Local News Peace political news

NLD အမတ် ဦးဝှေ့တင်း ပြန်လွတ်ဟု အိန္ဒိယဘက်မှ သတင်းဖော်ပြမှု မမှန်ကန်၊ AAက ထိန်းသိမ်း စစ်ဆေးနေပြီး ရလဒ်အပေါ်မူတည်၍ ဆက်လက်ဆောင်ရွက်မည်ဟု ခိုင်သုခ ပြော

NLD အမတ် ဦးဝှေ့တင်း ပြန်လွတ်ဟု အိန္ဒိယဘက်မှ သတင်းဖော်ပြမှု မမှန်ကန်၊ AAက ထိန်းသိမ်း စစ်ဆေးနေပြီး ရလဒ်အပေါ်မူတည်၍ ဆက်လက်ဆောင်ရွက်မည်ဟု ခိုင်သုခ ပြော

ရန်ကုန်၊ နိုဝင်ဘာ ၅

NLD မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ချင်းတိုင်းရင်းသား ဦးဝှေ့တင်းကို ရခိုင်တပ်ဖွဲ့AA က ဆက်လက် ဖမ်းဆီးထိန်းသိမ်းထားပြီး စုံစမ်းစစ်ဆေးမှု ရလဒ်များအပေါ်မူတည်၍ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လတ်တလော လွတ်မြောက်သွားပြီဟု အိန္ဒိယ သတင်းများက သတင်းဖော်ပြမှုကို မသိရှိသေးကြောင်း AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောဆိုသည်။

“အဲဒီကိစ္စ(အိန္ဒိယက ပြန်လွတ်ဆိုသော သတင်းများ) ကျနော် မသိသေးဘူး။ ကျနော်တော့ အဲဒီဟာကို မသိသေးဘူးဖြစ်နေတယ်။ ကျနော်သိသလောက်ကတော့ ဦးဝှေ့တင်းကို ဆက်လက်ပြီးတော့စုံစမ်းစစ်ဆေးစရာရှိတဲ့အတွက်ကြောင့်မို့ုလို့ ဆက်လက်ပြီးတော့ ထိန်းသိမ်းထားတယ်ဗျ။ အဲဒီဟာက စုံစမ်းစစ်ဆေးချက်အပေါ် ရလဒ်အပေါ်မှာ မူတည်တာပေါ့။ ဒီဟာကိုတော့ အခုအချိန် ပြောလို့မရသေးဘူး။ စုံစမ်းစစ်ဆေးပြီးတော့မှပဲ ပြောလို့ရမယ်” ဟု ခိုင်သုခက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

NLD ပါတီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွှန့်က NLD ချင်းလွှတ်တော်အမတ် ပြန်လည် လွတ်မြောက်ရေးအတွက် သက်ဆိုင်ရာက လုပ်ဆောင်လိမ့်မည်ဖြစ်ကြောင်း၊ NLD ပါတီအနေဖြင့် ကြေညာထုတ်ရန် မရှိဟု ပြောဆိုသည်။

“ကျနော်တို့ ပါတီအနေနေဲ့က ကြေညာချက် ထွက်ဖို့မရှိပါဘူး။ လွှတ်တော်ကိုယ်စားလှယ် ဖြစ်တဲ့ အခါကျတော့ လွှတ်တော်ကပဲ ထုတ်မှာပါ။ နောက်ပိုင်းမှာ လိုအပ်မယ်ထင်ရင်တော့ ပါတီကလည်း ထုတ်ပါ့မယ်။ လောလောဆယ် ထုတ်ဖို့ အစီအစဉ်မရှိသေးပါဘူး” ဟု ဒေါက်တာမျိုးညွှန့်ကဆိုသည်။

ဦးဝှေ့တင်းကို တပ်မတော်နှင့်ပူးပေါင်း၍ AA သတင်းများ စုဆောင်းမှု ၊ ခူမီးနှင့်ရခိုင်များအကြား ပြဿနာ ဖြစ်ပွားစေရန် လှုံ့ဆောင်မှုများ လုပ်ဆောင်သည်ဟု AA ကစွပ်စွဲထားပြီး စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောဆိုထားသည်။

ဒေါက်တာမျိုးညွှန့်က ဦးဝှေ့တင်းအပေါ် AA၏ စွပ်စွဲချက်များနှင့်ပတ်သက်၍  “ကျနော်တို့ စွပ်စွဲခံရတဲ့သူက မိမိအပေါ်စပွ်စွဲချက်တွေကို လွတ်လပ်သော အနေအထားနဲ့ ဖြေရှင်းနိုင်ဖို့ လိုပါတယ်။ အချုပ်ခံရတဲ့ ဘဝမှာ ပြန်ပြီး  မဖြေရှင်းနိုင်တဲ့ဘဝက ဘာမှ မဖြေရှင်းနိုင်ဘူးလို့မြင်ပါတယ်” ဟု သုံးသပ်ပြောဆိုသည်။

ချင်းပြည်နယ်အစိုးရဝန်ကြီးဟောင်း ဆလိုင်းအိုက်ဇင်ခင်ကမူ ဦးဝှေ့တင်း ပြန်လည်လွတ်မြောက်လာဆိုသော အိန္ဒိယသတင်းများသည် အတည်ပြုရန် ခက်ခဲသော သတင်းများဖြစ်ပြီး အိန္ဒိယမှ လှမ်းရေးသည့် သတင်းများ ဖြစ်၍ မြေပြင်အခြေအနေနှင့် အလှမ်းကွာဝေးဟု သုံးသပ်ပြောဆိုသည်။

ဦးဝှေ့တင်းသည် ကျောက်တော်မြို့နယ်၊ကုလားတန်မြစ်ကြောင်းအတွင်း ခရီးသွားလာနေစဉ် နိုဝင်ဘာလ ၃ ရက်နေ့က AA တပ်ဖွဲ့၏ ဖမ်းဆီးမှု ခံလိုက်ရခြင်းဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com