All News Local News Peace

တပ်မတော်က အရပ်သားကားများ အသုံးပြုဟု AA ထုတ်ပြန်ချိန် ပလက်၀ တံတားစီမံကိန်း ရေယာဉ်များကို AA ပစ်ခတ်ဟု တပ်မတော်က ထုတ်ပြန်

တပ်မတော်က အရပ်သားကားများ အသုံးပြုဟု AA ထုတ်ပြန်ချိန် ပလက်၀ တံတားစီမံကိန်း ရေယာဉ်များကို AA ပစ်ခတ်ဟု တပ်မတော်က ထုတ်ပြန်

ရန်ကုန်၊ ဒီဇင်ဘာ ၂

တပ်မတော်က အရပ်သားကားများကို အသုံးပြု၍ စစ်ဆင်ရေး ဆောင်ရွက်နေကြောင်း ရခိုင်တပ်မတော် AA က သတင်းထုတ်ပြန်ချိန်တွင် တပ်မတော်ကလည်း AA သည် ပလက်ဝတံတားစီမံကိန်း ရေယာဉ်များကို တိုက်ခိုက်နေကြောင်း အပြန်အလှန် သတင်းထုတ်ပြန်ကြသည်။

ပလက်၀ တံတားစီမံကိန်းတွင် အသုံးပြုရန်လိုအပ်သော သံဘောင်များနှင့်ဆောက်လုပ် ရေးပစ္စည်းများကို ကုလားတန်မြစ်ကြောင်းအတိုင်း သွားရောက်ပို့ဆောင်ရန် ထွက်ခွာ လာသည့် ရေယာဉ်များအား နိုဝင်ဘာ ၂၉ ရက်နှင့် နိုဝင်ဘာ ၃၀ ရက်နေ့တို့တွင် AA က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ပစ်ခတ်မှုကြောင့် ရေယာဉ်အနည်းငယ် ထိခိုက် ပျက်စီးခဲ့ပြီး အရာရှိ၊ စစ်သည်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ သံဘောင်များနှင့် ဆောက်လုပ်ရေး ပစ္စည်းများကို တင်ဆောင်ထားသည့် ရေယာဉ်များနှင့် လုံခြုံရေးလိုက်ပါလာသော စစ်ရေယာဉ်များကို နိုဝင်ဘာ ၃၀ ရက်နေ့ ညနေပိုင်းတွင် AA က မြစ်အနောက်ဘက်ကမ်းမှ နေရာများဖြန့်ခွဲ၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ထပ်မံချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

အလားတူ AA ကလည်း တပ်မတော်နှင့် တိုက်ပွဲများ ပြင်းထန်နေပြီး တပ်မတော်သည် အရပ်သားကားများကို အသုံးပြုခြင်း၊ ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ခြင်းများကို လုပ်ဆောင်နေကြောင်း ထုတ်ပြန်ပြောဆိုသည်။

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန်တွင် မြောက်ဦးမြို့နယ်၊ “ကျောင်းတောင်ရွာ”မြောက်ဖက်ရှိ ပွိုင့် (၁၂၂) တောင်ကုန်းသို့ လေကြောင်း၊လက်နက်ကြီးများဖြင့် နိုဝင်ဘာလ၂၆ ရက်နေ့မှစတင်၍ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့ကြောင်း၊ နိုဝင်ဘာလ ၂၉ ရက်နေ့၊နံနက် ၈ နာရီ ၄၅ မိနစ်ခန့်တွင် မြောက်ဦးမြို့နယ်၊ လင်းမြွီတောင် နှင့် တိမ်ညိုရွာအကြားတွင် တိုက်ပွဲဖြစ်ပွားကြောင်း၊ မွန်းလွဲပိုင်းတွင် မြောက်ဦးမြို့နယ်၊ ရန်အောင်ပြင်ရွာ၊ အရှေ့မြောက်ဖက် ၂ ဒသမ ၂ ကီလိုမီတာအကွာအဝေး( ရန်းချောင်းအနောက်ဖက်တောင်တန်း) ပေါ်တွင်လည်း တိုက်ပွဲများပြင်းထန်ခဲ့ကြောင်း ထုတ်ပြန်သည်။

အလားတူ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့၊နံနက် ၈ နာရီ ၂၃ မိနစ်တွင် မြေပုံမြို့နယ်၊စညှင်းရွာတောင်ဖက်တွင်လည်းကောင်း၊ မြေပုံမြို့နယ်၊ ဟင်းခရော်ရွာ မြောက်ဖက် ၁ ကီလိုမီတာခန့်အကွာအဝေး၊ ကားလမ်းမအနီး၌ လည်းကောင်း၊ နေ့လယ် ၁၂ နာရီ ၄၃ မိနစ်တွင်၊ မြေပုံမြို့နယ်၊ တုတ်ချောင်းရွာအနောက်မြောက်ဖက်အနီးတွင်လည်းကောင်း တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း၊ မြေပုံမြို့နယ်၊ ဟင်းခရော်ရွာအနီးတိုက်ပွဲတွင် တပ်မတော်က အရပ်သားကားများကိုအသုံးပြုခဲ့ကြောင်း၊ တပ်မတော်ဘက်မှ ထိခိုက်ကျဆုံးမှု များပြားကြောင်း ထုတ်ပြန်သည်။

မြေပုံမြို့နယ်အတွင်းတိုက်ပွဲများ၌မြန်မာ့တပ်မတော်သည်ရဟတ်ယာဉ် ၂ စီးပေါ်မှ ရော့ကတ်၊ စက်သေနတ်များဖြင့်တိုက်ပွဲဖြစ်ပွားရာနေရာ ၃ နေရာအား အချိန် ၂ နာရီ ကျော်ကြာ လှည့်လည်၍ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၃၀ ရက်နေ့ ည ၇ နာရီ ၂၀ မိနစ်အချိန်တွင် ပလက်ဝမြို့နယ်၊ မွန်ထောင့်ရွာအနီးတွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း AA က သတင်းထုတ်ပြန်သည်။

အဆိုပါ သတင်းထုတ်ပြန်မှုများနှင့်ပတ်သက်၍ AA နှင့် တပ်မတော် နှစ်ဖက်စလုံးကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းကိုင်ေ ဖြဆိုခြင်းမရှိပေ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com