All News Election Local News

NLD အစိုးရလက်ထက်ကျင်းပမည့် ၂ဝ၂ဝ ရွေးကောက်ပွဲကို အယုံအကြည်မရှိဟု ကြံ့ခိုင်ရေးနှင့်မဟာမိတ်ပါတီ၂ဝကျော်ပြော

NLD အစိုးရလက်ထက်ကျင်းပမည့် ၂ဝ၂ဝ ရွေးကောက်ပွဲကို အယုံအကြည်မရှိဟု ကြံ့ခိုင်ရေးနှင့်မဟာမိတ်ပါတီ၂ဝကျော်ပြော

ရန်ကုန်၊ နိုဝင်ဘာ ၂၅

NLD အစိုးရလက်ထက် ကျင်းပရန် ရှိနေသည့် ၂ဝ၂ဝရွေးကောက်ပွဲအပေါ် ယုံကြည်မှုမရှိကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးပါတီ(USDP) အပါအဝင် ပါတီ ၂ဝကျော်က ယမန်နေ့ နိုဝင်ဘာလ ၂၅ရက်နေ့ Orchid Hotel တွင်ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။

“ရွေးကောက်ပွဲကိုကျွန်တော်တို့က မယုံကြည်ဘူးလို့ပြောထားတယ်။ အဲတော့ဘာဆက်လုပ်ကြမလဲ။ ကျွန်တော်တို့အခု ဒီလိုလုပ်နေတာလည်း အလုပ်လုပ်နေတာပါပဲ။ ထပ်ပြီးတော့ သူ့ဘက်က ဘယ်လိုတုံ့ပြန်လာလည်းပေါ်မူတည်ပြီးတော့ ကျွန်တော်တို့က ထပ်ဆင့်ကျွန်တော်တို့ရဲ့စွမ်းအားတွေ ကျွန်တော်တို့ရဲ့ တွင်းအားစုတွေစုစည်းပြီးတော့ ကျွန်တော်တို့လုပ်စရာရှိတာထပ်လုပ်ရမှာပဲ။ ကျွန်တော်တို့ဒီမှာရှိတဲ့ ပါတီ၂ဝအပြင်ကို ခုနကပြောပါတယ်။ ၁ဝဝ(ပါတီ) မက လာပေါင်းတဲ့ ပါတီငယ်လေးတွေထပ်ပါလာရင်လည်း ကျွန်တော်တို့ဆက်ပြီးတော့ ကျွန်တော်တို့ရဲ့ယုံကြည်ချက်ခိုင်မာချက်ကိုဆက်တည်ပြီး ဆက်လက်လှုပ်ရှားသွားမှာပါ။ ကျွန်တော်တို့အခုလုပ်နေတာလည်း ကျွန်တော်တို့ရွေးကောက်ပွဲကော်မရှင်ကို ကျွန်တော်တို့ရဲ့ အမြင်တွေကို ပွင့်ပွင့်လင်းလင်းချပြနေတာ။ ပွင့်လင်းမြင်သာမှုနဲ့ချပြနေတာ။ ထို့တူပဲ ရွေးကောက်ပွဲကော်မရှင်ကလည်း ကျွန်တော်တို့ပါတီတွေကို ထပ်ဆင့်ထပ်ဆင့်ကြပ်မတ်လာမယ်၊ အရေးယူလာမယ် ဆောင်ရွက်လာမယ်ဆိုရင် ကျွန်တော်တို့က သူကြပ်မတ်လာတဲ့အဆင့်တိုင်းအဆင့်တိုင်းမှာ လျှော်ကန်သင့်မြတ်တဲ့ အချက်အလက်တွေနဲ့အတူ ကျွန်တော်တို့က သူ့ထပ်ပိုတဲ့ အချက်အလက်တွေနဲ့ ကျွန်တော်တို့က ထပ်ပြီးတော့ ရွေးကောက်ပွဲကော်မရှင်ကို ကန့်ကွက်သွားမယ်လို့တင်ပြလိုပါတယ်”ဟု အမျိုးသားတိုးတက်ရေးပါတီ အတွင်းရေးမှူး ဦးအောင်ဖြိုးကျော်ကပြောဆိုသည်။

USDP ပါတီနှင့်ပါတီ ၂ဝကျော်တို့က International Foundation For Electoral System(IFES)က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ကို laptop အလုံး ၁၃ဝဝနှင့် ပရင်တာ ၃၃ဝလုံးထောက်ပံ့သည့်ကိစ္စနှင့်ပတ်သတ်ပြီး ကင်ညာနိုင်ငံတွင် ၎င်းအဖွဲ့အစည်းလှူဒါန်းမှုကြောင့် ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုပြဿနာများ ဖြစ်ပွားခဲ့သည်ကို သာဓကပြုကာ မြန်မာနိုင်ငံတွင်လည်း အလားတူ တရားမျှတသည့် ရွေးကောက်ပွဲဖြစ်အောင် ထိန်းသိမ်းနိုင်စွမ်းရှိမည်မဟုတ်ဟု နိုဝင်ဘာ ၂ရက်နေ့ကထုတ်ပြန်ခဲ့သည်။

ထိုသို့ထုတ်ပြန်ခြင်းကိစ္စနှင့်ပတ်သက်ပြီး UEC က ကြံ့ခိုင်ပါတီနှင့် ပါတီ၂ဝကို နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (ဂ) ပါ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လေးစားလိုက်နာရေးနှင့် ပုဒ်မခွဲ(ဃ)ပါ လူတစ်ဦးချင်း သို့မဟုတ် လူအများ နှင့်ပတ်သက်၍ သိက္ခာနှင့် ကိုယ်ကျင့်တရားကို ထိခိုက်စေနိုင် သည့် ရေးသားမှု မျိုး မပြုလုပ်ရေးကို စောင့်ထိန်းလိုက်နာမည် ဖြစ်ကြောင်း ကို ပါတီမှတ်ပုံတင်စဉ်ကပင် ဝန်ခံချက်ပေးထား ပြီးဖြစ်ကြောင်း၊ ယင်းဥပဒေပုဒ်မ ၆ ပါ ဝန်ခံချက် တစ်ရပ်ရပ်ကို စောင့်ထိန်းလိုက်နာ ရန်ပျက်ကွက်သည့် နိုင်ငံရေးပါတီသည် နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည် ခွင့်ရှိမည်မဟုတ်ကြောင်း နိုဝင်ဘာလ ၅ရက်နေ့တွင် သတိပေးထုတ်ပြန်ခဲ့သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com