All News Local News Peace

စစ်တပ်ပိုင် ဦးပိုင်နှင့် မိတ်ဖက် ဂျပန် Kirin ဘီယာလုပ်ငန်းက New Belgium ဘီယာလုပ်ငန်းကို ဝယ်ယူမည့်အရေး ကန့်ကွက်ကြရန် ပန်ကြား

စစ်တပ်ပိုင် ဦးပိုင်နှင့် မိတ်ဖက် ဂျပန် Kirin ဘီယာလုပ်ငန်းက အမေရိကန် New Belgium ဘီယာလုပ်ငန်းကို ဝယ်ယူမည့်အရေး ရှယ်ယာရှင်များ ကန့်ကွက်ကြရန် ပန်ကြား

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

မြန်မာတပ်မတော်ပိုင် ဦးပိုင်ကုမ္ပဏီနှင့်ပူးပေါင်း၍ ဘီယာလုပ်ငန်း လုပ်ကိုင်နေသော ဂျပန် Kirin ဘီယာလုပ်ငန်းက အမေရိကန်အခြေစိုက် New Belgium ဘီယာလုပ်ငန်းကို ဝယ်ယူရန် စီစဉ်နေမှုကို ကန့်ကွက်ကြရန် အမေရိကန် အခြေစိုက် ကရင်အဖွဲ့ အစည်း ၂ ခုနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတစ်ခုတို့က တောင်းဆိုလိုက်ကြသည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့ ထုတ်ပြန်သော ကြေညာချက်တွင် ကရင်အစည်းအရုံး ၂ ခုဖြစ်သော Karen Community of North Carolina၊ Karen Organization of America တို့က အပြည်ပြည်ဆိုင်ရာ Inclusive Development Internationalနှင့်ပူးပေါင်း၍ စစ်တပ်နှင့်မိတ်ဖက် ဂျပန် Kirin က အမေရိကန် New Belgium ကို ဝယ်ယူမည့် အရေးကို ကန့်ကွက်ကြရန် တောင်းဆိုလိုက်ခြင်းဖြစ်သည်။

New Belgium သည် အမေရိကန်ပြည်ထောင်စု စတုတ္ထအကြီးဆုံးသော ဘီယာလုပ်ငန်းဖြစ်ပြီးNew Belgium ၏ ရှယ်ယာရှင်အလုပ်သမား ၇၀၀ ခန့်က မဲခွဲဆုံးဖြတ်ကြမည်ဖြစ်ရာ ရှယ်ယာရှင် အလုပ်သမားများက ဆန္ဒမဲက အရေးကြီးသည်။ စစ်တပ်နှင့် မိတ်ဖက် ဂျပန် Kirin ၏ ဝယ်ယူမှု ကို လက်ခံ၊ မခံမှာ ရှယ်ယာရှင် အလုပ်သမားများ၏ ဆန္ဒမဲပေါ်တွင် အဓိက မူတည်နေသည်။

ကရင်အဖွဲ့ ၂ ခုနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့ ၁ က ပူးတွဲ ထုတ်ပြန်သော ကြေညာချက်တွင် ဂျပန် Kirin သည် မြန်မာနိုင်ငံတွင် လူသားမျိုးနွယ်အပေါ်ကျူးလွန်သောရာဇဝတ်မှုများ၊ ဂျီနိုဆိုက်လူမျိုးတုန်းသတ်ဖြတ်မှုများ၏ တရားခံ မြန်မာ့တပ်မတော်နှင့် စီပွားရေးလုပ်ဖော်ကိုင်ဖက်ဖြစ်နေကြောင်း၊ Kirin က New Belgium Brewing ကို ဝယ်ယူပိုင်ဆိုင်သွားမည့်အပေါ် ကန့်ကွက်မဲပေးကြစေလိုကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် တပ်မတော်သည် ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုတွေကျူးလွန်ထားပြီး ကရင်အပါအဝင် အခြားတိုင်းရင်းသားမျိုးနွယ်စုငယ်များ အပေါ်တွင်လည်း လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများ ကို ဆောင်ရွက်နေကြောင်း၊ Human Rights Watch အစီရင်ခံစာများအရ အရပ်ဘက်စစ်ဘက်မခွဲခြားသည့် တိုက်ခိုက်မှုများ၊ အတင်းအကျပ်ပ်ရွှေ့ပြောင်းစေမှုများနှင့် စားနပ်ရိက္ခာအကူအညီအထောက်ပံ့ပိတ်ဆို့ဖြတ်တောက်မှုများ လုပ်ဆောင်နေကြောင်း၊

ဂျပန် Kirin သည် တပ်မတော်နှင့် အမေရိကန် ဒေါ်လာ သန်း ၉၆၀ တန်ဖိုးရှိ မိတ်ဖက်စီးပွားရေးဆောင်ရွက်နေကြောင်း၊ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင်ကထုတ်ပြန်သည့် မြန်မာတပ်မတော်ဆိုင်ရာ စီးပွားရေးအကျိုးစီးပွားများနှင့်ပတ်သက်သော လွတ်လပ်သည့်အစီရင်ခံစာတစ်ခုတွင် ကီရင်က မြန်မာနိုင်ငံအတွင်း အံ့အားသင့်ဖွယ်စီးပွားရေးအရ ဆောင်ရွက်ချက်များကို မီးမောင်းထိုးပြထားကြောင်း၊တပ်မတော်ပိုင် ဦးပိုင်၊ မြန်မာ့စီးပွားရေးကော်ပိုးရေးရှင်း MEHL, MEC တို့ နှင့် လက်တွဲဆောင်ရွက်နေသည့် မည်သည့် စီးပွားရေးလုပ်ငန်းမဆို နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေ၊ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေများကို ချိုးဖောက်နေမှုများတွင် ပါဝင်လာနိုင်၊အချိတ်အဆက်ရှိလာနိုင်သော အန္တရာယ် အလွန်မြင့်မားစွာရှိနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တပ်မတော်ပိုင်စီးပွားရေးလုပ်ငန်းများက ရရှိလာသည့် အကျိုးအမြတ်များသည် ရွေးကောက်ခံအရပ်သားအစိုးရအောက်က လွတ်မြောက်ပြိး တသီးတခြားနေနိုင်စေရန်၊ နိုင်ငံတကာလူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဥပဒေများကိုချိုးဖောက်လျက်ရှိသည့် စစ်ဆင်ရေးများ ကျူးလွန်နိုင်စေရန် ဖန်တီးပေးလျက်ရှိကြောင်း၊ ထို့ကြောင့် New Belgium နှင့် Kirin ပေါင်းစည်းမည်ကို စိုးရိမ်ကြောင်း ဖော်ပြထားသည်။

မြန်မာ့စီးပွားရေးဦးပိုင်သည် တပ်မတော်၏ အဓိကလုပ်ငန်းစုကြီးဖြစ်ပြီး ရှယ်ယာများကို ဗိုလ်ချုပ်တွေ၊ တပ်ရင်းတပ်ဖွဲ့များနှင့် စစ်ပြန်များက ချုပ်ကိုင်ထားကြောင်း၊ လုပ်ငန်းကြီး၏ နာယက တပ်ချုပ် မင်းအောင်လှိုင်သည် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း ၊ ဦးပိုင်နှင့်Kirin တို့ပူးပေါင်းဆောင်ရွက်နေသည့် Myanmar Breweryသည် ဈေးကွက်ဝေစု ၈၀ ရာခိုင်နှုန်း ကို ထိန်းချုပ်ထားနိုင်ပြီး ၂၀၁၈ ခုနှစ် အစီရင်ခံစာအရ ပုံမှန်အမြတ်အစွန်းသည် ယန်း ၁၀ ဒသမ ၁ ဘီလျံ (အမေရိကန်ဒေါ်လာ ၉၂ သန်းကျော်)ရှိကြောင်း၊ ကီရင်၏ဝယ်ယူမှုကို ထောက်ခံမဲပေးပါက New Belgium သည် ဂျီနိုဆိုက်ကျူးလွန်သူများနှင့် တိုက်ရိုက်အချိတ်အဆက်ရှိသည့် လုပ်ငန်းတစ်ခုဖြစ်လာမည်ဟု ဖော်ပြထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts