All News interview Local News Peace

လက်နက်ငယ်များကို ပြည်ပ အားကိုးစရာမလိုဘဲ မြန်မာ့တပ်မတော်က အလုံးစုံ ကိုယ်တိုင်ပြည်တွင်းတွင် ထုတ်လုပ်နိုင်ပြီဟုဆို

လက်နက်ငယ်များကို ပြည်ပ အားကိုးစရာမလိုဘဲ မြန်မာ့တပ်မတော်က အလုံးစုံ ကိုယ်တိုင်ပြည်တွင်းတွင် ထုတ်လုပ်နိုင်ပြီဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၁၈

ထိုင်းနိုင်ငံတွင် နိုဝင်ဘာ ၁၈ မှ ၂၁ ရက်နေ့အထိ ကျင်းပပြုလုပ်သော Defense and Security 2019 ပြပွဲတွင် မြန်မာ့တပ်မတော်က လက်နက်ငယ်များ ပါဝင်ပြသခြင်းဖြင့် လက်နက်ငယ်များကို ပြည်ပ အားကိုးစရာမလိုဘဲ ပြည်တွင်းအပြည့်အ၀ အလုံးစုံ ထုတ်နိုင်ပြီဖြစ်သည်ကို ပြသလိုက်ခြင်းဖြစ်ကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ ဒေါက်တာနိုင်ဆွေဦးက ပြောဆိုသည်။

ထိုင်းနိုင်ငံတွင် နိုဝင်ဘာ ၁၈ မှ ၂၁ ရက်နေ့အထိ ကျင်းပပြုလုပ်သော Defense and Security 2019 ပြပွဲတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်လျက်ရှိပြီး လက်နက်ငယ်အမျိုးအစားများကို ပြသထားကြောင်း ၎င်းက ဆိုသည်။

ရန်ကုန်ခေတ်သစ်က သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒေါက်တာနိုင်ဆွေဦးကို ဆက်သွယ်မေးမြန်းထားပါသည်။

ဒေါက်တာနိုင်ဆွေဦး ( သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့)

မေး။ ။ တပ်မတော်က ထိုင်းနိုင်ငံပြပွဲမှာ ပြသထားတဲ့ လက်နက်တွေက ဘယ်လိုလက်နက်အမျိုးအစားတွေကိုပြထားတာလဲ။

ဖြေ။ ။ ကျွန်တော်ကတော့ ဓာတ်ပုံတွေပဲကြည့်ပြီးတော့မြင်ရတာဆိုတော့ အတိအကျတော့ မပြောတတ်ဘူး။ အများစုအားဖြင့်တော့သူက လက်နက်ငယ်တွေဖြစ်တယ်ပေါ့လေ။ အဲမှာပြထားတာကတော့ အနည်းဆုံး၁ဝမျိုးလောက်တော့ရှိမယ်လို့ယူဆရတယ်။ ပုံတွေအရပေါ့။ အဲလိုတော့တွေ့ပါတယ်။ လက်နက်ငယ်တွေပဲဖြစ်ပါတယ်။

မေး။ ။ ပြပွဲတောင်ပြသတယ်ဆိုတော့ စီးပွားဖြစ်ထုတ်ရောင်းဖို့အတွက်လား။

ဖြေ။ ။ ဒါကတော့ အတိအကျပြောဖို့တော့ ခက်တယ်ပေါ့ဗျာ။ ဘာဖြစ်လို့လည်းဆိုတော့ ကမ္ဘာပေါ်မှာ လက်နက်ဈေးကွက်ကလည်း အကြီးကြီးဖြစ်တယ်။ ပြီးတော့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အာဆီယံနိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း၊ စင်္ကာပူနိုင်ငံတို့ကလည်း ကိုယ်ပိုင်ထုတ်ပြီးတော့မှ ပြင်ပဈေးကွက်တွေမှာ ရောက်နေတဲ့ အနေအထားမျိုးတွေရှိတယ်ပေါ့လေ။ ပြီးတော့ ဗီယက်နမ်နိုင်ငံဆိုရင်လည်း သူ့ဘာသာကိုယ်ပိုင်စက်ရုံတွေ ရှိကျတယ်ဆိုတော့ ဒါကမိမိနိုင်ငံအခြေအနေအရ လက်နက်ဈေးကွက်တွေရှာဖို့လည်းဖြစ်နိုင်တယ်။

ဒါကပထမအချက် နောက်တစ်ချက်ကတော့ ကျွန်တော်တို့နိုင်ငံက ခေတ်မှီလက်နက်တွေ ထုတ်လုပ်နေနိုင်ပြီဆိုတာကို ဒါကနိုင်ငံတကာကိုပြသလိုတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် တကယ်တမ်းရောင်း မရောင်းရဆိုတာကလည်းမသိနိုင်ဘူး။ ဒါပေမယ့်လည်း ရောင်းဖို့အတွက်လည်း ရည်ရွယ်ချက်ရှိနိုင်တယ်လို့လည်းသုံးသပ်လို့ရပါတယ်။

မေး။ ။ မြန်မာနိုင်ငံရဲ့ လက်နက်တွေက အာဆီယံနိုင်ငံတွေမှာ ဘယ်အဆင့်ရောက်နေပြီလဲ။

ဖြေ။ ။ ကမ္ဘာနိုင်ငံတွေက စစ်အင်အားတွေ နှိုင်းယှဉ်တာတွေတော့ရှိတယ်ပေါ့လေ။ အဖွဲ့အစည်းတွေကနှိုင်းယှဉ်ပြတာတော့ရှိတယ်။ ဒါပေမယ့်လည်း လက်နက်ထုတ်တဲ့ဟာကို သိပ်နှိုင်းယှဉ်ပြတာလည်းမတွေ့ရဘူး။ ဒါပေမယ့်လည်းကျွန်တော်တို့က အရှေ့တောင်အာရှနိုင်ငံတွေဆိုရင်လည်း ကိုယ်ပိုင်လက်နက်ထုတ်လုပ်နိုင်တဲ့ စွမ်းအင်တွေရှိနေကြပြီ။ ထုတ်ပြီးရောင်းနေတာကိုလည်းတွေ့ရတယ်။

နောက်ပြီးတော့ မြန်မာနိုင်ငံအနေနဲ့ကလည်း ဟိုယခင်တည်းက မိမိတပ်မတော်အတွက် လက်နက်ငယ်တွေကို မိမိကိုင်တိုင်ထုတ်လုပ်ပြီး ကိုင်နေတာဖြစ်တယ်။ လက်နက်ငယ်တွေနဲ့ ပတ်သက်ရင်ပြင်ပကိုသိပ်အားကိုးစရာမလိုတဲ့ အနေအထားမျိုးရှိတယ်ပေါ့လေ။ အခုအခြေအနေမှာဆိုရင် ခုကိုင်ဆောင်တဲ့လက်နက်တွေက ပိုပြီးခေတ်မှီတဲ့အနေအထားမျိုးပြတာ ခေတ်မှီတဲ့လက်နက်မျိုးတွေမြင်တွေ့နေရတာ လက်ရှိပြပွဲမှာဆိုတော့ အဆင့်အတန်းတစ်ခုတော့ ခေတ်မှီတဲ့လက်နက်တွေ ထုတ်လုပ်နိုင်တဲ့အနေအထားတစ်ခုတော့ ရောက်နေပြီလို့တော့ သုံးသပ်တယ်။ Ranking တော့ပြောဖို့တော့မလွယ်ဘူးပေါ့။

မေး။ ။ လက်ရှိပြသထားတဲ့လက်နက်တွေက ဈေးနှုန်းဘယ်လောက်ရှိလဲ။

ဖြေ။ ။ တစ်မျိုးနဲ့ တစ်မျိုးမတူတဲ့အမျိုးမျိုးတော့ရှိမယ်။ သူတို့လည်းဈေးနှုန်း ဖော်ထုတ်ပြထားတဲ့မတွေ့တော့ ကျွန်တော်တို့လည်း အတိအကျမသိပါဘူး။

Photo Credit – သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com