All News Election Local News

၂၀၂၀ ရွေးကောက်ပွဲအတွက် အမေရိကန်IFES ကူညီမှု ပါတီတစ်ခုက ထိန်းချုပ်ရန်လားဟု ကြံ့ခိုင်ရေး အပါအဝင် ပါတီ ၂၀က မေးခွန်းထုတ်

၂၀၂၀ ရွေးကောက်ပွဲအတွက် အမေရိကန်IFES ကူညီမှု ပါတီတစ်ခုက ထိန်းချုပ်ရန်လားဟု ကြံ့ခိုင်ရေး အပါအဝင် ပါတီ ၂၀က မေးခွန်းထုတ်

ရန်ကုန်၊ နိုဝင်ဘာ ၅

မြန်မာနိုင်ငံတွင် ကျင်းပမည့် ၂၀၂၀ ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် နည်းပညာအထောက်အကူပြုရန်နှင့် အသုံးပြုရန် အမေရိကန်အခြေစိုက် International Foundation for Electoral System(IFES)က နည်းပညာ ကူညီပေးမှုသည် ပါတီတစ်ခုတည်းက ထိန်းချုပ်သွားနိုင်ရန်အတွက်လားဟု သံသယဖြစ်မိကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောဆိုသည်။

IFES က ၂၀၂၀ ရွေးကောက်ပွဲအတွက် လပ်တော့ ၁၃၀၀ လုံံး နှင့် ပရင်တာ ၃၃၀ လုံး အတွက် တင်ဒါ(၂)စောင်ကို The Global New Light of Myanmar သတင်းစာတွင် အောက်တိုဘာ(၁၇)ရက်နေ့က ခေါ်ယူခဲ့ခြင်းဖြစ်ပြီး၊ ရွေးကောက်ပွဲအရာရှိများကို နည်းပညာပေးရန် နှင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များအတွက် အထောက်အကူဖြစ်စေရန် ရေးဆွဲထားသည် ရွေးကောက်ပွဲဆိုင်ရာ ပရိုဂရမ်နည်းပညာများဖြစ်သည် ထုတ်ပြန်ကြေညာထားသည်။

“တကယ်သာ သဘောရိုးနဲ့ဆိုရင် ပုံမှန်လမ်းကြောင်းသွားကြမှာပေါ့၊ အသစ်တီထွင်တာလား ဆန်းသစ်တာလားမသိဘူး၊ သူတို့ရဲ့ တင်ဒါ ခေါ်ယူမှုက သံသယရှိစရာခေါ်ယူမှုဖြစ်နေတယ်ဗျာ၊ သူတို့တင်သွင်းလိုတဲ့ အပိုင်းကိုပဲ လုပ်ဖို့ရာအတွက် ဒီလိုတင်ဒါခေါ်တယ်လို့ မြင်ပါတယ်၊ သူတို့တင်သွင်းလိုတဲ့ ကုမ္ပဏီအဖွဲ့အစည်းဟာဆိုရင် ကွန်ပျူတာပရိုဂရမ်ကစပြီးတော့ ပြည်ပနိုင်ငံတစ်ခု(သို့) ပုဂ္ဂိုလ်တစ်ခု(သို့) အဖွဲ့အစည်းတစ်ခုက ထိန်းချုပ်သွားနိုင်တဲ့ ပရိုဂရမ်တွေလို့ သံသယဖြစ်တယ်ဗျာ” ဟု ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းက ပြောသည်။

အမေရိကန်အခြေစိုက် International Foundation for Electoral System(IFES) မှ တင်ဒါ(၂)စောင် ခေါ်ယူခဲ့မှုမှာ သံသယကြီးထွားစေသောလုပ်ရပ်ဖြစ်နေသည့်အတွက် IFES တင်ဒါပယ်ဖျက်၍ မျှတစွာယှဉ်ပြိုင်နိုင်မည့် တင်ဒါသစ်ကို ခေါ်ယူပေးရန် နှင့် တရားမျှတသော ရွေးကောက်ပွဲကော်မရှင်တစ်ရပ်ကို နိုင်ငံရေးပါတီအများစု လက်ခံနိုင်မည့် ပုဂ္ဂိုလ်များဖြင့် အစားထိုးဆောင်ရွက်ပေးရန် နိုဝင်ဘာ(၂)ရက်တွင် နိုင်ငံရေးပါတီ(၂၀) ပါတီခေါင်းဆောင်များမှ လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သည်။

အဆိုပါ နိုင်ငံရေးပါတီ(၂၀)၏ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ မေးမြန်းရာ ကော်မရှင်အဖွဲ့ထံသို့ ၎င်းထုတ်ပြန်စာရောက်ရှိမလာသေးကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။

“ထုတ်ပြန်ချက် မူရင်းကို ကျွန်တော်တို့ မကြည့်ရသေးပါဘူး၊ IFES နဲ့ တွဲလုပ်တဲ့လုပ်ငန်းတွေရှိပါတယ်၊ စာရောက်လာရင် အဖွဲ့ကိုတင်ပြပါတယ်”ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ရွေးကောက်ပွဲလုပ်ငန်းစဉ် လုပ်ဆောင်နေမှုများကို မသိရှိရခြင်း၊ နိုင်ငံရေးပါတီများ၏ စိုးရိမ်မှုနေမှုများကို ပုံမှန်တွေ့ဆုံပွဲများမလုပ်ခြင်းသည် အခြေခံပြဿနာများဖြစ်ကြောင်း ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE )အဖွဲ့က ပြောပြသည်။

“ကော်မရှင်အနေနဲ့ လက်ရှိရွေးကောက်ပွဲလုပ်ငန်းစဉ်တွေက ဘယ်လိုသွားနေလဲ၊ မဲစာရင်းရလဒ်တွေကို ဘယ်လိုပြုစုမှာတုန်း၊ နိုင်ငံရေးပါတီက ဘာကိုစိုးရိမ်တာတုန်း၊ ဒါတွေကို ပုံမှန်တွေ့ဆုံပြီး နားထောင်ခွင့်မရတဲ့ အကျိုးဆက်တွေပဲ”ဟု PACE အဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ဦးစိုင်းရဲကျော်စွာမြင့်က ပြောသည်။

အမေရိကန်နိုင်ငံအခြေစိုက် နိုင်ငံတကာရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် နည်းပညာအကူအညီပေးနေသည့် IFES အဖွဲ့အနေဖြင့် ပြည်ခိုင်ဖြိုးပါတီ အာဏာရစဉ် ၂၀၁၄ ခုနှစ်ကတည်းက မြန်မာနိုင်ငံတွင်ရောက်ရှိနေပြီး၊ ဥက္ကဌ ဦးတင်အေးလက်ထက် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီးတွင် ကူညီပေးခဲ့ကာ ပြဿနာ တစ်စုံတစ်ရာမရှိခဲ့ကြောင်း သိရသည်။ IFES အနေဖြင့် ယခုမှရောက်ရှိလာခြင်းမဟုတ်ကြောင်း၊၂၀၁၅ ခုနှစ်က ရွေးကောက်ပွဲကော်မရှင်ရုံးတွင် ရှိနေခဲ့သည့် အဖွဲ့ဖြစ်ကြောင်း ဦးစိုင်းရဲကျော်စွာမြင့်က ဆက်ပြောသည်။

Photo Credit – Reuters

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com