Local News Peace political news

NLD အမတ် ဦးဝှေ့တင်းအပေါ် AA စွပ်စွဲချက်များမမှန်ကန်၊ အသက်အန္တရာယ်ထိခိုက်မည်ဆိုလျှင် AA တွင် လုံး၀ တာဝန်ရှိဟု NLD က တရားဝင်ပြောဆို

NLD အမတ် ဦးဝှေ့တင်းအပေါ် AA စွပ်စွဲချက်များမမှန်ကန်၊ အသက်အန္တရာယ်ထိခိုက်မည်ဆိုလျှင် AA တွင် လုံး၀ တာဝန်ရှိဟု NLD က တရားဝင်ပြောဆို

ရန်ကုန်၊ နိုဝင်ဘာ ၁၁

NLD ပါတီမှ ချင်းတိုင်းရင်းသား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းသည် တပ်မတော်ကို သတင်းပေး၍ ရခိုင်တပ်မတော်AA ကို ပုန်ကန်နေကြောင်း AA အဖွဲ့၏ ထုတ်ပြန်ချက်သည် မှန်ကန်မှုမရှိဘဲ ဦးဝှေ့တင်း၏ အသက်အန္တရာယ်ကို ထိခိုက်ပါက AA တွင် လုံး၀ တာဝန်ရှိမည်ဖြစ်ကြောင်း NLD ၏ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွှန့်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“ဦးဝှေ့တင်းအပေါ် စွပ်စွဲထားတဲ့ စွပ်စွဲချက်တွေက မှန်ကန်မှု မရှိဘူးဆိုတာ သူရဲ့ မိသားစုတွေ ခူမီး တိုင်းရင်းသား အဖွဲ့အစည်းတွေက ထုတ်ပြန်ပြီး ဖြစ်ပါတယ်။ အဲဒီတော့ သူ့ကို ဥပဒေမဲ့ ဖမ်းဆီးခြင်း ကိုကလည်း မလုပ်သင့် မလုပ်ထိုက်တဲ့ အလုပ် လုပ်ခဲ့တာဖြစ်ပါတယ်။ သူ့ကို အမြန်ဆုံး ပြန်လွှတ်မပေးဘဲ ဆက်လက်ထိန်းသိမ်းထားရင် သူရဲ့ ကျန်းမာရေး နဲ့ အသက်အန္တရာယ်အတွက်ကို ဖမ်းဆီးတဲ့ အဖွဲ့မှာပဲ လုံး၀ တာဝန်ရှိပါတယ်။ ဖမ်းဆီးပြီးတော့မှ သူတို့ဆီမှာ ခိုင်လုံတဲ့သက်သေရှိတယ်လို့ ပြောတာက တရားမဝင်ပါဘူး” ဟု ဒေါက်တာမျိုးညွှန့်က ပြောဆိုသည်။

ဦးဝှေ့တင်းသည် စစ်တိုက်နေသော စစ်သားမဟုတ်ကြောင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်၍ ပြည်သူကို အလေးထားရမည့် ကျင့်ဝတ်ကို AA က ချိုးဖောက်ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

“ဦးဝှေ့တင်း က စစ်တိုက်နေတဲ့ စစ်သားလည်း မဟုတ်ပါဘူး။ ကျနော်တို့ ပြည်သူကနေ တာဝန်ပေးတဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို ဖမ်းဆီးသွားတာပဲဖြစ်ပါတယ်။ နောက်ပြီးတော့ စစ်တိုက်နေတဲ့ အုပ်စုတွေကြားထဲမှာတောင် ဂျနီဗာ ကွန်းဗင်းရှင်းလို့ ဆိုတဲ့ လိုက်နာရတဲ့ စည်းကမ်းတွေရှိပါတယ်။ အခုလို ဖမ်းဆီးပြီးတော့ မိမိတို့ လုပ်ချင်တာကို လုပ်မယ်ဆိုရင်တော့ ဒါက အများပြည်သူအလေးထားတဲ့ ကျင့်ဝတ်တွေကို ဖောက်ဖျက်ရာရောက်ပါတယ်။ အုပ်ချုပ်ရေးဘက်ကလည်း ဒီအခြေအနေကို သိတဲ့အတွက် လုပ်သင့်လုပ်ထိုက်တာကို လုပ်ပါလိမ့်မယ်” ဟု ဒေါက်တာမျိုးညွှန့်က ဆိုသည်။

AA တပ်ဖွဲ့ကမူ ဦးဝှေ့တင်းသည် ရခိုင်တော်လှန်ရေးကို ပုန်ကန်သူဖြစ်၍ တော်လှန်ရေးကာလအတွင်း လုပ်သင့်လုပ်ထိုက်တာကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယမန်နေ့က ကြေညာချက် ထုတ်ပြန်၍ ပြောဆိုထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com