Local News Peace political news

ကုန်းလမ်းပို့ဆောင်ရေးမှ ယာဉ်မောင်း ၁၆ ဦးကို AA က ဖမ်းဆီးခေါ်ဆောင်သွားဟုဆို

ကုန်းလမ်းပို့ဆောင်ရေးမှ ယာဉ်မောင်း ၁၆ ဦးကို AA က ဖမ်းဆီးခေါ်ဆောင်သွားဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၃၁

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် အောင်တံခွန် ၇ ရေယာဉ်ဖြင့်လိုက်ပါလာသော ကုန်းလမ်းသယ်ယူပို့ဆောင်ရေးဌာနမှ ယာဉ်မောင်း ၁၆ ဦးကို ရခိုင်တပ်မတော် AA က ဖမ်းဆီးခေါ်သွားကြောင်း ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“ဒီနေ့ နေ့လယ် ၁ နာရီကျော်လောက်က ဖမ်းသွားတာ။ ရေယာဉ်ကို ရပ်တန့်စစ်ဆေးပြီး ဖမ်းသွားတာလို့ သိရပါတယ်။ ယာဉ်မောင်း ၁၆ ယောက်လို့ ပြောပါတယ်။ အသေးစိတ်တော့ ဘာမှ မသိရသေးပါဘူး။ AA ဘက်ကလည်း ဘာလို့ ဖမ်းလဲဆိုတာ သေသေချာချာ မသိသေးပါဘူး။ သူတို့ဘက်က ထုတ်ပြန်မှပဲ သိရမှာပဲ” ဟု ဒေါ်ခင်စောဝေက ပြောဆိုသည်။

အောင်တံခွန် ၇ ရေယာဉ်သည် စစ်တွေမြို့နှင့် ဘူးသီးတောင်မြို့သို့ ပြေးဆွဲနေသော ရေယာဉ်ဖြစ်ပြီး မြစ်ကြောင်းအတွက် သွားလာစဉ် သေနတ်ပစ်ဖောက် ရပ်တန့်ခိုင်းခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

AA တပ်ဖွဲ့သည် မကြာသေးမီက ရွှေနဒီ အမြန်ရေယာဉ်ကို ရပ်တန့်စစ်ဆေးပြီး နယ်မြေအပြောင်းအရွှေ့ လုပ်လာသော ရဲတပ်ဖွဲ့ဝင် ၃၀ ကျော်ကို ဖမ်းဆီးမှု ဖြစ်ပေါ်ခဲ့သေးသည်။

တပ်မတော်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးဝင်းဇော်ဦးနှင့် AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခတို့ကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်သော်လည်း အဆက်အသွယ်မရရှိသေးပေ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts