All News interview

ရိုဟင်ဂျာကိစ္စ ကိုင်တွယ်မှု မိုက်ကမ်းညံ့ဖျင်းမှုကြောင့် မြန်မာအစိုးရ ICJ တွင် တရားစွဲဆိုခံရ၊ ကမ္ဘာ့အလယ် နာမည်ဆိုးကို မျိုးဆက်နှင့်ချီ၍ ရှင်းရမည်ဟုဆို

ရိုဟင်ဂျာကိစ္စ ကိုင်တွယ်မှု မိုက်ကမ်းညံ့ဖျင်းမှုကြောင့် မြန်မာအစိုးရ ICJ တွင် တရားစွဲဆိုခံရ၊ ကမ္ဘာ့အလယ် နာမည်ဆိုးကို မျိုးဆက်နှင့်ချီ၍ ရှင်းရမည်ဟုဆို

တပ္ပဒီပအင်စတီကျူဒါရိုက်တာလည်းဖြစ်၊ နိုင်ငံတကာရေးရာ ကျွမ်းကျင်သူလည်းဖြစ်သူ ဒေါက်တာခင်ဇော်ဝင်းနှင့်ဆက်သွယ်မေးမြန်းချက်

By အောင်သက်ဝိုင်း/ရန်ကုန်ခေတ်သစ်

ရခိုင်ပြည်နယ်မှ လူနည်းစု မွတ်စလင်များအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်သည်ဟုဆိုကာ ဂမ်ဘီယာနိုင်ငံက OIC ၅၇ နိုင်ငံကိုယ်စား မြန်မာနိုင်ငံကို ကုလသမဂ္ဂတရားရုံး ICJ တွင် တရားစွဲဆိုလိုက်သည်။

ယင်းတရားစွဲဆိုမှုကြောင့် ဖြစ်လာနိုင်သော နောက်ဆက်တွဲ အခြေအနေများကို ရန်ကုန်ခေတ်သစ်က တပ္ပဒီပအင်စတီကျူဒါရိုက်တာလည်းဖြစ်၊ နိုင်ငံတကာရေးရာ ကျွမ်းကျင်သူလည်းဖြစ်သူ ဒေါက်တာခင်ဇော်ဝင်းကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ICJ မှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲဆိုထားတဲ့အခြေအနေကို ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ ICJ ကိုယ့်အနေနဲ့က ဖြစ်မယ်ဆိုတာ သိနေပြီးသားပဲ။ ဂမ်ဘီယာက ဒါကို ပြင်ဆင်နေတယ်ဆိုတာ ပြီးခဲ့တဲ့ လပိုင်းအတွင်းကကို သိတယ်။ ICJ နဲ့ ICC ဆိုတာ မတူဘူးဆိုတာ သိဖို့လိုတယ်နော်။ ICC က Rome Statute ကို လက်မှတ်ထိုးမထားဘူး ဘာမှ လုပ်လို့ မရဘူးလို့ ထင်နေတာ ။ မဟုတ်ဘူး လုပ်လို့ရတယ်ထင်နေကြတာ။ လုပ်လို့လည်း ရတယ်။ သူတို့လည်း သတင်းအချက်အလက်စုနေပြီ။

ICJ ကတော့ UN တရားရုံးဖြစ်တဲ့အတွက် UN နိုင်ငံတွေအားလုံးဟာ အကျူံးဝင်တယ်။ အဲဒါက ရှောင်လို့မရဘူး။ သူရဲ့ Charter ထဲမှာ နိုင်ငံတစ်နိုင်ငံက အခြားနိုင်ငံတစ်နိုင်ငံကို အကြောင်းတစ်ခုခုနဲ့ တရားစွဲလို့ရတယ်ဆိုတာ ပါတယ်ဗျာ။

အဲဒီတော့ ICJ အနေနဲ့က ကိုယ်တို့ သိရသလောက် က ပထမဆုံးအကြိမ်ပဲ။ ဂမ်ဘီယာက လုပ်ပြီ။ တချို့ကလည်း ပြောကြတယ် ဂမ်ဘီယာကို မြှောက်ပေးတဲ့သူရှိလားတဲ့။ ရှိ ရှိ မရှိ မရှိလေ။ သူလည်း အချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံလေးတစ်ခုပဲ။ သူ့အနေနဲ့ ဒီဥစ္စာကို ကောက်ယူပြီးတော့ လုပ်နေပြီ။ UN ဖြစ်တဲ့အတွက် မြန်မာပြည်ကလည်း ပါတဲ့အတွက် ဆိုတဲ့အခါကျတော့ ဒါကို ဘယ်လိုတုံ့ပြန်မလဲဆိုတာကတော့ ပြောရတာ နည်းနည်းခက်တယ်။

ဘာနဲ့သွားတူနေလဲဆိုတော့ ၁၉ ရာစုက မြန်မာပြည်ဟာ အင်္ဂလိပ်နဲ့ ၃ ကြိမ် စစ်ပွဲ ဆင်နွှဲခဲ့ရတယ်။ ၃ ကြိမ်စလုံး ရှုံးတယ်။ ဘာကြောင့်လဲ။ စစ်လက်နက် ပစ္စည်းတွေ လူအင်အားတွေကွာခြားတာ ထားဦး။

မြန်မာပြည်ရဲ့ ပင်လယ်ကြီး အလွန်မှာ ကမ္ဘာကြီးက ဘယ်လိုလည်ပတ်နေလဲဆိုတာ တကယ်နားလည်ရဲ့လား။ မန္တလေးနေပြည်တော်က ။အခု အဲဒီအတိုင်းကို ဖြစ်နေပြီ။ ပြောမယ်ဆိုလို့ရှိရင် ၂၁ ရာစုကျမှ ဒါမျိုး ဒီဥစ္စာ ဘာလို့ ဖြစ်ရတာလဲ။ ကြိုတင်ကာကွယ်လို့မရဘူးလား။ ၁၉ ရာစုကတော့ ထားလိုက်ပါတော့။ ကိုယ်ကလည်း အမျိုးမျိုးနောက်ကျနေတာ။

ပြောမယ်ဆိုလို့ရှိရင် ထိုင်းတို့ဘာတို့က မြန်မာပြည် အမှားကို သိပြီးတော့ သူတို့ဟာ သူတို့ နိုင်ငံ ထူထောင်လိုက်တာ။ အခု ၂၁ ရာစုကျခါမှ တကျော့ပြန်ဘာလို့ ဖြစ်ရတာလဲ။ မြန်မာလူမျိုးအားလုံးအနေနဲ့က ရှက်စရာ တော်တော်ကောင်းတယ်နော်။ အဲဒီတော့ ICC ကလည်း လုပ်နေပြီ။ နေပြည်တော်က အကိုကြီးတွေ အမကြီးတွေနဲ့ တစ်ခုခုကိုသာ စဉ်းစားပေတော့ပဲ။

မေး။ ။ ICJ က တရားစီရင်မယ်ဆိုတော့ သက်ရောက်မှုအပိုင်းက ဘာတွေ စဖြစ်လာမလဲ။

ဖြေ။ ။ တရားစီရင်ခံရပြီဆိုကတည်းက ကိုယ်ပြောမယ်။ ICJ အနေနဲ့ ကြုံရတာက ပထမဆုံးအကြိမ်ပဲ။ အရင်တုန်းက ICJ က စီရင်ရတာက တိုင်းပြည်တစ်ခုနဲ့ တစ်ခု နယ်နမိတ်ပြဿနာတို့၊ အခုဟာက Genocide ပတ်သက်ပြီးတော့ တင်တာ ။

ICJ အနေနဲ့ကလည်း အချိန်ယူပြီးတော့ တုံ့ပြန်ရလိမ့်မယ်။ အခုတော့ရှိနေပါပြီလေ။ မြန်မာပြည်အနေနဲ့ ကမ္ဘာ့အလယ်မှာ ခေတ်အဆက်ဆက် တော်တော်လေးကို နာမည်ဆိုးနဲ့ ဖြတ်သန်းခဲ့ရတဲ့ နိုင်ငံတစ်ခုပါ။ စစ်အစိုးရမို့ုလို့ပေါ့ကွာ။ အခု ဒီမိုကရေစီ အစိုးရမှာလည်း ထိုနည်းလည်းကောင်း ဖြစ်နေတယ်။ တိုင်းပြည်ရဲ့ ကံကြမ္မာပဲပြောမလား။ ကမ္ဘာမှာလည်း မကြုံစဖူးကိစ္စတွေ ဖြစ်လာတယ်။

UN Charter တွေ အဖွဲ့အစည်းတွေအနေနဲ့လည်း ကြည့်မယ်ဆိုလို့ရှိရင်လည်း ဒါတွေက ဘောင်ဝင်တယ်နော်။ ကျော်ပြီးလုပ်တာမဟုတ်ဘူး။ အရင်တုန်းက မရှိပါဘူး။ မဖြစ်ပါဘူး။ ဒါတွေက အလကားပါ။ မဟုတ်က ဟုတ်က တွေ သတင်းလွှင့်နေပါတယ်။ အခုပေါ်လာပြီလေ။ ICJ ကိစ္စ၊ ဂမ်ဘီယာကိစ္စကို မဟုတ်တမ်းတရားလို့ပြောမလား။ ဘယ်သူပြောရဲလဲ။ နေပြည်တော်က ICJ ကိစ္စ ဘယ်သူပြောရဲလဲ။ ဒါဟာ Fake News ပါလို့ ဘယ်သူပြောရဲလဲ။

ဒီကိစ္စက စပြီး ကိုယ်တွယ်ကတည်းကကို စလွဲတယ်။ ကိုယ်က အတန်တန်ကိုယ့်ကို အင်တာဗျူးလုပ်ကတည်းက ပြောတယ်။ ကုလသမဂ္ဂကို အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်ပါ။ ထွက်ပေါက်က ဒါပဲရှိတယ်ဆိုတာကို။ မဟုတ်ဘူးဗျာ။ ရန်ဟီလီလည်း မလာရဘူး။ Independent Fact Finding Mission လည်းမလာရဘူး။ ဟိုလူလည်းမလာရ၊ ဒီလူလည်းမလာရ။ပြီးတော့ ဂျနီဗာတို့ ဘာတို့ သွားပြီးတော့ တောင်ပြော မြောက်ပြောနဲ့ အင်မတန်ကို ရှက်စရာကောင်းတယ်နော်။

ကိုယ်တို့ နှစ်ပေါင်းများစွာ မျှော်လင့်ခဲ့ရတဲ့ ဒီမိုကရေစီအစိုးရ၊ ကိုယ်တို့ အသက်ပေါင်းများစွာ စတေးပြီးမှ ရခဲ့ရတဲ့ ဒီမိုကရေစီအစိုးရ Really Fool ပဲ။ ဘယ်လိုမှ ယုံကြည်အားကိုးပြီးတော့ မျှော်လင့်စရာအကြောင်းမရှိဘူး။ ရှက်စရာကောင်းတယ်။ အဲဒီတော့ ကိုယ်ပြောမယ် မီဒီယာတို့ CSO တို့ ရှေ့နေတို့ Human Rights Activist တို့က ဝင်ရတော့မယ် ဒီကိစ္စမှာ။ မြေးတွေ မြစ်တွေကို ဘယ်လို မျက်နှာပြမလဲ။ အခုက အစိုးရနဲ့ စစ်တပ်ဆိုတဲ့ ကိစ္စမဟုတ်တော့ဘူး။

မြန်မာပြည်၊ မြန်မာလူမျိုးဆိုတဲ့ဟာကြီး တစ်ခုလုံးကို ထိခိုက်နေပြီ။ တော်တော်လေး လေးနက်ပါတယ်။ အရင်ကကိုက လွဲခဲ့ပြီ။ ကုလသမဂ္ဂကိုလည်း မဟုတ်ပါဘူးဆိုပြီး ငြင်းခဲ့တယ်။ ၁၉ ရာစုက မန္တလေး နန်းတော်ကြီးမှာနေပြီးတော့ ကမ္ဘာကြီးအကြောင်းမသိလို့ မျက်စိတ်မှိတ် နားပိတ်နေခဲ့တာ တစ်မျိုးပေါ့ကွာ။ အခုက ၂၁ ရာစုနော်။ နေပြည်တော်မှာ ။ နိုင်ငံခြားသွားပြီးတော့ အင်္ဂလန်ပြန်တွေ တပုံကြီးပဲလေ။ သံအမတ်တွေ အကြံပေးတွေ ဝန်ကြီးတွေ ခန့်ထားတာလေ။ ဒီလူတွေက လခယူပြီး ဘာလုပ်နေတာလဲ။

နောက်လာမယ့် မျိုးဆက်သစ်တွေကို ကိုယ်တို့ ဘယ်လို မျက်နှာပြမလဲ။ ဒီလိုခေတ်မှာ ဒါဖြစ်ရတာ အင်မတန်ကို ရုပ်ဆိုးပါတယ်။

မေး။ ။ ICJ ဘက်က ဘယ်လိုကိုင်တွယ်မှုတွေ ရှိလာနိုင်လဲ။ မြန်မာနိုင်ငံအပေါ်မှာ။

ဖြေ။ ။ အရင်တုန်းကတော့ မြန်မာပြည်ကိစ္စကို လူ့အခွင့်အရေးကောင်စီက ကိုင်တယ်ပေါ့။ လွတ်လပ်တဲ့ အချက်အလက်စုဆောင်းရေး အဖွဲ့လည်းလုပ်ခဲ့တယ် ။ အဲဒါကို မြန်မာပြည်က ငြင်းလိုက်တယ်။ အခုက ICJ ထိ ရောက်သွားပြီ။

ICJ မှာ မြန်မာပြည်ကလည်း ပါနေပြီ။ သူတို့လာပြီးတော့ ဘာကိစ္စ ပဲဖြစ်ဖြစ်ေ ဆာင်ရွက်မယ်ဆိုရင် နေပြည်တော်မှာ ရှိတဲ့ အစိုးရက ဒါကို ငြင်းမလား။ အရင်က ငြင်းခဲ့ပြီ။ ငြင်းခဲ့လို့ တစ်ဆင့်တက်ခဲ့ပြီ။ ICJ ကို ငြင်းမလား။ ICJ ကတော့ လုပ်စရာရှိတာ လုပ်လိမ့်မယ်။ ရပ်ကွက်ထဲမှာ ရိုက်မှု ဖြစ်တာမဟုတ်ဘူး။ ကျေအေးလို့မရဘူး။ မြန်မာပြည်မှာ လွတ်လပ်တဲ့ တရားစီရင်ရေးမရှိဘူး။ အပေါ်က ပြောလိုက်လို့ရှိရင် Yes No ဖြစ်တယ်။

မြန်မာပြည်မှာ လွတ်လပ်တဲ့ တရားစီရင်ရေးမရှိဘူး။ ICJ မှာ ရှိတယ်။ Legal proceeding က သွားမှာပဲ။ သူတို့ အချိန်တွေ အများကြီးပေးထားတယ်နော်။ အခုဟာ နေပြည်တော်အစိုးရ မိုက်ကမ်းတာ ။ ကိုယ့်နိုင်ငံနဲ့ ပတ်သက်နေလို့ ရှင်းရှင်းလင်းလင်းပြောရမယ်လေ။ ထိပ်မှာနေပြီးတော့ ညံ့ဖျင်းတယ်ဆိုရင် ပြောရမှာပဲ။

ICJ အနေနဲ့ က စုံစမ်းမှာပဲ။ တွဲပြီးလုပ်မလား။ ခွဲပြီးလုပ်မလား။ သက်သေတွေကလည်းရှိပြီးပြီ။ မြန်မာပြည်မှာရှိတဲ့ ဟို Report ဒီReport နဲ့ ယှဉ်လို့ရမလား။ နောက်ဆုံးတော့ ICJ ဥပဒေကြောင်းအရ မစခင် စုံစမ်းမှာပဲ။ အဲဒါက အနည်းဆုံး ကြမ်းခင်းဈေးပဲ။

မေး။ ။ မြန်မာဘက်က ရင်ဆိုင်မယ်လို့ ပြောထားတော့ ဒီအခြေအနေက ICC လို ဘူးခံ မငြင်းတော့တာမဟုတ်ဘူးလား။

ဖြေ ။ ။မရှောင်သာ မလွှဲသာလေ။ ICC က ငြင်းလို့ရတယ်။ လက်မှတ်ထိုးမထားဘူး။ ဘယ်တော့မှလည်း ထိုးမှာမဟုတ်ဘူး။ ICJ မှာပါနေတယ်။ ငြင်းလို့မရဘူး။ ဟိုဘက်ကလည်း သေချာ စူးစမ်းလေ့လာပြီးတင်ရတာပါ။ သူတို့ကို မြန်မာပြည်ကို မကောင်းကြံတယ်လို့ မမြင်နဲ့။

မြန်မာပြည်ရဲ့ အနာဂတ် ပွင့်လင်းလာဖို့ ဆောင်ရွက်နေတာ ကျေးဇူးတောင် တင်ရဦးမယ်။ စီးပွားရေးတွေ၊ တက္ကသိုလ်တွေ၊ ပေါ်လစီတွေ ညံ့တာထားဦး။ ဒီလိုနေရာမှာ မကိုင်တွယ်တတ်ဘူး။ မကိုင်တွင်ချင်ဘူး။ အဲဒါကို သူများက လုပ်ပေးတာ ကျေးဇူးတင်ရမယ်။ မြန်မာပြည်အနေနဲ့ ရင်မဆိုင်လို့ မရဘူးလေ။ ICJ မှာ ပါနေတာကိုး။ ICC ပဲ မဲနေတာ။ ICJ ကတော့ ငြိနေပြီ။ မရင်ဆိုင်လို့လည်း မရဘူး။

မေး။ ။ ICJ မှာ တရားစွဲခံရတဲ့ သက်ရောက်မှုနဲ့ နောက်ဆုံး ဘယ်လိုအထိ ဖြစ်လာနိုင်လဲ။

ဖြေ။ ။ အခုတောင်မြင်နေရပါပြီ။ တရုတ်ဘက်ကို ပါသွားပြီ။ အနောက်နိုင်ငံတွေက ဖယ်ထားလို့ တရုတ်ဘက်ကို ရောက်သွားတယ် ဘာညာပေါ့လေ။ Reputation အနေနဲ့က ခံနေရပြီ။ လူတစ်ယောက်က ဘယ်လောက်ပဲ ချမ်းသာ ချမ်းသာ အမှုတစ်ခုဖြစ်လို့ တရားရင်ဆိုင်ရပြီဆိုကတည်းက ဘယ်သူက ပတ်သက်ချင်မှာလဲ။ ဒါက ဖြစ်နေပြီ။

နောက်ပိုင်း ဥပဒေ ပိုင်းအရ လာဦးမယ်။ UN က ဘာလုပ်မယ် ညာလုပ်မယ်။ ICC က ပုဂ္ဂိုလ်တွေကို ဦးတည်တာနော်။ ICJ က အစိုးရကို ဦးတည်တာ။ တပ်နဲ့ အရပ်ဘက် မခွဲတော့ဘူး။ အဲဒီမှာသွားပြီးတော့ ရင်ဆိုင်ရပြီဆိုကတည်းက သွားပြီ။ သိက္ခာဆိုတာ မရှိတော့ဘူး။ ခေတ်အဆက်ဆက် ကံဆိုးမိုးမှောင်ကျခဲ့ရတယ်။ ဒီမိုကရေစီအစိုးရဆိုတာ တခဲနက် ထောက်ခံမဲနဲ့ တက်ခဲ့တဲ့ အစိုးရပေမယ့် ဒီကိစ္စကို ကိုင်တွယ်တာ အင်မတန် အင်မတန်ကို ညံ့ဖျင်းပါတယ်။

အကျိုးဆက်တွေတေ့ ရင်ဆိုင်ရမှာပဲ။ ကံ ကံ၏ အကျိုးပဲ။ ဘယ်သူ့သွား ခြေထောက် ဖက်မလဲ။ ကိုယ့်မှာ အရည်အချင်းမရှိတော့ ခြေထောက်ဖက်ဖို့ ဝန်မလေးဘူး။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts