interview Peace political news

ICJ တွင် တပ်မတော်၏လုပ်မှားကိုင်မှားများကို မပူးပေါင်းဘဲ ငြင်းဆိုလျှင် မြန်မာနိုင်ငံ အဆုံးစွန် နစ်မြုပ်နိုင်ဟု သတိပေး

ICJ တွင် တပ်မတော်၏လုပ်မှားကိုင်မှားများကို မပူးပေါင်းဘဲ ငြင်းဆိုလျှင် မြန်မာနိုင်ငံ အဆုံးစွန် နစ်မြုပ်နိုင်ဟု သတိပေး

“တရားမျှတမှုကို ဖော်ဆောင်နိုင်ရင် တိုင်းပြည်ဂုဏ်တက်မယ်။ တရားမျှတမှုကို ဆိတ်သုန်းရင် တိုင်းပြည်ဂုဏ်ငယ်မယ်”

By ရန်ကုန်ခေတ်သစ်

ရခိုင်မှ လူနည်းစု မွတ်စလင်များအပေါ် လူမျိုးတုန်းသတ်ဖြတ်သည်ဆိုသော စွပ်စွဲမှုများ၏ နောက်ဆက်တွဲ မြန်မာနိုင်ငံကို တရားစွဲဆိုမှုများပါ ရှိလာနေရာ ယင်းအခြေအနေများနှင့်ပတ်သက်ပြီး Smile Education & Development Foundationမှ ဦးမျိုးဝင်းကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ဂူတာပြင်အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုမှာ စစ်တပ်ဘက်က စစ်ခုံရုံးနဲ့ တရားစီရင်ရေး ဒီနေ့ စပြီလို့ ပြောတယ်။ ဒီအပေါ်မှာ ဘယ်လိုမြင်လဲ။

ဖြေ။ ။ အဓိက ဂူတာပြင်မှာ ကျနော်မြင်တာက ပြောတော့ အရေးယူနေပါတယ်။ အရေးယူနေပါတယ်ပြောတယ်။ တကယ်တမ်းကျတော့ နိုင်ငံတကာကနေပြီးတော့ တစ်ခုခုနဲ့ပတ်သက်ပြီး ဖော်ထုတ်လိုက်ကြတဲ့အခါကျတော့မှ ဟိုကနေပြီး စုံစမ်းတာတို့ စစ်ဆေးတာတို့ လုပ်တယ်။ ပထမတုန်းက အင်းဒင် အစုလိုက်အပြုံလိုက် သတ်တဲ့ ကိစ္စတုန်းကလည်း ဒီအတိုင်းပဲ။ အရေးယူတယ်ဆိုတာကပေါ့။ အပြင် မပြောခင်တုန်းက အရေးမယူဘဲ အပြင်က ပြောတော့မှ ကမန်းကတန်း စုံစမ်းပြီး တွေ့တယ်ဆိုပြီးတော့မှ အရေးယူတာလေ။ အခုလည်း ဂူတာပြင်ကိစ္စနဲ့ပတ်သက်ပြီး အရေးယူမယ်ဆိုပြီး ထုတ်ပြန်တယ်။

ထုတ်ပြန်တဲ့အခါကျတော့ ကျနော်တို့ အရင်တုန်းက အရေးယူတဲ့ကိစ္စတွေမှာလည်း ခိုင်ခိုင်မာမာ ဘာမှ မသိရဘူး။ ဘယ်လို အရေးယူလဲ။ ဘယ်လို စစ်မေးတာလဲ။ ဘယ်လို အရေးယူပြီးတော့ ဒီလူတွေက ဘယ်လို ပြန်ပြီး လွတ်မြောက်သွားတာလဲ။ ဒါလည်း ကျနော်မသိခဲ့ရဘူး။ အခု ဒီကိစ္စမှာလည်း ကမ္ဘာနဲ့အညီ ဒီလောက် Crisis ဖြစ်နေပြီ။ ကျနော်တို့က Public Access ပေါ့။ လူထုက သိနားလည်ခွင့်ဆိုတဲ့ Access က မရဘူး။ ဘယ်သူတွေကို အရေးယူမှာလဲ။ ဘယ်သူက တာဝန်ရှိတာလဲ။ ဘယ်တုန်းက ဘယ်သူက Commanding လုပ်ခဲ့တာလဲ။ ဒါတွေအားလုံး ပြည်သူလူထုကို ချပြသင့်တယ်။ ဒီကြားထဲမှာလည်း သို့လော သို့လောကိစ္စတွေအမျိုးမျိုးရှိတယ်။ နိုင်ငံတော်ကို တရားစွဲတယ်ဆိုတော့ တစ်ပြည်လုံးကိုပဲ တိုင်းသူပြည်သား အားလုံး တရားစွဲခံရသလိုလို အဲဒီသဘောလည်း မဟုတ်ပါဘူး။ ဖြစ်နေတဲ့ ကိစ္စက။

ပြည်တွင်းမှာ ဒီကိစ္စတွေမှာ Propaganda တွေလည်း ပြန်ပါနေတယ်။ နိုင်ငံရေးအရ အမြတ်လိုချင်တာလည်းပါတယ်။ ရွေးကောက်ပွဲအတွက် ပါလာတော့ ဒါကြောင့် ကမ်းပိန်းတွေလည်းဖြစ်လာတယ်လို့ မြင်တယ်။ ဒီကိစ္စတွေကို အစိုးရအနေနဲ့ Accountability တကယ်ခိုင်မာတယ်ဆိုတဲ့ သက်သေကို ကျနော်တို့ ပေးဖို့လိုတယ်။ စစ်တပ်ကလည်း အရေးယူတယ်ဆိုတာက ဘယ်အဆင့်က အရေးယူတာလဲ။ ခုံရုံးက ဘယ်လောက်ထိ Transparent ဖြစ်သလဲဆိုတာလည်းကို အဲဒါလေး အရေးကြီးတယ်လို့ ဆွေးနွေးချင်ပါတယ်။

မေး။ ။ အင်းဒင်လူသတ်မှုမှာ အရေးယူပြီးတဲ့သူ စစ်တပ်ဘက်က ချက်ချင်းပြန်လွှတ်ပေးခဲ့တယ်။ ဂူတာပြင်မှာ ရော အဲဒီလို မဖြစ်နိုင်ဘူးလား။

ဖြေ။ ။ ကျနော်အဲဒါ ခုနက ပြောတဲ့အထဲမှာပါတယ်လေ။ အင်းဒင်လူသတ်မှုမှာ နိုင်ငံတကာက ပြောတော့မှ ဒီမှာ စုံစမ်းဖော်ထုတ်တယ်ဆိုပြီး အရေးယူပြတယ်။ အရေးယူတာကလည်း ဘယ်လို အရေးယူလိုက်မှန်း ဘယ်သူမှ မသိလိုက်ကြဘူး။ နောက်ကျတော့ ပြန်လွှတ်ပေးလိုက်တော့မှ သမ္မတရုံးက ပြောတော့မှ ကျနော်တို့ သိတယ်။ အခုလည်း ဒီကိစ္စမှာလည်း ဘယ်လို အရေးယူမှာလဲ ။ ဘယ်သူက တာဝန်ခံပြီးတော့ ဒီလူတွေကို အရေးယူတာလဲ။ အဲဒီမှာ ဘာမှ Clear ဖြစ်မနေဘူး။

ပြောချင်တာကတော့ ဒီ Process တွေအပေါ်မှာ ပွင့်လင်းမြင်သာတဲ့ အခြေအနေ တစ်ခုမှ မရှိဘူးဆိုတာမြင်ရတယ်။ ဒီဘက်က အရေးယူတယ်ဆိုတဲ့ Credibility က နိုင်ငံတကာကို ကျနော်တို့မှာ ပြလို့မရဘူး။ အဓိက အဲဒါပဲ။ Credibility ရှိတဲ့ အရေးယူမှုပြရမယ်။ ငါတို့မှာလည်း မှားခဲ့တာ ပြုခဲ့တာ ရှိတယ်။ လုပ်ရင်းကိုင်ရင်းနဲ့ လုပ်မှားကိုင်မှားတွေရှိတယ်။ အဲဒီ လုပ်မှားကိုင်မှားတွေကို အရေးယူတယ်။ အရေးယူတဲ့ Process က ဘယ်လောက် ပွင့်လင်းမြင်သာတယ်ဆိုတာ ဒါတွေက စောင့်ကြည့်ရမယ့် ကိစ္စဖြစ်တယ်။ လူထုကို ချပြရမယ်။ စစ်တပ်က မပြောချင်ဘူးဆိုရင်တော့ အစိုးရအဖွဲ့က တပ်မတော်ကို မေးပြီးတော့ ထုတ်ပြန်ပေးရမယ်။ အနည်းဆုံးတော့။

မေး။ ။ တပ်မတော်အနေနဲ့ နိုင်ငံတကာပေါင်းပြီး မလုပ်သင့်ဘူးလား။

ဖြေ။ ။ ကျနော်တို့မြင်တာက အကောင်းဆုံးကတော့ UN က ပြောတဲ့ Mechanism တွေနဲ့ပေါင်းပြီးတော့ ပူးပေါင်းဆောင်ရွက်ရင် ကမ္ဘာကို သက်သေပြလို့ရတယ်။ အခုလောက်ထိ တရားစွဲခံရတဲ့ အခြေအနေဖြစ်မလာဘူး။ အစောကြီးကတည်းက UN ဘက်က လျှော့ပေးတာတွေရှိတယ်။ ပထမ COI ခေါ်ဖို့ဖြစ်တယ်။ Commission of Inquiry ဆိုပြီးတော့ ခေါ်ဖို့လုပ်တာ။ အဲဒါကို COI ဆင့်ခေါ်လို့ရှိရင် အစိုးရအနေနဲ့က လက်ခံနိုင်မှာမဟုတ်ဘူး။ မြန်မာအစိုးရက COI ကို လက်မခံဘူးဆိုတဲ့ အပေါ်မှာ တစ်ဆင့်လျှော့ပြီးတော့ ကုလသမဂ္ဂက FFM Fact Finding Mission ဆိုပြီး အချက်အလက်ပဲရှာမယ်။ မြန်မာအစိုးရလက်ခံအောင် တစ်ဆင့် လျှော့ပေးခဲ့တယ်။ အဲဒါကိုလည်း ကျနော်တို့က မပူးပေါင်းခဲ့ဘူး။ မပူးပေါင်းတဲ့အခါ ကျတော့ အဆုံးစွန်တွေ ဖြစ်ကုန်တယ်။ ဖြစ်စေချင်တာက အစိုးရကို နိုင်ငံတကာ အဖွဲ့တွေနဲ့ ပူးပေါင်းပါ။

ကိုယ်တိုင်လည်း ကုသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်တယ်။ ကုလသမဂ္ဂနဲ့ ပူးပေါင်းရတယ်ဆိုတာ ကိုယ့်အတွက် သိမ်ငယ် သွားတဲ့ကိစ္စမဟုတ်ဘူး။ ပြည်ပ စွက်ဖက်မှု မဟုတ်ဘူး။ ကိုယ်တိုင်က ကုလသမဂ္ဂ အစိတ်အပိုင်းဆိုတာ မြင်ရမှာလေ။ အဲဒီလိုမျိုး ပူးပေါင်းဆောင်ရွက်ခဲ့ရင် ဒီလောက် အခြေအနေ ဖြစ်မလာဘူး။ အခုလည်း ဒီအတိုင်း ဆက်ပြီးတော့ ဖြစ်နေပြန်ပြီ။ ကျနော်တို့က အဆုံးထိ မြုပ်ဖို့ အခြေအနေကို တွန်းပို့ သလိုဖြစ်နေတယ်။ ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းတယ်။ နိုင်ငံတကာနဲ့။

မေး။ ။ အခုလက်ရှိ ICJ မှာ ဒေါ်အောင်ဆန်းစုကြည်သွားရင်ဆိုင်မယ့်ကိစ္စ ပြည်တွင်း အစ္စလမ်အသိုင်းအဝိုင်းမှာ ဘယ်လို မှတ်ချက်ပြုကြလဲ။

ဖြေ။ ။ ဆရာ အဲဒီကိစ္စကတော့ နည်းနည်းလေး Controversial ဖြစ်တယ်။ မွတ်စလင်တွေကလည်း အခြားပြည်သူတွေလိုပဲ သိပ်ပြီးတော့ Awareness သိပ်မရှိဘူး။ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းတွေ ကုလသမဂ္ဂနဲ့ပတ်သက်တဲ့ ကိစ္စတွေ သိပ်ပြီး တော့ နားလည်မှုမရှိဘူး။ တချို့လည်းပဲ ပုဂ္ဂိုလ်ရေးအရ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင် မြတ်နိုးတာကို အကြောင်းပြုပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ရပ်တည်တယ်ဆိုပြီး ပြောနေတာတွေလည်းရှိတယ်။ ဒါပေမယ့် ကျနော်တို့ ဒီကိစ္စမှာ ခွဲခြမ်းစိတ်ဖြာပြီး စဉ်းစားရမှာဖြစ်ပါတယ်။

လူတွေ သိန်းပေါင်းများစွာ အတိဒုက္ခရောက်ပြီးတော့မှ အိုးအိမ်တွေ ကို စွန့်ခွာပြီးတော့ မိမိရဲ့ အသက်တွေကို လုပြီးတော့ ပြေးရတဲ့ Process မှာ ဘယ်သူတာဝန်ရှိလဲ။ ဒီကိစ္စက Criminal Process နဲ့ သွားနေတဲ့ကိစ္စဖြစ်တယ်။ Criminal Process နဲ့ သွားနေတဲ့ ကိစ္စအပေါ်မှာတော့ အမြင်အမျိုးမျိုးရှိကြတယ်။ ကျနော်တို့ကတော့ ထောက်ခံတာလည်းမဟုတ်ဘူး၊ ဆန့်ကျင်တာလည်းမဟုတ်ဘူး။

တစ်ပိုင်းကတော့ Stand for Justice တရားမျှတမှုရှိရမယ်။ တရားမျှတမှုကို ဖော်ဆောင်နိုင်ရင် တိုင်းပြည်ဂုဏ်တက်မယ်။ တရားမျှတမှုကို ဆိတ်သုန်းရင် တိုင်းပြည်ဂုဏ်ငယ်မယ်။ ဟိုလူ့ကို Stand လုပ်တယ်။ ဒီလူနဲ့ အတူ ရပ်တည်ဆိုတာမျိုးမဟုတ်ဘဲ တရားမျှတမှု နဲ့ Accountability ကို ကောင်းကောင်းရပ်တည်နိုင်ပေးဖို့ အဆင်ပြေပါတယ်။

ပြည်တွင်းမှာလည်း အစ္စလမ်ဘာသာဝင်တွေ ခွဲခြားဆက်ဆံခံနေရတာအများကြီးပဲ။ အခုအချိန်အထိပဲ။ မနေ့တစ်နေ့ကပဲ ကျနော့်သူငယ်ချင်းတစ်ယောက် မွတ်စလင် Passport ရုံးမှာ ခွဲခြားဆက်ဆံခံရတယ်။ ခွဲခြားဆက်ဆံမှုတွေက စီးပွားရေးမြို့တော်ကြီးဖြစ်တဲ့ ရန်ကုန်မှာ ရှိနေတော့ ဟိုးဝေးလံခေါင်သီတဲ့ နေရာတွေမှာ ဆိုးရွားတဲ့ အခြေအနေတွေ ဖြစ်နေတယ်ဆိုတာ ကျနော်တို့အတွက် သံသယဖြစ်စရာမရှိဘူး။ အစ္စလမ်ဘာသာဝင်တွေကြားထဲမှာတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး သိပ်ပြီး နားမလည်တဲ့ သဘောမျိုးလည်းရှိတယ်။ ဆိုတဲ့အခါကျတော့ အဲဒါလေးတော့ ထည့်ပြောချင်တယ် ။ အစ္စလမ်ဘာသာရေးအဖွဲ့တွေဘက်ကတော့ ICJ နဲ့ပတ်သက်လို့ ဘာမှ ထုတ်ပြန်တာ မရှိသေးပါဘူး။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com