All News Local News Peace

AAနှင့် တိုက်ပွဲတွင် ဒုတိယဗိုလ်မှူးကြီးရန်နောင်ဝင်း အပါအဝင် တပ်မတော်သားတချို့ ကျဆုံးဟု AA ပြောဆိုသော်လည်း တပ်မတော်အတည်မပြု

AAနှင့် တိုက်ပွဲတွင် ဒုတိယဗိုလ်မှူးကြီးရန်နောင်ဝင်း အပါအဝင် တပ်မတော်သားတချို့ ကျဆုံးဟု AA ပြောဆိုသော်လည်း တပ်မတော်အတည်မပြု

ရန်ကုန်၊ နိုဝင်ဘာ ၁၅

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် နိုဝင်ဘာလ ၁၃ ရက်နေ့က ရခိုင်တပ်မတော် AA က မိုင်းခွဲတိုက်ခိုက်ပြီး တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒုတိယဗိုလ်မှူးကြီးရန်နောင်ဝင်း အပါအဝင် တပ်မတော်သားတချို့ ကျဆုံးခဲ့ကြောင်း တပ်မတော်မိသားစုသတင်းရပ်ကွက်နှင့် AA အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ(၁၃) ရက်၊ နေ့လည်ပိုင်း ကျောက်တော်မြို့နယ်၊”သရက်တပင်ရွာတံတား”အနီးတွင် ကျောက်တော်အခြေစိုက်၊ခြေမြန်တပ်ရင်း ၃၇၄ ယာဉ်တန်းကို AA က မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ခမရ ၃၇၄ မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးရန်နောင်ဝင်း အပါအဝင် တပ်မတော်သား ၅ ဦးကျဆုံးကြောင်း AA တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက AA ၏ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကို ဆက်သွယ်သော်လည်း အဆက်အသွယ်မရရှိပေ။

ဦးခိုင်သုခက ”မနေ့က နေ့လည် ၁၂ နာရီလောက်မှာ တပ်မတော် စစ်ကြောင်းတခုကို သရက်တပင် ရွာထိပ်အနီးမှာ သရီးချောင်း ချောင်းကူးတံတားဆိုတာ ရှိတယ်။ အဲဒီအနားမှာ ကျနော်တို့ ကြားဖြတ်တိုက်ခိုက်ခဲ့တာ ရှိတယ်။ အဲဒီမှာ ခမရ ( ၃၇၄ ) တပ်ရင်းက တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ရန်နောက်ဝင်း အပါအဝင် ၇ ယောက် ကျဆုံးတယ်။ နောက်ထပ် ဒဏ်ရာ ရတာတွေလည်း ရှိခဲ့တယ် ” ဟု ပြောဆိုထားကြောင်း ဧရာဝတီသတင်းဌာနက နိုဝင်ဘာလ ၁၄ ရက်နေ့တွင် သတင်းဖော်ပြထားသည်။

အလားတူ ဘီဘီစီမြန်မာပိုင်းသတင်းဌာနကလည်း တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ရန်နောင်ဝင်း မိုင်းဆွဲတိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် ကျဆုံးခဲ့သည်ဟု နိုဝင်ဘာလ ၁၄ ရက်နေ့က သတင်းဖော်ပြထားသည်။

တပ်မတော်မိသားစုအသိုင်းအဝိုင်း၏ လူမှုကွန်ရက်စာမျက်နှာများတွင် ဒုတိယဗိုလ်မှူးကြီးရန်နောင်ဝင်း ကျဆုံးမှုကို ဝမ်းနည်းစကားများ ဆိုထားပြီး ဒုတိယဗိုလ်မှူးကြီးရန်နောင်ဝင်းသည် စစ်တက္ကသိုလ်အပတ်စဉ် ၄၄ ကျောင်းဆင်းဖြစ်ကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိပြီး နိုဝင်ဘာလ ၁၃ ရက်၊ နေ့လည် ၂ နာရီအချိန်ခန့်တွင်လည်း အမ်းမြို့နယ်၊ ရန်ကုန်-စစ်တွေကားလမ်းမ၊(အမ်း-ကဇူးကိုင်းလမ်းမ)ပေါ်၌ တပ်မတော် ၃ စီးကို တိုက်ခိုက်ခဲ့ကြောင်း၊ မြေပုံမြို့နယ် ကဇူးကိုင်း-မြေပုံကားလမ်းမ ထက်တွင်ထပ်မံတိုက်ခိုက်ခဲ့ပြီး တပ်မတော်ဘက်မှ ထိခိုက်ကျဆုံးမှုရှိကြောင်း AAက ထုတ်ပြန်သည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးတို့ကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းသော်လည်း အဆက်အသွယ်မရရှိသဖြင့် ယင်းသတင်းနှင့်ပတ်သက်၍ အတည်ပြုနိုင်ခြင်းမရှိပေ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts