Editorial Peace political news

အမှန်တကယ်လက်နက်အားကိုး စစ်ရာဇဝတ်မှု ကျူးလွန်သူများကို နိုင်ငံတကာခုံရုံးသို့ ပို့ချိန်တန်ပြီ

အယ်ဒီတာ့အာဘော်

အမှန်တကယ်လက်နက်အားကိုး စစ်ရာဇဝတ်မှု ကျူးလွန်သူများကို နိုင်ငံတကာခုံရုံးသို့ ပို့ချိန်တန်ပြီ

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သော လူသားမျိုးနွယ်အပေါ် လူမျိုးတုန်းသတ်ဖြတ်မှု စွပ်စွဲချက်များဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံး- ICJ (International Court of Justice ) ၊ နိုင်ငံတကာ ရာဇဝတ် တရားရုံး-ICC (International Criminal Court) နှင့် အာဂျင်တီးနားနိုင်ငံ တရားရုံးများတွင် တရားစွဲဆိုထားသည်။

ယင်းတို့ထဲတွင် ကုလသမဂ္ဂ၏ တရားရုံးဖြစ်သော ICJ တွင် တရားစွဲဆိုထားသော အမှုမှာ ဒီဇင်ဘာလ ၁၀ ရက်နေ့ စတင်စစ်ဆေးမည်ဖြစ်ရာ မြန်မာနိုင်ငံတစ်ဝန်း ပြည်သူများအကြား စိတ်ဝင်စားမှု မြင့်တက်လျက်ရှိသည်။ မြန်မာနိုင်ငံတော်ကို တရားစွဲခြင်း၊ နိုင်ငံသားအားလုံးကို တရားစွဲခြင်းဟူ၍ အဓိပ္ပာယ် ဝိဝါဒကွဲပြားနေကြသည်။

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ ပြည်သူ့အကျိုး၊ နိုင်ငံတော်အကျိုးအတွက် ICJ တွင် ဖြေရှင်းရင်ဆိုင်မည်ဟု ထုတ်ပြန်ထားရာ We stand With You ဆိုသော ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲများလည်း နိုင်ငံတစ်ဝန်း ဆောင်ရွက်နေကြသည်။

အမှန်တကယ်အားဖြင့် ICJ ၊ ICC နှင့် နိုင်ငံတကာခုံရုံံးများတွင် တရားစွဲဆိုမှုများသည် မြန်မာနိုင်ငံတော်နှင့် နိုင်ငံတော်သားများကို တရားစွဲဆိုခြင်းမဟုတ်ဘဲ လူသားမျိုးနွယ်အပေါ် သတ်ဖြတ်ထားသူများ၊ လူ့အခွင့်အရေး ချိုးဖောက်သူများကိုသာ တရားစွဲခြင်းဖြစ်သည်။

ထိုကဲ့သို့သော စစ်ရာဇဝတ်မှုများကို သန်း ၅၀ ကျော်သာ မြန်မာပြည်သူလူထုက ကျူးလွန်ခြင်းမဟုတ်ပေ။ မြန်မာပြည်သူများသည် ခေတ်ဆိုး စနစ်ဆိုးအောက်တွင် ဖိနှိပ်ခံရသူများသာ ဖြစ်ပြီး ကိုယ်တိုင်က ဒုက္ခသည်များ၊ အာဏာရှင်များ၏ ကျူးလွန်မှုခံရသူများ၊ သားကောင်များသာဖြစ်သည်။

နိုင်ငံတကာခုံရုံးတွင် ရင်ဆိုင်ဖြေရှင်းရမည့်အရေးကိစ္စမှာ စစ်ရာဇဝတ်မှု ကျူးလွန်မှုများ အမှန်တကယ် ဖြစ်ပေါ်ခဲ့ခြင်း ရှိ၊ မရှိ စစ်ဆေးရန်နှင့် စစ်ဆေးမှုများကို နိုင်ငံတော်နှင့် နိုင်ငံသူနိုင်ငံသားများက ပူးပေါင်းပါဝင်ရန်သာဖြစ်သည်။

မြန်မာနိုင်ငံတော်၊ နိုင်ငံသူနိုင်ငံသားများသည် We Stand For Justice တရားမျှတမှုနှင့် ရပ်တည်ပါကြောင်း ပြသရမည့်အချိန်လည်းဖြစ်သည်။ နိုင်ငံတော်နှင့် နိုင်ငံသူ နိုင်ငံသားများသည် အမှန်တကယ် လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်သော၊ စစ်ရာဇဝတ်မှု ကျူးလွန်သော ရာဇဝတ်ကောင်များနှင့်အတူ မရပ်တည်သင့်သကဲ့သို့ ယင်းစစ်ရာဇဝတ်ကောင်များကို ကာကွယ်ရန်လည်း တာဝန်မရှိပေ။

စစ်ရာဇဝတ်မှုကျူးလွန်သူများကို ကာကွယ်မိပါက နိုင်ငံတော်နှင့် နိုင်ငံသူ နိုင်ငံသားများပါ စစ်ရာဇဝတ်မှု ကျူးလွန်သူများနှင့် တစ်ကျိတ်တည်း တစ်ဉာဏ်တည်း အပေါင်းအပါများအဖြစ် သတ်မှတ်ခံရမည်ကို သတိချပ်ရန် အရေးကြီးသည်။

နိုင်ငံတော်နှင့် နိုင်ငံသူ နိုင်ငံသားများသည် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် လူသားဂုဏ်သိက္ခာကို တန်ဖိုးထား လေးစားသူများဖြစ်ကြောင်းပြသရန်မှာ အမှန်တကယ် လူ့အခွင့်အရေးချိုးဖောက်သော ရာဇဝတ်မှုများ ကျူးလွန်သော ပြစ်မှုကျူးလွန်သူများကို နိုင်ငံတကာခုံရုံးသို့ ပို့ဆောင်ရန် ဖြစ်သည်။

လက်ရှိအချိန်သည် နိုင်ငံတော်၏ ဂုဏ်သိက္ခာအတွက် We Stand For Justice တရားမျှတမှုနှင့် အမှန်တရားအတွက် ရပ်တည်ကြောင်း ပြသရန် အချိန်ကျရောက်ပြီဖြစ်ပါကြောင်း ရန်ကုန်ခေတ်သစ်က အသိပေးနှိုးဆော်အပ်ပါသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com