interview political news

AAစစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် သမက်တော်စပ်သော်လည်း နိုင်ငံရေးအရ မည်သို့မျှ ဆက်စပ်မှု မရှိဟု ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှ ပြော

AAစစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် သမက်တော်စပ်သော်လည်း နိုင်ငံရေးအရ မည်သို့မျှ ဆက်စပ်မှု မရှိဟု ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှ ပြော

By ရန်ကုန်ခေတ်သစ်

ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်သည် ၎င်း၏ သမက်တော်စပ်သော်လည်း နိုင်ငံရေးအရ မည်သို့မျှ ဆက်စပ်မှုမရှိဘဲ တခြားစီဖြစ်ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနနှင့် ဆက်သွယ်မေးမြန်းချက်တွင် ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနနှင့် ရခိုင်ပြည်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှ ဆက်သွယ်မေးမြန်းချက်ကို ဖော်ပြလိုက်ပါသည်။

မေး။ ။ ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှနဲ့ အင်တာဗျူးတွေ ရန်ကုန်ခေတ်သစ်မှာ ဖော်ပြတဲ့အခါတိုင်း သမက်ဖြစ်သူ AA ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ ပတ်သက်တယ်ဆိုပြီး Comment တွေမှာလာပြီး ပေးကြတယ်။ ယောက္ခမက ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ၊ သမက်က AA စစ်ဦးစီးချုပ် ဆက်စပ်မှုရှိတယ်ဆိုပြီး ဝေဖန်ကြတာရှိပါတယ်။ အဲဒီအပေါ် ဘယ်လို တုံ့ပြန်ချင်ပါသလဲ။

ဖြေ။ ။ ဒီကိစ္စပတ်သက်လို့ကတော့ ပြောတဲ့သူကတော့ ပြောကြမှာပဲ။ သို့သော် တခြားစီပါ။ သူ့အလုပ် သူလုပ်။ ကိုယ့်အလုပ်ကို ကိုယ်လုပ်။ အဲဒါပဲရှိတယ်။ သူ့အလုပ်ကို သူလုပ်လိမ့်မယ်။ ငါတို့မှာလည်း လွှတ်တော်ဥက္ကဋ္ဌ ဆိုတော့ လွှတ်တော်ရဲ့ တာဝန်ကို ကျေပွန်အောင်က ကိုယ့်အလုပ်ကို ကိုယ်လုပ်ရမှာပဲ။ တခြားစီပါ။ ဘာမှ မဆိုင်ပါဘူး။

မေး။ ။ ဆရာဦးစံကျော်လှက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်း လျှောက်ပြီး လွှတ်တော်ဥက္ကဋ္ဌ လုပ်နေပေမယ့် သမက်ဖြစ်သူက အခြေခံဥပဒေ ပြင်ပလမ်းကြောင်းမှာရှိနေတာဆိုတော့ နိုင်ငံရေးခံယူချက်ကတော့ ဘယ်လို ပြောလို့ရလဲ။

ဖြေ။ ။ ဒီကိစ္စနဲ့ပတ်သက်လို့ဆိုရင် ငါတို့က ၂၀၀၈ ဖွဲ့စည်းပုံ အောက်ကနေ သွားနေရတာ။ အဲဒီတော့ ဖွဲ့စည်းပုံ ကို သဘောကျသလားဆိုရင် သဘောမကျဘူး။ သို့သော်လိုက်နာရမယ့် တာဝန်တော့ ငါတို့မှာရှိတယ်။ တတ်နိုင်ရင် ဖွဲ့စည်းပုံကို လိုအပ်တာတွေကို ဖြည့်စွက်ပြင်ဆင်စေချင်တယ်။ ဖြစ်များဖြစ်နိုင်ခဲ့မယ်ဆိုရင် တတ်နိုင်မယ်ဆိုရင် အသစ်ရေးဆွဲတာက ပိုပြီးတော့ ကောင်းတယ်လို့ ယူဆပါတယ်။ အဲဒါက ငါရဲ့ ဆန္ဒသဘောတားကို ပြောတာနော်။

မေး။ ။ ရခိုင်ပြည်နယ် အတွက် လက်နက်ကိုင်လမ်းစဉ်နဲ့ ဆောင်ရွက်မှုတွေ အပေါ်မှာရော ဘယ်လိုမြင်လဲ။

ဖြေ။ ။ ဒါနဲ့ပတ်သက်လို့တော့ မှတ်ချက်မပေးလိုပါဘူး။ သူတို့ကိစ္စ သူတို့လုပ်တာ။

မေး။ ။ ရန်ကုန်မှာ ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ အမျိုးတော်သူတွေ ဖမ်းခံရတာတွေလည်းရှိနေတော့ ဆွေမျိုးတော်တဲ့ ဆရာဦးစံကျော်လှအပေါ်ရော အနှောင့်အယှက်ပေးတာတွေ ရှိလား။

ဖြေ။ ။ မရှိပါဘူးကွာ။ တစ်ခုမှ မရှိပါဘူး။

www.khitthitnews.com

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts