All News Local News Peace

ကမ်းထောင်းကြီးတွင် လူ ၂ ဦးကို ဓားဒဏ်ရာများဖြင့် သေဆုံး မြေမြှပ်လျက်တွေ့ရှိ၊ ယင်းနေရာအနီးတွင် တပ်မတော်စစ်ကြောင်း စခန်းချသွားခဲ့ဟု မိသားစုပြောဆို

ကမ်းထောင်းကြီးတွင် လူ ၂ ဦးကို ဓားဒဏ်ရာများဖြင့် သေဆုံး မြေမြှပ်လျက်တွေ့ရှိ၊ ယင်းနေရာအနီးတွင် တပ်မတော်စစ်ကြောင်း စခန်းချသွားခဲ့ဟု မိသားစုပြောဆို

ရန်ကုန်၊ ဒီဇင်ဘာ ၂၃

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ် ၊ ကမ်းထောင်းကြီးမြို့တွင် ၅ ရက်ကြာ ပျောက်ဆုံးနေခဲ့သော လူ ၂ ဦးကို ဓားဒဏ်ရာများဖြင့် သေဆုံးမြေမြှပ်လျက်တွေ့ရှိရပြီး ယင်းနေရာအနီးတွင် တပ်မတော် စစ်ကြောင်း တပ်ရင်း ၆၆ က ယာယီစခန်းချသွားခဲ့ကြောင်း မိသားစုဝင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၈ ရက်နေ့ ကမ်းထောင်းကြီးမြို့တွင် နေထိုင်သော အသက် ၆၀ နှစ်အရွယ် ဦးနီသန်းနှင့် အသက် ၄၀ အရွယ် ဦးကင်းချေတို့ ၂ ဦးသည် ရေထိုးတောင် အနီးရှိ လယ်ယာမြေများလုပ်ငန်းခွင်သို့ သွားရောက်ကြပြီးနောက် အဆက်အသွယ်မရတော့ကြောင်း၊ ယင်းရေထိုးတောင် အနီးတွင် ပေါက်ကွဲသံများကြားရသဖြင့် မိသားစုက အထူးစိုးရိမ်ခဲ့ကြကြောင်း၊ သို့သော်လည်း တပ်မတော် တပ်ရင်း ၆၆ စစ်ကြောင်းမှ စစ်သားများ ရောက်ရှိနေ၍ မည်သူမျှ မသွားရဲကြကြောင်း၊ ဒီဇင်ဘာလ ၁၈ ရက်နေ့မှ ဒီဇင်ဘာလ ၂၁ ရက်နေ့အထိ ရေထိုးတောင် အနီးတွင် တပ်မတော် စစ်ကြောင်းက စခန်းချခဲ့ကြောင်း ဦးနီသန်း၏ သမက်ဖြစ်သူ ဦးသောင်းလှရွှေက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“စစ်သား ၃ ဦး ရေထိုးတောင်ပေါ်တက်သွားတဲ့အချိန် ပေါက်ကွဲသံကြားတယ်။ ကျနော့် ယောက္ခမက ရေထိုးတောင် အနီးက လယ်ယာလုပ်တယ်။ သူ လယ်ယာလုပ်ငန်းခွင်သွားပြီးတဲ့နောက် ကျနော်တို့လည်း ဒီဇင်ဘာ ၁၈ ရက်ကတည်းက အဆက်အသွယ်ပြတ်သွားတာ။ တပ်မတော် ၆၆ တပ်ရင်း က အဲဒီမှာရှိနေတော့ ကျနော်တို့လည်း သွားပြီး မရှာရဲဘူး။ ၂၂ ရက်နေ့ကျတော့ တပ်မတော်စစ်ကြောင်းမရှိတော့ သက်ဆိုင်တဲ့ အာဏာပိုင်တွေ ပြောပြီး သွားရှာတော့ လယ်တဲလေးကလည်း ပျက်နေပြီ။ အဲဒါနဲ့ အနီးအနားမှာ ရှာတော့မှ အပုတ်နံ့ထွက်နေတဲ့ မြေပုံ တွေ့တယ်။ အဲဒီမှာ ၂ ဦးစလုံး ဓားဒဏ်ရာနဲ့ သေနေကြတာ။ ၁၈ ရက်နေ့ကတည်းက အသတ်ခံထားရတယ်ထင်ပါတယ်” ဟု ဦးသောင်းလှရွှေက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောသည်။

ဦးနီသန်းနှင့် ဦးကင်းချေတို့ ၂ ဦး အသတ်ခံရမှုအတွက် သက်ဆိုင်ရာ ရဲစခန်းသို့ အကြောင်းကြားခဲ့သော်လည်း အမှုဖွင့်ခြင်းမရှိတော့ကြောင်း၊ ဦးနီသန်းကို ယနေ့ သဂြိုလ်မည်ဖြစ်ပြီး ဦးကင်းချေကိုမူ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင်မှ သဂြိုဟ်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

တပ်မတော်ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်သော အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဖြစ်စဉ်နှင့်ပတ်သက်ပြီး မေးမြန်းရန် တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။

တပ်မတော်၏ သတင်းထုတ်ပြန်ချက်များတွင်မူ ရခိုင်ပြည်နယ်တွင် မိုင်းထောင်သော AA တပ်ဖွဲ့ဝင်များကို မကြာခဏ ဆိုသလို ဖမ်းမိနေသည်ဟု သတင်းဖော်ပြပြီး ဒီဇင်ဘာ ၂၀ ရက် နံနက် ၇ နာရီ မိနစ် ၅၀ ခန့်တွင် အမ်း-စစ်တွေကားလမ်း ဘေးအရောက်၌ လမ်း၏ညာဘက် ၄ ပေခန့်အကွာရှိ ချုံစပ်မှ AA ထောင်ထားသည့် ရီမုမိုင်း တစ်လုံး တွေ့ရှိရကြောင်း၊ အလားတူ ဘူးသီးတောင်မြို့နယ်၊ (၃၁) ဘုံကျေးရွာအနီး ဒီဇင်ဘာ ၂၀ ရက် ည ၆ နာရီခွဲတွင် မသင်္ကာဖွယ်ဆိုင်ကယ်တစ်စီးအား ရပ်တန့်စစ်ဆေးရာ ဖားဝပ်ချောင်းကျေးရွာနေသူ များဖြစ်သည့် ဦးဦးကျော်နိုင် (ဘ) ဦးကျော်သောင်းရွှေနှင့် ဦးခင်မောင်လှ(ဘ)ဦးချက်ကြီးတို့နှစ်ဦးအား ဆိုင်ကယ်တူးဘောက်အတွင်းမှ ကွန်ကြူပိုက်ဖြင့်ပြုလုပ်ထားသည့် ဒေသန်္တရမိုင်း ငါးလုံး၊ ခလုတ် ငါးခု၊ ဖျူ့စ် နှစ်ချောင်း၊ တယ်လီဖုန်းသုံးလုံးတို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts