Editorial political news

လူသားမျိုးနွယ်အပေါ် ကျူးလွန်သော စစ်ရာဇဝတ်မှုများကို မကာကွယ်ဘဲ ဝန်ခံတာဝန်ယူခြင်းဖြင့် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံ့ဂုဏ်သိက္ခာကို ဆယ်တင်ပါ

အယ်ဒီတာ့အာဘော်

လူသားမျိုးနွယ်အပေါ် ကျူးလွန်သော စစ်ရာဇဝတ်မှုများကို မကာကွယ်ဘဲ ဝန်ခံတာဝန်ယူခြင်းဖြင့် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံ့ဂုဏ်သိက္ခာကို ဆယ်တင်ပါ

ကုလသမဂ္ဂတရားရုံး International Court of Justice မှာ အစ္စလမ်နိုင်ငံများအဖွဲ့ OIC ကိုယ်စား ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲဆိုထားတဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင် ကိုင်တွယ် ရင်ဆိုင်ဖြေရှင်းမယ်လို့ မြန်မာအစိုးရက နိုဝင်ဘာလ ၂၀ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားကို ကာကွယ်ရန်အတွက်လို့ အစချီထားတဲ့ ဒီသတင်းထုတ်ပြန်မှုဟာ ခေါင်းဆောင်တစ်ဦးအနေနဲ့ ကျလာတဲ့ တာဝန်ကို တာဝန်ခံမှု တာဝန်ယူမှု အပြည့်နဲ့ ဦးဆောင်ဦးရွက်ပြုတာမို့ ကြိုဆိုရမှာပါ။ အရေးကိစ္စတစ်ခုကို သတ္တိကြောင် ရှောင်လွှဲခြင်းမရှိတဲ့ နိုင်ငံ့ခေါင်းဆောင်တစ်ဦး မြန်မာပြည်မှာရှိတယ်ဆိုတဲ့ သမိုင်းကောင်း တစ်ခု အဖြစ် ကမ္ဘာ့အလယ်မှာ မှတ်တမ်းဝင်နိုင်ခဲ့ပါပြီ။

သို့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ICJ မှာ သွားရောက် တရားရင်ဆိုင်တဲ့အခါ မြန်မာနိုင်ငံမှာ အကြိမ်ကြိမ် ပြောခဲ့သလို ရခိုင်ဒေသမှာ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေ မရှိခဲ့ဘူး ဆိုတဲ့ ငြင်းပယ်မှု မျိုးတွေကိုပဲ ပြောနေလို့မရပါဘူး။ ဘူးတစ်လုံး အိုဆောင် မဆင်းရဲဆိုတဲ့ မြန်မာစကားအတိုင်း နိုင်ငံတကာတရားရုံးမှာလည်း ဘူးခံနေလို့မရပါဘူး။

ရခိုင်ပြည်နယ်မှာ လူသားမျိုးနွယ်အပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ အကြီးအကျယ် လုပ်ဆောင်ခဲ့တယ်။ ဒီလုပ်ဆောင်မှုတွေကြောင့် လူနည်းစု မွတ်စလင် ၁ သန်းနီးပါးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရတယ် ဆိုတဲ့ အလွန်အကျဉ်းတန်တဲ့ စက်ဆုပ်ဖွယ်ရာ လုပ်ရပ်တွေကို ရှိခဲ့တယ်၊ ဖြစ်ခဲ့တယ်ဆိုတာ ဝန်ခံဖို့လိုပါတယ်။

သာဓကအားဖြင့် – အင်းဒင်အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု၊ ဂူတာပြင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေဟာ နှစ်များစွာကြာလာတာနဲ့အမျှ ကျူးလွန်ခဲ့ပါတယ်ဆိုတဲ့ ဝန်ခံမှုတွေ လုပ်ဆောင်လာရပါပြီ။ ဒီဖြစ်စဉ်တွေကို တကယ် ကျူးလွန်ခဲ့တာ စစ်တပ်ပါ။ စစ်တပ်ဟာ အရပ်သားအုပ်ချုပ်မှုအောက်မှာ မရှိပေမယ့်လည်း အစိုးရအနေနဲ့လည်း တစ်စိတ်တစ်ပိုင်းတာဝန်ရှိပြီး လူသားမျိုးနွယ်ကို ကာကွယ်ဖို့ ပျက်ကွက်ခဲ့တယ်ဆိုတာကိုလည်း ဝန်ခံရပါလိမ့်မယ်။

ICJ မှာ ရင်ဆိုင်ပြီး ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေအတွက် မြန်မာနိုင်ငံတော်ကြီးဟာ တာဝန်ယူမှု တာဝန်ခံမှုနဲ့ နောင် ဒီလို ဖြစ်စဉ်မျိုး မဖြစ်အောင် ကမ္ဘာကြီးနဲ့အတူ ရပ်တည်ပြီး လူသားတွေကို တန်ဖိုးထားမယ်၊ ဒီမိုကရေစီ တန်ဖိုးထားမယ် ဆိုတဲ့ ရပ်တည်ချက်မျိုးနဲ့ ဒေါ်အောင်ဆန်းစုကြည် အမှု ရင်ဆိုင် အနိုင်ယူဖို့ မျှော်လင့်မိပါတယ်။

ICJ မှာ တရားစွဲဆိုထားမှုဟာ လူသားအချင်းချင်းအပေါ် ရက်စက်မှု ကျူးလွန်ခဲ့တဲ့ စစ်ခေါင်းဆောင်နဲ့ ကျူးလွန်သူတွေကို အဓိကပစ်မှတ်ထားတာဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ စစ်ရာဇဝတ်မှု ကျူးလွန်သူတွေကို ဖော်ထုတ်နိုင်မှာပါ။ မြန်မာနိုင်ငံဟာလည်း ဒီလို ရက်စက်တဲ့ စစ်ရာဇဝတ်မှုတွေကို နှုတ်ဆိတ်မနေပါဘူးဆိုတာကို ပြသရမယ့် အချိန်လည်းဖြစ်ပါတယ်။

အခုအချိန်ဟာ မလုပ်ခဲ့ဘူး၊ မရှိခဲ့ဘူးဆိုပြီး ဘူးကွယ် ငြင်းဆိုရမယ့် အချိန်မဟုတ်ဘဲ ပူးပေါင်းဖြေရှင်းခြင်းဖြင့် နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ဆယ်တင်ရမယ့် အချိန်လည်းဖြစ်ပါတယ်။အပြစ်ကျူးလွန်ထားသူတွေ၊ မကာကွယ်သင့်သူတွေကို ဆက်ပြီး ကာကွယ်မယ်ဆိုရင် နိုင်ငံတော်နဲ့ နိုင်ငံသူ နိုင်ငံသားတွေပါ အကြီးအကျယ် ထိခိုက်ဆုံးရှုံးနစ်နာမှုတွေ ကြုံလာရပါလိမ့်မယ်။

ICJ မှာ တရားစွဲဆိုတာဟာ မြန်မာနိုင်ငံသားတွေကို တရားစွဲဆိုတာမဟုတ်ဘဲ စစ်ရာဇဝတ်မှု ကျူးလွန်သူတွေကိုသာ အဓိက ထား တရားစွဲဆိုတာဖြစ်လို့ ဒီလို ကျူးလွန်သူတွေကို ဖော်ထုတ်ခြင်းဖြင့် နာမည်ဆိုးဖြစ်နေတဲ့ နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ဆယ်တင်ဖို့နဲ့ နိုင်ငံတော်ကို ကယ်တင်ဖို့ အချိန်ကျရောက်ပြီလို့ ရန်ကုန်ခေတ်သစ်က မီးမောင်းထိုးပြလိုပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com