ကယားပြည်နယ်တွင် တပ်မတော်က တရားစွဲသည့် မြေသိမ်းခံ ကရင်နီတောင်သူ ၄၁ ဦးထိရှိလာ

ကယားပြည်နယ်တွင် တပ်မတော်က တရားစွဲသည့် မြေသိမ်းခံ ကရင်နီတောင်သူ ၄၁ ဦးထိရှိလာ
ရန်ကုန်၊ဒီဇင်ဘာ ၁၃
တပ်မတော်က ကယားပြည်နယ် အတွင်းရှိ ဒီမော့ဆိုမြို့နယ်နှင့် လွိုင်ကော်မြို့နယ်အတွင်းရှိ မြေသိမ်းခံ ကရင်နီတောင်သူများကို ပိုင်နက်ကျူး လွန်မှု ပုဒ်မ ၄၇၇ဖြင့် အမှုဖွင့်တရားစွဲဆိုလျက်ရှိရာ ယခုနောက်ဆုံး တောင်သူ အရေအတွက် ၄၁ဦးအထိရှိလာပြီဖြစ်ကြောင်း ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂဥက္ကဋ္ဌ ဦးခူးတူရယ်ကပြောဆိုသည်။
ကယားပြည်နယ်တွင် တပ်မတော်က ပုဒ်မ ၄၄၇ဖြင့် ထပ်မံတရားစွဲဆိုလိုက်သော ကရင်နီတောင်သူ၁၀ဦး ရှိပြီး ဦးဦးရယ်၊ ဦးစေးရယ်၊ ဦးပေါ်ရယ်၊ ဦးကိုရယ်၊ ဦးဒဲရယ်၊ ဦးပလျားရယ်၊ ဦးစိုးရယ်၊ ကိုမောင်လွင်(ခ)ခွန်မောင်လွင်၊ ကိုဘွဲထူး(ခ) ဘွဲမှူး၊ ဦးကောရီယို တို့ဖြစ်ကြောင်း၊ ဒီဇင်ဘာလ ၁၃ရက်နေ့တွင် လွိုင်ကော်မြို့နယ်တရားရုံး၌ အမှတ် (၃၆၅) အမြောက်တပ်ရင်းက ဗိုလ်မှူးမိုးဝင်းထက်က တရားလိုလုပ်ကာ ထပ်မံတရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂထံမှ သိရှိရသည်။
“တပ်မတော်ကတောင်သူလယ်သမားတွေကို တစ်ယောက်ပြီးတစ်ယောက်တရားစွဲနေတယ်။ တစ်ယောက်ပြီးတစ်ယောက်တရားစွဲတဲ့အပေါ်မှာ တောင်သူလယ်သမားတွေရဲ့ဘဝရပ်တည်ဖို့ ငြိမ်းခြောက်နေတာနဲ့အတူတူပဲပေါ့။ ပြည်သူတွေစားဝတ်နေရေးခက်လာအောင် ဘဝလုံခြုံရေးကင်းမဲ့လာအောင် လုပ်နေတာကတော့ ဒါကတော့စည်းမျဉ်းစည်းကမ်းပေါ်လစီနဲ့ မညီဘူးလို့ပြောချင်တယ်” ဟုကိုခူးတူရယ်ကပြော ဆိုသည်။
ထိုသို့တပ်မတော်က တောင်သူများနှင့် သမဂ္ဂအဖွဲ့ဝင်များကိုတရားစွဲဆိုခြင်းသည် ဒီမော့ဆိုမြို့နယ်အတွင်းရှိ တပ်မတော် အမြောက်တပ်ရင်းအမှတ် ၃၆ဝတပ်ရင်းနှင့် လွိုင်ကော်မြို့နယ်အတွင်းရှိ တပ်မတော် ခလရ ၂၅ဝတပ်တို့ကို ဝင်ရောက်ကျူးကျော်သည်ဟုဆိုကာ တပ်မတော်မှ ပုဒ်မ ၆(၁)နှင့် ပုဒ်မ ၄၄၇ တို့ဖြင့် အမှုဖွင့်အရေးယူထားခြင်းဖြစ်သည်။
တပ်မတော်က တရားစွဲဆိုထားသော တောင်သူအရေအတွက်မှာ ပြည်သူပိုင်ပစ္စည်းပျက်စီးမှု ပုဒ်မ ၆(၁)ဖြင့် ၃ဦး၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၄၇၂ ၊ပုဒ်မ ၃၅၃ တို့ဖြင့် ၃ ဦး၊ ရာဇသတ်ကြီးပုဒ်မ၄၄၇ဖြင့် ၄ ဦး၊ ရာဇသတ်ကြီးပုဒ်မ ၄၄၇ဖြင့် ၈ဦး၊ ရာဇသတ်ကြီးပုဒ်မ ၄၄၇ဖြင့် ၁၅ဦး၊ ရာဇသတ်ကြီး ပုဒ်မ ၄၄၇ဖြင့် ၃ဦး၊ ပြည်သူပိုင်ပစ္စည်ဖျက်ဆီးမှု ပုဒ်မ၆(၁)ဖြင့် ၆ဦး၊ ရာဇသတ်ကြီးပုဒ်မ ၄၄၇ဖြင့် ၆ဦး၊ ပြည်သူပိုင်အပစ္စည်းဖျက်ဆီးမှုပုဒ်မ ၆(၁) ဖြင့် ၆ဦး၊ ရာဇသတ်ကြီးပုဒ်မ ၄၄၇ဖြင့် ၆ဦး စုစုပေါင်း ၄၁ ဦးဖြစ်ကြောင်း ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂက သိရသည်။
အဆိုပါ တရားစွဲဆိုမှုများနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့နှင့် ပြောခွင့်ရပုဂ္ဂိုလ်များထံ ဆက်သွယ်သော်လည်း တာဝန်ခံ ဖြေဆိုခြင်းမရှိပေ။
သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ