စခန်းက စခန်းမှူးပေါ့။ ICR အမှုကြီးလို့ သတ်မှတ်တယ်။ သို့သော် တချို့အမှုတွေလောက်တော့ သီးသန့် ရဲချုပ်တို့ ဘာတို့ ညွှန်ကြားချက်နဲ့ အမှုစစ်အဖွဲ့ သီးသန့် ဖွဲ့ စစ်တာမျိုးလည်းရှိတယ်။ ဒီဗစ်တိုးရီးယားအမှုကတော့ သီးသန့် ဖွဲ့ပြီး စစ်ဆေးတယ်လို့ သုံးသပ်ရပါတယ်။

မေး။ ။ သမ္မတရုံးဘက်က ဗစ်တိုးရီးယားအမှုနဲ့ပတ်သက်ပြီး တာဝန်ယူ တာဝန်ခံရမယ်လို့ ပြောထားတယ်။ ရဲတပ်ဖွဲ့ကို ။ အခု လူမှုကွန်ရက်တွေမှာလည်း ဒုရဲချုပ်အောင်နိုင်သူကို တာဝန်ရှိတဲ့သူတစ်ဦးအနေနဲ့ နုတ်ထွက်ဖို့တွေ ပြောနေကြတယ်။ အဲဒီတော့ ရဲလုပ်ထုံးလုပ်နည်းအရရော ဘယ်လိုရှိလဲ။ အမှုတစ်ခု မှားယွင်းသွားတဲ့အခါရဲတွေမှာ ဘယ်လို တာဝန်ယူရလဲ။

ဖြေ။ ။ နုတ်ထွက်ဖို့ တောင်းဆိုတာတွေ မဖြစ်ဘူး ဖြစ်မယ်ဆိုတာ မပြောနိုင်ဘူး။ သို့သော် ဒုရဲချုပ်အောင်နိုင်သူ ပြောတဲ့ စကားတွေမှာ အကြီးအကဲတစ်ယောက်အနေနဲ့ မပြောသင့်တဲ့ စကားတွေ ပြောသွားတယ်လို့ သုံးသပ်ရတယ်။ ဘာကြောင့်လဲဆိုတော့ ဥပမာ- ဆရာမနှင်းနုနဲ့ပတ်သက်လို့ သူက သက်ရှိသက်သေဖြစ်တဲ့အတွက် သူပြောချင်မှ ပြောမှာပေါ့။ ဒီအပေါ်မှာ သူပြောသွားတာ ရှိတယ်။ ကျနော်တို့ကတော့ အကြီးအကဲတစ်ယောက်အနေနဲ့ လူကြီးတစ်ယောက်အနေနဲ့ ပြောသင့်တဲ့စကားမဟုတ်ဘူးလို့ ကျနော်တို့က သုံးသပ်တယ်။ အမှုတစ်ခုမှာ တရားခွင့်မှာ ရောက်နေတဲ့ အမှုတောင်မှ ရှေ့နေလုပ်တဲ့သူက တရားလိုသက်သေတွေကို မေးတဲ့အခါမှာ နမိတ်ပြမေးခွန်းကို မေးခွင့်မရှိဘူး။

အဲဒီတော့ သူပြောလိုက်တဲ့စကား နှင်းနုက သက်ရှိသက်သေဖြစ်တော့ သူပြောချင်မှ ပြောမှာပေါ့ ဆိုတဲ့စကားက နမိတ်ပြ စကားပြောလိုက်တာလို့ ကျနော်တို့က ယူဆတယ်။ ဒါက အကြီးအကဲတစ်ယောက်အနေနဲ့ ဒါမျိုးစကားကို လုံး၀ မပြောသင့်ဘူး ။ အဲဒီစကားတစ်ခုက ဒီအမှုကြီးတစ်ခုလုံးကို ပျက်ပြယ်သွားနိုင်တယ်။ ရဲအတွေ့အကြုံအရ ပြောရမယ်ဆိုရင် ။ဒါကြောင့်မို့ ဒါမျိုးကို ဒုရဲချုပ်အောင်နိုင်သူ မပြောသင့်ဘူး။ သူ့မှာ တာဝန်ယူမှု တာဝန်ခံမှု အရ သူ့မှာ တာဝန်ရှိတယ်။

မေး။ ။ မပြောသင့်တဲ့ စကားကို ပြောခဲ့တဲ့ ဒုရဲချုပ်အောင်နိုင်သူပြောခဲ့တယ်။ တာဝန်ရှိတယ်ဆိုတော့ သူနုတ်ထွက်သင့်တာလား။

ဖြေ။ ။ ဒါကတော့ ကျနော်တို့က မဝေဖန်တတ်တော့ဘူး။ သူ့ထက်ကြီးကဲတဲ့ ရဲချုပ် ပြည်ထဲရေးဝန်ကြီးတို့က ဆုံးဖြတ်သွားပါလိမ့်မယ်။

မေး။ ။ ဗစ်တိုးရီးယားအမှုမှာ နောက်ဆုံး အနေနဲ့ အောင်ကြီးကလည်း လွှတ်လိုက်ပြီဆိုတော့ အမှုက တရားခံ ဘယ်သူလဲ။ ရဲဘက်က အမှု ပြန်တည်ဆောက်ရမှာလား။ ဘယ်လိုဆက်လုပ်တာမျိုးရှိလဲ ရဲလုပ်ငန်းစဉ်မှာ။

ဖြေ။ ။ အောင်ကြီးကို အခုလွှတ်လိုက်တာက တရားရှင်လွှတ်တယ်ခေါ်တာပေါ့။ တရားရှင်လွှတ်တယ်ဆိုတာက အမှုမှာတော့ တရားခံတွေနဲ့ပတ်သက်လို့ တရားရှင်လွှတ်တာနဲ့ တရားသေလွှတ်တာ နှစ်မျိုးရှိပါတယ်။ တရားရှင်လွှတ်တယ်ဆိုတာကတော့ အဓိက သူနဲ့ပတ်သက်လို့ တရားစွဲဆိုထားတာ တရားခံဖြစ်လောက်တဲ့ သက်သေ အထောက်အထား တရားရုံးမှာ မတွေ့ရှိဘူး။ မတွေ့ရှိတဲ့အတွက် တရားရှင်လွှတ်လိုက်တယ်ပေါ့။ တရားရှင် လွှတ်ခံရတဲ့ အောင်ကြီးနဲ့ပတ်သက်လို့ နောက်ထပ်စစ်ဆေး ချက်တွေအရ ခိုင်မာတယ်လို့ ယူဆလို့ရှိရင် အောင်ကြီးကို ပြန်ပြီး တရားစွဲဆိုပိုင်ခွင့်ရှိပါတယ်။

ဒါက ရဲလုပ်ငန်းစဉ်အရ ပြောတာပေါ့။ တရားသေလွှတ်တာဆိုရင်တော့ ဒီအမှုမှာ သူ့မှာ လုံး အပြစ်မရှိဘူးလို့ လွှတ်တာမျိုးက တရားသေလွှတ်တာလို့ ခေါ်ပါတယ်။ အောင်ကြီးက အခုဆိုလို့ရှိရင် တရားခံလို့ သူနဲ့ပတ်သက်လို့ တိတိပပ ဘာမှ ပြောမရသေးဘူးပေါ့။ တရားခံဖြစ်ဖို့ အထောက်အထား အားနည်းတာပေါ့။ ကျနော်တို့အမြင်အရလည်း အောင်ကြီး က တရားခံမဖြစ်နိုင်ဘူးလို့ သုံးသပ်ရပါတယ်။ မှုခင်းဆရာဝန်ဘက်က ထွက်သွားတာကလည်း အောင်ကြီးတရားခံအဖြစ် လုံး၀ မဖြစ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကလေးလေး မိန်းမကိုယ်မှာ သုတ်ပိုးတွေ့ရှိတယ်။ အောင်ကြီးကို စစ်တဲ့အခါကျတော့ သုတ်ပိုးမတွေ့ရှိဘူး။ ဒီသဘောအရဆိုရင် သက်မဲ့အထောက်အထားအရ လုံး၀ ရှင်းနေတယ်။

နောက်ပြီးတော့ သက်သေဆရာမတစ်ယောက်ရဲ့ ထွက်ဆိုချက်အရလည်း အောင်ကြီးမဟုတ်နိုင်ဘူး။ ဒီအချက်အလက်တွေအရ သက်သေကုန်အောင်စစ်လည်း အောင်ကြီးက မဖြစ်နိုင်တော့ဘူးလို့ ကျနော်တို့က သုံးသပ်တယ်။ ဒါကြောင့်မို့လို့ အောင်ကြီးကတော့ အားနည်းတယ်။ အောင်ကြီး တရားခံမဟုတ်ဘူးပေါ့။

မေး။ ။ အောင်ကြီး တရားခံ မဟုတ်နိုင်ဘူးလို့ သုံးသပ်ချက်တွေအရ ထွက်လာပြီဆိုရင် တရားခံက နောက်ထပ် အသစ်လား။ ဘယ်သူတွေလဲ။ အမှုနဲ့ဆက်နွယ်ပြီးတော့ အားလုံးထင်နေကြတာမျိုးလား။ ဘယ်လို သုံးသပ်မိလဲ။

ဖြေ။ ။ ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူးဆိုတာတော့ စွပ်စွဲနေတဲ့သူတွေပြောတဲ့အတိုင်းပေါ့လေ။ အထောက်အထားပေါ့။ CCTV အထောက်အထားတွေမှာ ရှင်းရှင်းလင်းလင်းတွေ့ရတယ်ဆိုရင်တော့ ဖြစ်ချင်ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် CCTV ဆိုတာလည်း ကြားတဲ့သတင်းအရ CCTV က ဖျက်ဆီးခံထားရတဲ့အနေအထားမျိုးဆိုတော့ တရားခံကို မပေါ်အောင် စနစ်တကျဖျက်ဆီးသွားတယ်လို့ ယူဆပါတယ်။

မေး။ ။ ဆိုတော့ ဒီအမှုနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့လုပ်ဆောင်ချက်က ပြည်သူတွေရဲ့ ယုံကြည်မှုက ဘယ်လိုသုံးသပ်လို့ရလဲ။

ဖြေ။ ။ ရဲတပ်ဖွဲ့ ဂုဏ်သိက္ခာကတော့ လုံးဝကို အောက်ရောက်တာပေါ့။ ပြောရမယ်ဆိုရင်တော့ ဇီးရိုးတောင် မဟုတ်တော့ဘူး။ အနုတ်လက္ခဏာဖြစ်နေပြီ။

မေး။ ။ CCTV ကို စနစ်တကျ ဖျက်ဆီးသွားတယ်လို့ ယူဆတယ်လို့ ပြောတာက ဘာကို ဆိုလိုတာပါလဲ။

ဖြေ။ ။ ကျနော်ကတော့ ချက်ချင်း လက်ငင်း အမှု မဖွင့်လိုက်တဲ့အပေါ်မှာ ရဲတပ်ဖွဲ့ကို သံသယရှိပါတယ်။ ရဲတပ်ဖွဲ့ က ဘာကြောင့်မို့လို့ ချက်ချင်းလက်ငင်းမဖွင့်တာလဲ။ ကျနော်တို့ ရဲတပ်ဖွဲ့ကို အများကြီး သံသယဖြစ်ပါတယ်။ ကျနော်တို့ရဲစခန်းမှူးလုပ်နေတယ်ဆိုကတည်းက ပြည်သူလူထုမှာ ဖြစ်ပွားနေတဲ့ အမှုအခင်းတွေကို ရင်ဆိုင်ဖြေရှင်းမယ်ဆိုပြီး ရဲလုပ်နေမှတော့ အမှုဖွင့်ရမှာ ကြောက်နေတယ်ဆိုရင်တော့ ရဲမလုပ်နဲ့တော့။ ရှင်းရှင်းလေးပဲ။ ဒီလို အမှုမှာ ဆောင်ရွက်မှု အားနည်းတဲ့အတွက် ရဲတပ်ဖွဲ့ကို သံသယဝင်မိပါတယ်။

မေး။ ။ ဒုရဲချုပ်အောင်နိုင်သူနဲ့ပတ်သက်လို့ အခုတော်တော်ကို ဝေဖန်နေကြတယ်။ လူထုတွေကြားမှာ ဒါနဲ့ပတ်သက်လို့ ဘယ်လို တုံ့ပြန်ချင်ပါလဲ။

ဖြေ။ ။ ဒုရဲချုပ်အောင်နိုင်သူက ကျနော်တို့နဲ့ ကိုယ်တာဝန်ထမ်းဆောင်ချိန်မှာ ထိပ်တိုက်တွေ့ဆုံခဲ့ရခြင်းမရှိပါဘူး။ သို့သော် ဒုရဲချုပ်အောင်နိုင်သူက ကြားတဲ့သတင်းအရဆိုရင် အလွန်တော်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပါတယ်။ သူနုတ်ထွက်မယ်ဆိုရင်လည်း စိတ်မကောင်းပါဘူး။ သို့သော် သူ့အနေနဲ့(ဒုရဲချုပ်အောင်နိုင်သူ) တာဝန်ယူမှု တာဝန်ခံမှု ရှိတဲ့အနေနဲ့ နုတ်ထွက်မယ်ဆိုရင်လည်း ဒါက ဝမ်းသာရမယ်လို့ မြင်တာပါပဲ။ စံပြတစ်ခုဖြစ်သွားတာပေါ့။

မေး။ ။ နောက်ဆုံးဘာပြောချင်လဲ။ ဗစ်တိုးရီးယားအမှု တစ်ခုလုံးကို …။

ဖြေ။ ။ လက်ရှိ ဗစ်တိုးရီးယားအမှုနဲ့ပတ်သက်ပြီးတော့ ကျနော်အနေနဲ့ ပေါ်ပေါက်စေချင်ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ဂုဏ်သိက္ခာကို မြှင့်တင်တဲ့အနေနဲ့ အမှန်အတိုင်း စွမ်းစွမ်းတမံ ဖော်ထုတ်စေချင်တာပါပဲ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts