All News Local News

လူထုကို ထာဝစဉ် လှည့်ဖြား၍ မရဆိုသော ဒေါ်အောင်ဆန်းစုကြည်သတိပေးချက် NLD အမျိုးသားနေ့ အောင်ပွဲ ကြေညာချက်တွင် ဖော်ပြ

လူထုကို ထာဝစဉ် လှည့်ဖြား၍ မရဆိုသော ဒေါ်အောင်ဆန်းစုကြည်သတိပေးချက် NLD အမျိုးသားနေ့ အောင်ပွဲ ကြေညာချက်တွင် ဖော်ပြ

ရန်ကုန်၊ နိုဝင်ဘာ ၂၁

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLD က ယနေ့ ကျရောက်သည့် ၉၉ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ကြေညာချက် ထုတ်ပြန်ရာတွင် လူထုကို ထာဝစဉ် လှည့်ဖြားလို့ မရသော ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းကို ကိုးကား၍ ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားရေးစိတ်ဓာတ်နိုင်ငံရေးနှင့် အသင်းအဖွဲ့ စိတ်ဓာတ်နိုင်ငံရေး လုပ်ဆောင်ချက် မတူညီသည့်အတွက်ကြောင့် လူထုကိုကြာကြာလှည့်ဖြားလို့မရကြောင်း ဟု ပြောဆိုထားပြီး ယင်းသတိပေးပြောဆိုချက်ကို NLD ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။

“အမျိုးသားအောင်ပွဲနေ့ အခါသမယဟာ အမျိုးသားရေးစိတ်ဓာတ်ကို ပြန်လည်သတိရသုံးသပ်ဖို့ အသင့်တော်ဆုံးအချိန် ဖြစ်ပါတယ်။ အမျိုးသားရေးစိတ်ဓာတ်နဲ့ လုပ်တဲ့ နိုင်ငံရေးနဲ့ အသင်းအဖွဲ့ စိတ်ဓာတ်နဲ့ လုပ်တဲ့ နိုင်ငံရေးဆိုတာ ဘယ်လိုမှမတူနိုင်ပါဘူး။ ဘယ်လိုစိတ်ဓာတ်နဲ့ နိုင်ငံရေးလုပ်တယ်ဆိုတာ ကြာကြာဖုံးကွယ်ထားလို့လည်း မရပါဘူး။ လူထုထဲကအချို့ကို ထာဝစဉ်လှည့်ဖြားလို့တော့ရမယ်။ လူထုအားလုံးကို ကာလအပိုင်းအခြားတစ်ခုအထိလှည့်ဖြားထားလို့ရမယ်။ လူထုအားလုံးကို ထာဝစဉ်လှည့်ဖြားလို့တော့ မရဘူးဆိုတာ နိုင်ငံရေးလုပ်သူအားလုံး မှတ်သားထားရမယ့် နိယာမတရားဖြစ်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က သတိပေးပြောဆိုထားသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

NLD ကြေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည်က ၁၉၂ဝပြည့်နှစ် ကျောင်းသား၊ ကျောင်းသူများ မည်သည့်အတွက်ရုန်းကန်ခဲ့သည်ကို ပြန်လည်စဉ်းစားကြည့်သင့်ကြောင်း၊ အဓိက အမျိုးသားအမြင်ဖြစ်ကာ ပညာသည် ကျွန်စိတ်မွေးရန်မဟုတ်ကြောင်းနှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်သည့် လူမျိုးများ၏ စိတ်ဓာတ်ကို မွေးပေးရန်ဆိုသည့် အသိဉာဏ်အမြင်ဖြင့် တိုက်ပွဲဝင်ခဲ့သည်ကို မြင်တွေ့ရကြောင်းပြောဆိုထားသည်ဟု ဆက်လက်ဖော်ပြထားသည်။

ယနေ့ နိုဝင်ဘာလ ၂၁ရက်နေ့တွင် ကျရောက်သော အမျိုးသားနေ့သည် ၁၉၂ဝပြည့်နှစ် အမျိုးသားပညာရေး ဆိုင်ရာ လွတ်လပ်စွာ ရွေးချယ်ခွင့် မရှိခြင်း၊ ဗြိတိသျှကိုလိုနီ ကျွန်ပညာရေးစနစ်နှင့် ရန်ကုန်တက္ကသိုလ်အက်ဥပဒေကြမ်းကို ရန်ကုန်တက္ကသိုလ်ကျောင်းသားများက ဦးဆောင်ကန့်ကွက်ရှုတ်ချ သပိတ်မှောက်ခဲ့သည့် ပထမကျောင်းသားသပိတ် နေ့ထူးနေ့မြတ် အောင်ပွဲနေ့တစ်ခုလည်းဖြစ်သည်

၉၉ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ယနေ့ နိုဝင်ဘာလ ၂၁ရက်နေ့က ရန်ကုန်တိုင်း ဗဟန်းမြို့နယ်အတွင်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရုံးချုပ်တွင် ပြုလုပ်ခဲ့သည်။

Photo Credit – Getty Image

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts