All News Election Local News

IFES အကူအညီကို လက်ခံမှု ရွေးကောက်ပွဲရလဒ် ထိန်းချုပ်နိုင်ဟု ကြံ့ခိုင်ရေးနှင့် ပါတီ ၂၀ ကြေညာမှု ဖျက်သိမ်းသည်အထိ ဥပဒေအရ အရေးယူနိုင်ဟု UEC သတိပေး

IFES အကူအညီကို လက်ခံမှု ရွေးကောက်ပွဲရလဒ် ထိန်းချုပ်နိုင်ဟု ကြံ့ခိုင်ရေးနှင့် ပါတီ ၂၀ ကြေညာမှု ဖျက်သိမ်းသည်အထိ ဥပဒေအရ အရေးယူနိုင်ဟု UEC သတိပေး

ရန်ကုန်၊ နိုဝင်ဘာ ၅

ကြံ့ခိုင်ရေးပါတီနှင့် ပါတီ ၂၀ က အမေရိကန်အခြေစိုက် International Foundation for Electoral System (IFES) ၏ ၂၀၂၀ ရွေးကောက်ပွဲအတွက် နည်းပညာအကူအညီပေးမှုအပေါ် ရွေးကောက်ပွဲရလဒ်ကို ပြည်ပနိုင်ငံတစ်ခု၊ အဖွဲ့အစည်းတစ်ခုခုက ထိန်းချုပ်နိုင်သည်ဟု နိုဝင်ဘာလ ၂ ရက်နေ့က ကြေညာမှု အပေါ် ပါတီဖျက်သိမ်း သည်အထိ ဥပဒေအရ အရေးယူနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) က ထုတ်ပြန်ကြေညာသည်။

ယနေ့ နိုဝင်ဘာ ၁၅ ရက်နေ့တွင် အစိုးရပိုင်သတင်းစာများမှတဆင့် ယင်းသို့ ထုတ်ပြန်ကြေညာခြင်းဖြစ်ပြီး နောက်နောင် ထိုကဲ့သို့ ထုတ်ပြန်မည်ဆိုပါက ဥပဒေအရ အရေးယူမည်ဟု ဖော်ပြထားသည်။

UEC ၏ ကြေညာချက်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအပါအဝင် နိုင်ငံရေးပါတီ ၂၀ ၏ ပါတီတာဝန်ရှိသူ အသီးသီးက လက်မှတ်ရေးထိုး၍ နိုဝင်ဘာ ၂ ရက်နေ့ ရက်စွဲဖြင့် ပူးတွဲသဘောထား ထုတ်ပြန် ကြေညာချက်ထုတ်ပြန်ခဲ့ရာ ယင်းသဘောထား ထုတ်ပြန်ကြေညာ ချက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် စပ်လျဉ်း၍ မမှန်ကန်သည့်၊ အထောက် အထားမရှိသည့် သတင်းအချက် အလက်များကို ရေးသားဖော်ပြထားသည်ကိုတွေ့ရှိရကြောင်း၊ ယင်းရေးသားဖော်ပြချက်များသည် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ဂုဏ်သိက္ခာနှင့် ကိုယ်ကျင့်တရားကို ထိခိုက်စေသည့်အပြင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဥပဒေနှင့်အညီ ကျင်းပပေးမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်း စဉ်များကို အခြားပါတီများနှင့် မဲဆန္ဒရှင်ပြည်သူများက အထင်အမြင်လွဲမှား စေနိုင်သည်ကို စိစစ်တွေ့ရှိရ ကြောင်း ဖော်ပြထားသည်။

နိုင်ငံရေးပါတီများသည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (ဂ) ပါ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လေးစားလိုက်နာရေးနှင့် ပုဒ်မခွဲ(ဃ)ပါ လူတစ်ဦးချင်း သို့မဟုတ် လူအများ နှင့်ပတ်သက်၍ သိက္ခာနှင့် ကိုယ်ကျင့်တရားကို ထိခိုက်စေနိုင် သည့် ရေးသားမှု မျိုး မပြုလုပ်ရေးကို စောင့်ထိန်းလိုက်နာမည် ဖြစ်ကြောင်း ကို ပါတီမှတ်ပုံတင်စဉ်ကပင် ဝန်ခံချက်ပေးထား ပြီးဖြစ်ကြောင်း၊ ယင်းဥပဒေပုဒ်မ ၆ ပါ ဝန်ခံချက် တစ်ရပ်ရပ်ကို စောင့်ထိန်းလိုက်နာ ရန်ပျက်ကွက်သည့် နိုင်ငံရေးပါတီသည် နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည် ခွင့်ရှိမည်မဟုတ်ကြောင်း UEC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်နောင် ယခုကဲ့သို့ ပုဂ္ဂိုလ်တစ်ဦးချင်း သို့မဟုတ် လူအများ နှင့်ပတ်သက်၍ သိက္ခာနှင့် ကိုယ်ကျင့်တရားကို ထိခိုက်စေနိုင်သည့်ရေး သား ဖော်ပြမှု၊ မမှန်မကန် ရေးသားဖော်ပြမှုများ ထပ်မံဆောင် ရွက်ခြင်းမပြုရန်နှင့်အကယ်၍ ယင်းသို့ဆောင်ရွက်ကြောင်း တွေ့ရှိပါက ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ နိုဝင်ဘာ ၆ ရက်တွင် ကျင်းပသော စုံညီအစည်းအဝေး အမှတ်စဉ် (၃၃/၂၀၁၉) ဆုံးဖြတ်ချက်အရ နိုင်ငံရေးပါတီ ၂၀ ၏ ပါတီတာဝန်ရှိသူ အသီးသီးတို့အား သတိပေးထားသည်ဟု သိရှိရသည်။

IFES က ၂၀၂၀ ရွေးကောက်ပွဲအတွက် လပ်တော့ ၁၃၀၀ လုံံး နှင့် ပရင်တာ ၃၃၀ လုံး အတွက် တင်ဒါ(၂)စောင်ကို The Global New Light of Myanmar သတင်းစာတွင် အောက်တိုဘာ(၁၇)ရက်နေ့က ခေါ်ယူခဲ့ခြင်းဖြစ်ပြီး၊ ရွေးကောက်ပွဲအရာရှိများကို နည်းပညာပေးရန် နှင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များအတွက် အထောက်အကူဖြစ်စေရန် ရေးဆွဲထားသည် ရွေးကောက်ပွဲဆိုင်ရာ ပရိုဂရမ်နည်းပညာများဖြစ်သည် ထုတ်ပြန်ကြေညာထားသည်။

အမေရိကန်အခြေစိုက် International Foundation for Electoral System(IFES) မှ တင်ဒါ(၂)စောင် ခေါ်ယူခဲ့မှုမှာ သံသယကြီးထွားစေသောလုပ်ရပ်ဖြစ်နေသည့်အတွက် IFES တင်ဒါပယ်ဖျက်၍ မျှတစွာယှဉ်ပြိုင်နိုင်မည့် တင်ဒါသစ်ကို ခေါ်ယူပေးရန် နှင့် တရားမျှတသော ရွေးကောက်ပွဲကော်မရှင်တစ်ရပ်ကို နိုင်ငံရေးပါတီအများစု လက်ခံနိုင်မည့် ပုဂ္ဂိုလ်များဖြင့် အစားထိုးဆောင်ရွက်ပေးရန် နိုဝင်ဘာ(၂)ရက်တွင် နိုင်ငံရေးပါတီ(၂၀) ပါတီခေါင်းဆောင်များမှ လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com